Friday, September 26, 2025

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များ၏ လေ့ကျင့်နေမှုတို့ကို ကြည့်ရှုအားပေး



မော်လမြိုင် စက်တင်ဘာ ၂၆

မွန်ပြည်နယ်အနေဖြင့် ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လေ့ကျင့်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ စိန်ရတုခန်းမ၌ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အခြေခံပညာအဆင့် အမျိုးသား၊ အမျိုးသမီးအကဘာသာရပ် လေ့ကျင့်နေမှုများအားလည်းကောင်း၊ တိုင်းရင်းသားရိုးရာအကပြိုင်ပွဲ (ထားဝယ်တိုင်းရင်းသား ယန်းအက) အကတိုက်လေ့ကျင့်နေမှုအားလည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နည်းပြများ၊ ပြိုင်ပွဲဝင်များနှင့်တွေ့ဆုံ၍ ရွှေတံဆိပ်ဆုများစွာရရှိနိုင်ရေး၊ ပြည်နယ်ဂုဏ်ဆောင်နိုင်ရေး ကြိုးစားယှဉ်ပြိုင်သွားရန် မှာကြားကာ ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီး အားပေးနှုတ်ဆက်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါကျောင်းအတွင်း အတီးသာဘာရပ် လေ့ကျင့်နေမှုနှင့် ကျောင်းခန်းမဆောင်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၊ ကဗျာလွတ်အကပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင် ကျောင်းသူလေးများ၏ အကဘာသာရပ်လေ့ကျင့်နေမှုအား ကြည့်ရှုအားပေး၍ ပြိုင်ပွဲဝင်များအနေဖြင့် ရိုးရာယဉ်ကျေးမှုအနုသုခုမပညာရပ်များကို အနှစ်သာရရှိရှိ ရိုးသားကြိုးစားစွာ အားထုတ်ကြိုးပမ်းယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ ပြည်နယ်ဂုဏ်ကို ဆောင်နိုင်သူများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကြရန် တိုက်တွန်းလိုပါကြောင်းနှင့် ပြိုင်ပွဲသို့အဆင်ပြေချောမွေ့စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မော်လမြိုင်မြို့၊ ဒေါက်တာလှဘေပညာပါရမီစာကြည့်တိုက်တွင် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲ၊ အဆိုပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အမျိုးသား၊ အမျိုးသမီးမဟာဂီတနှင့် ခေတ်ဟောင်းကာလပေါ် တေးသီချင်းများဖြင့် အဆိုဘာသာရပ် လေ့ကျင့်နေမှုတို့အား ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က အဆိုဘာသာရပ်ပညာရှင်နည်းပြများ၊ ပြိုင်ပွဲဝင်များနှင့်တွေ့ဆုံ၍ မွန်ပြည်နယ်အနေဖြင့် အနုပညာဖက်တွင်ထူးချွန်သည့် ရွက်ပုံးသီးအနုပညာရှင်များ၊ ဘက်စုံတော်သည့်အနုပညာရှင်များ ပေါ်ထွန်းလာစေရေး စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ (ဗဟို)အဆင့် ပြိုင်ပွဲကြီးတွင် ဘာသာရပ်အစုံ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည့်အတွက် အောင်မြင်မှုဆုတံဆိပ်များ ပိုမိုရရှိနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးကြရန် လိုအပ်မှာဖြစ်ပြိး ပြိုင်ပွဲဝင်ရန်အတွက် လိုအပ်သည်များကိုလည်း အစွမ်းကုန်ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းမှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့‌ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)

No comments:

Post a Comment