နေပြည်တော် စက်တင်ဘာ ၂၆
“ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic week forum)" ကို ယနေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ Atom Museum ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် “နည်းပညာသစ် မွေးဖွားခြင်းမှ ကမ္ဘာသစ်အမြင်ဆီသို့ (From a New Technological Rollout to a New Worldview)” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် မျက်နှာစုံညီထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်ဆွေးနွေးသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၊
အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ်၊ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတတို့အပါအဝင် နိုင်ငံတကာမှ
ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အဆင့်မြင့်အရာရှိကြီးများနှင့် တက်ရောက်လာကြသူများသည်
အခမ်းအနားကျင်းပပြုလုပ်မည့် Atom Museum သို့ ရောက်ရှိစုဝေးကြပြီး အချင်းချင်း ရင်းနှီးပွင့်လင်းစွာ
တွေ့ဆုံကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတနှင့်
တက်ရောက်လာကြသူများသည် Atom Museum အတွင်း လှည့်လည်ကြည့်ရှုလေ့လာ ကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင်
အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey
Likhachev နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် မျက်နှာစုံညီထိပ်သီးအစည်းအဝေးကို
စတင်ကျင်းပပြုလုပ်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း(ROSATOM)၏
ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev က အခမ်းအနားဖွင့်လှစ်ကြောင်းကြေညာပြီး
အခမ်းအနားကို ဦးဆောင်ကျင်းပသည်။ ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတH.E.
Vladimir Vladimirovich Putin က မိန့်ခွန်း ပြောကြားသည်။
ယင်းနောက် ဘယ်လာရုစ်သမ္မတနိုင်ငံ
သမ္မတ၊ အာမေးနီးယားနိုင်ငံဝန်ကြီးချုပ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ အီသီယိုးပီးယားဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ
ဝန်ကြီးချုပ်၊ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ညွှန်ကြားရေးမှူးချုပ်တို့အပါအဝင်
တက်ရောက်လာကြသည့် နိုင်ငံတကာမှ အစိုးရအဖွဲ့ အဆင့်မြင့်အရာရှိကြီးများနှင့် နျူကလီးယားစွမ်းအင်ဆိုင်ရာအဖွဲ့အစည်းများမှ
အကြီးအကဲများက မိန့်ခွန်းများ အသီးသီးပြောကြားကြသည်။
နိုင်ငံတော်ယာယီသမ္မတ
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မိန့်ခွန်းပြောကြားရာတွင်
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အဏုမြူလုပ်ငန်းများ၏ နှစ် (၈၀) ပြည့် အခမ်းအနားနှင့် ဆက်စပ်ကျင်းပသည့်
ယခုအပြည်ပြည်ဆိုင်ရာဖိုရမ် ကမ္ဘာ့အဏုမြူသီတင်းပတ်သည် နျူကလီးယားစွမ်းအင်နှင့် နျူကလီးယားနည်းပညာ၏
ကမ္ဘာ့စွမ်းအင်လိုအပ်ချက်၊ စိုက်ပျိုးရေး၊ ဆေးပညာနှင့် စက်မှုကဏ္ဍများအပေါ် အထောက်အကူပြုခဲ့သည့်သမိုင်းကြောင်းကို
ဖော်ပြပေးသည်သာမက အနာဂတ်နျူကလီးယားလုပ်ငန်းများအတွက် ရည်မှန်းချက်ကောင်းများကို ဆွေးနွေးမျှဝေပေးနိုင်မည့်
ဖိုရမ်တစ်ခုလည်း ဖြစ်ကြောင်း။
ယခုဖိုရမ်၏ ဆောင်ပုဒ်ဖြစ်သည့်
“အရာရာတိုင်းသည် အက်တမ်တစ်ခုမှ စတင်သည် (Everything starts with an atom.)” ဆိုသည့်အတိုင်း
မိမိတို့အပါအဝင် စကြာဝဠာကြီးထဲတွင်ရှိသည့် အရာဝတ္ထုများအားလုံးသည် အက်တမ်များနှင့်
ဖွဲ့စည်းထားခြင်းပင်ဖြစ်ကြောင်း။
အဆွေတော်တို့သိကြသည့်အတိုင်း
အက်တမ်၏ နျူကလိယပ်စ်ထဲက ကြီးမားသည့် နျူကလီးယားအားကို ထိန်းချုပ်အသုံးချနိုင်ခဲ့ခြင်းဖြင့်
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းအပြင် ဆေးပညာ၊ စိုက်ပျိုးရေးနှင့် စက်မှုကဏ္ဍများကို
များစွာဖွံ့ဖြိုးတိုးတက်စေခဲ့ကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသည်လည်း ဆိုဗီယက်ပြည်ထောင်စုကာလ
၁၉၅၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်မှစ၍ ကမ္ဘာ့ပထမဦးဆုံး နျူကလီးယားစွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးသည့်
နိုင်ငံတစ်ခုလည်းဖြစ်ကြောင်း၊ ယခုလက်ရှိတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် လောင်စာသစ်များကို
ထုတ်လုပ်ပေးနိုင်သည့် အမြန်နျူထရွန်သုံးနျူကလီးယားဓာတ်ပေါင်းဖို(Fast Breeder
Reactors) များကို အောင်မြင်စွာလည်ပတ်နိုင်သည့် တစ်ခုတည်းသော နိုင်ငံတစ်ခုလည်းဖြစ်ကြောင်း။
နှစ်ပေါင်း (၈၀) ကျော်ကာလအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ နျူကလီးယားကဏ္ဍကို အသိပညာ၊
ဆန်းသစ်တီထွင်မှုနှင့် ငြိမ်းချမ်းသော အဏုမြူဆိုင်ရာ သိပ္ပံပညာရပ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်
မီးရှူးတန်ဆောင်တစ်ခုအဖြစ် မယိမ်းယိုင်ဘဲ ခိုင်မြဲစွာ ပြောင်းလဲပေးခဲ့ကြသည့် သိပ္ပံပညာရှင်များ၊
အင်ဂျင်နီယာများ၊ မူဝါဒရေးဆွဲသူများနှင့် ရည်မှန်းချက်ကြီးမားသူများအားလုံးကို လှိုက်လှဲစွာဖြင့်
ချီးကျူးဂုဏ်ပြုစကား ပြောကြားလိုကြောင်း။
ကမ္ဘာ့စွမ်းအင်လိုအပ်ချက်သည်
နှစ်စဉ်တိုးတက်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) ၏ အစီရင်ခံစာအရ
၂၀၂၅ ခုနှစ်မှာ ၂၀၂၄ ခုနှစ်ထက် ၂.၂ % တိုးတက်လာသည်ကို တွေ့ရှိရကြောင်း၊ ယခုလက်ရှိတွင်
ကမ္ဘာ့စွမ်းအင်လိုအပ်ချက်၏ ၉ ရာခိုင်နှုန်းကို နျူကလီးယားစွမ်းအင်မှ ရယူလျက်ရှိပြီး
World Net-Zero Carbon Emissions အရ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များနှင့် နျူကလီးယားစွမ်းအင်ကို
ပူးတွဲအသုံးပြုရန်စီမံကိန်းများချမှတ် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ နျူကလီးယားစွမ်းအင်သည်
ကာဗွန်ထုတ်လွှတ်မှု နည်းပါးသည့် Green Energy တစ်ခုလည်းဖြစ်ပြီး တည်ငြိမ်လျှပ်စစ်စွမ်းအားကိုလည်း
ပေးစွမ်းနိုင်ကြောင်း။
ထို့အပြင် စိုက်ပျိုးရေးတွင်
နျူကလီးယားနည်းပညာများသည် ပို၍ဘေးကင်းလုံခြုံပြီး ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိသည့်
အစားအစာထုတ်လုပ်မှုကို ပံ့ပိုးပေးပါကြောင်း၊ မျိုးဗီဇပြောင်းလဲမွေးမြူခြင်းကဲ့သို့
အစီအစဉ်များသည် မိုးခေါင်ရေရှားမှု၊ ပိုးမွှားနှင့်ရောဂါများကို ခံနိုင်ရည်ရှိသည့်သီးနှံများကို
ထုတ်လုပ်ပေးခဲ့ပြီး မျိုးပွားနိုင်မှုမရှိသည့် အင်းဆက်နည်းပညာသည်လည်း ပိုးသတ်ဆေးအသုံးပြုမှုကို
လျှော့ချနိုင်စေခဲ့သကဲ့သို့ ဂေဟစနစ်များကို ကာကွယ်ပေးခြင်းနှင့် ရေရှည်တည်တံ့သည့် ရိတ်သိမ်းမှုများကို
ဖြစ်စေကြောင်း၊ မိမိတို့ကဲ့သို့ စိုက်ပျိုးရေးနိုင်ငံများအတွက် များစွာအကျိုးဖြစ်စေကြောင်း။
ဆေးပညာပိုင်းတွင်ဆိုပါက
ရေဒီယိုအိုင်ဆိုတုပ်များနှင့် နျူကလီးယားပုံရိပ်ဖော် နည်းပညာများသည် ရောဂါကိုရှာဖွေခြင်းနှင့်
ကုသခြင်းနည်းလမ်းများကို ပြောင်းလဲစေခဲ့ကြောင်း၊ ကင်ဆာရောဂါများကို စောစီးစွာသိရှိနိုင်ခြင်းနှင့်
ရေဒီယိုဓာတ်ရောင်ခြည်နည်းဖြင့် ကုသခြင်း (Radiotherapy) က ရရှိလာသည့် တိကျသည့် ပစ်မှတ်ထားကုသမှုတို့ကြောင့်
နှစ်စဉ်နှစ်တိုင်း သန်းနှင့်ချီသည့် အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပြီး မရေမတွက်နိုင်သော
လူပေါင်းများစွာ၏ ဘဝများကို ပိုမိုကောင်းမွန်စေခဲ့ကြောင်း၊ နျူကလီးယားဆေးပညာသည် လူသားမျိုးနွယ်အတွက်
သိပ္ပံပညာအစွမ်းဖြင့် ဝန်ဆောင်မှုပေးနိုင်ခြင်း၏ ဥပမာတစ်ရပ်ဖြစ်ကြောင်း၊ နျူကလီးယားစွမ်းအင်ကို
ငြိမ်းချမ်းသည့်ရည်ရွယ်ချက်ဖြင့် နယ်ပယ်အသီးသီးတွင် အသုံးချပါက လူသားမျိုးနွယ်အတွက်
များစွာအကျိုးပြုကြောင်း၊
မြန်မာနိုင်ငံသည်
နျူကလီးယားစွမ်းအင်အသုံးပြုနိုင်ရေးအတွက် ၂၀၂၂ ခုနှစ်ကစ၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊
နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) နှင့် ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာများ
လက်မှတ်ရေးထိုးပြီး နျူကလီးယား စွမ်းအင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်ခဲ့ခြင်းသည်
နျူကလီးယား စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်စတင်ချနိုင်ခဲ့ခြင်း ဖြစ်ကြောင်း။
၂၀၂၃ ခုနှစ်၊
ဖေဖော်ဝါရီလ၌ ရန်ကုန်မြို့တွင် နျူကလီးယားနည်းပညာသတင်း အချက်အလက်စင်တာကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊
ထို့ကြောင့် နျူကလီးယားနယ်ပယ်တွင် အတွေ့အကြုံကြွယ်ဝပြီး ထိပ်တန်းဖြစ်သည့် ရုရှားနိုင်ငံနျူကလီးယားစက်ရုံနှင့်
နည်းပညာအပေါ် မီဒီယာမျိုးစုံနှင့်ပြည်သူလူထုပိုမိုနားလည် သဘောပေါက်စေရန် ဆောင်ရွက်နိုင်ခဲ့ကြောင်း။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊
“ROSATOM” နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းပြီး “သိပ္ပံပွဲတော် ၂၀၂၃”
နှင့် “သိပ္ပံပွဲတော် ၂၀၂၄” တို့ကို နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာနှင့် ရန်ကုန်နည်းပညာတက္ကသိုလ်
(YTU) တို့၌ ကျင်းပပြုလုပ်နိုင်ခဲ့သည့်အတွက် မြန်မာကျောင်းသားများကို နျူကလီးယားနည်းပညာဆိုင်ရာ
အသိပညာနှင့် ဗဟုသုတများစွာ ရရှိစေခဲ့ကြောင်း။
မြန်မာနိုင်ငံအနေဖြင့်
၁၉၅၇ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy
Agency-IAEA) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ချိန်မှစပြီး အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ၏
နည်းပညာပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (Technical Cooperation)တွင် ပါဝင်ခဲ့ကြောင်း၊
အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင် အေဂျင်စီနှင့် လုပ်ငန်းရန်ပုံငွေပံ့ပိုးပေးခြင်း၊ စက်ပစ္စည်းကိရိယာများ
ထောက်ပံ့ပေးခြင်း၊ အခြေခံအဆောက်အဦများမြှင့်တင်ပေးခြင်း တို့အပြင် လူ့စွမ်းအားအရင်းမြစ်
ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များတွင် ပါဝင်စေခြင်း၊
နည်းပညာဆိုင်ရာသင်တန်းများပေးခြင်း၊ နည်းပညာပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းများ ဆောင်ရွက်စေခြင်းတို့ကို
ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။
နျူကလီးယားစွမ်းအင်သည်
ကာဗွန်ထုတ်လွှတ်မှုနည်းပါးသည့် Green Energy တစ်ခုလည်းဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့်
နျူကလီးယားစွမ်းအင်မှ တည်ငြိမ်သော လျှပ်စစ်ဓာတ်အားကိုထုတ်ယူပြီး နိုင်ငံတော်စီးပွားရေး
ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း။
မြန်မာနိုင်ငံအနေဖြင့်
လျှပ်စစ်စွမ်းအားလိုအပ်ချက်မြင့်မားလျက်ရှိပြီး အသေးစား စက်မှုလုပ်ငန်းများနှင့် ကျေးလက်နေပြည်သူများအတွက်
လျှပ်စစ်ဓာတ်အား ဖြည့်တင်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင်
နျူကလီးယားနည်းပညာနှင့် ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် စက်မှုကဏ္ဍများတွင်
ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းမြစ်များ
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း စီမံလုပ်ဆောင်လျက်ရှိကြောင်း၊ အဏုမြူစွမ်းပကားဖြင့်
ကမ္ဘာ့ပြည်သူများ ငြိမ်းချမ်းသာယာဖွံ့ဖြိုး၍ အကျိုးပြုပါစေရန် ဆုမွန် ကောင်း တောင်းပါကြောင်းဖြင့်
ပြောကြားသည်။
အဆိုပါ “ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်
(World Atomic week forum)" ကို ရုရှားနိုင်ငံနျူကလီးယားကော်ပိုရေးရှင်း
Rosatom က ပြည်တွင်းနျူကလီးယားစက်မှု လုပ်ငန်း၏ နှစ် ၈၀ ပြည့်အထိမ်းအမှတ်အဖြစ် နျူကလီးယားနည်းပညာ၏
ငြိမ်းချမ်း ရေးဆိုင်ရာ အသုံးဝင်မှုများကို ကမ္ဘာတစ်ဝှမ်းမြှင့်တင်ရန် ရည်ရွယ်၍ ယနေ့စက်တင်ဘာ
၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ ဖိုရမ်၏ လုပ်ငန်းအစီအစဉ်များကို နျူကလီးယားအစီအစဉ်အား
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များ၊ ကမ္ဘာ့ထိပ်တန်းကျွမ်းကျင်သူများ၊
ကုမ္ပဏီကြီးများမှ အကြီးအကဲများ၊ CIS ၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကဒေသများမှ ခေါင်းခေါင်းဆောင်များနှင့်
နိုင်ငံပေါင်း ၁၀၅ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ကြကာ သန့်ရှင်းသော စွမ်းအင်၊
အဆင့်မြင့်ဆေးဘက်ဆိုင်ရာ၊ ကောင်းမွန်သော ပတ်ဝန်းကျင်၊ စက်မှုဆန်းသစ်မှု၊ ဂေဟဗေဒ၊ ဒစ်ဂျစ်တယ်နည်းပညာ၊
ထောက်ပံ့ပို့ဆောင်ရေးနှင့် သိပ္ပံပညာရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊
စက်တင်ဘာ ၂၇ ရက်မှ ၂၈ ရက်အထိ လူငယ်အစီအစဉ်များကို ဦးစားပေးကျင်းပသွားမည်ဖြစ်ပြီး ရုရှား
Knowledge အသင်းမှ ဦးဆောင်သည့် သိပ္ပံနှင့်ပညာပြန့်ပွားရေးရန်ပုံငွေပြိုင်ပွဲ “Knowledge.
First” ကို ပြုလုပ်မည်ဖြစ်ကာ နိုင်ငံတကာဆွေးနွေးပွဲပလက်ဖောင်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment