Friday, September 26, 2025

AI နည်းပညာ လက်တွေ့အသုံးချသင်တန်း ဖွင့်လှစ်


ရန်ကုန် စက်တင်ဘာ ၂၅

မြန်မာအနုပညာနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း(ဗဟို) ကဦးစီးပြီး တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးနှင့် တက်ဟုန်းပြည်နယ်သက်မွေးဝမ်း‌ကျောင်းပညာကောလိပ်တို့ ပူးပေါင်းစီစဉ်သည့် Al နည်းပညာလက်တွေ့အသုံးချ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ် မိုးကောင်းလမ်းရှိ မြဝတီမီဒီယာစင်တာ၌ ကျင်းပသည်။

အဆိုပါ AI နည်းပညာလက်တွေ့ အသုံးချသင်တန်းကို ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးယဉ်ကျေးမှု ဌာနခွဲမှ သံမှူး Mr. လီချန်ကိုး၊ မြန်မာအနုပညာနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးသဉ္ဇာသူ၊ ရွှေသံလွင်ကုမ္ပဏီ လီမိတက်နာယက ဒေါက်တာနီနီ၊ မြန်မာအနုပညာနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးအသင်းနာယက ဒါရိုက်တာ ပန်းချီစိုးမိုး၊ တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများ အသင်း မြန်မာနိုင်ငံကိုယ်စားလှယ် ရုံး(မန္တလေး)ဥက္ကဋ္ဌ Mr. လီချီကွေ့၊ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA)ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသ ကြီး စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်ဌေး၊ မြန်မာအနုပညာနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူများက နှုတ်ခွန်းဆက်စကားပြောကြားကြပြီး အလှူရှင်များသို့ ဂုဏ်ပြုလွှာများပေးအပ်သည်။

ယင်းနောက် မြန်မာနိုင်ငံရိုးရာ ပန်းပညာရှင်များအစည်းအရုံး၊ မြန်မာအနုပညာနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် ပြည်တွင်းလူငယ်မိတ်သဟာရအသင်းတို့က အနုပညာများ ပူးပေါင်းဖလှယ်မည့် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးကြသည်။

အဆိုပါသင်တန်းကို စီးပွားရေး၊ ပညာရေး၊ သုတေသနနယ်ပယ်များတွင် လက်တွေ့အသုံးချ ဆောင်ရွက်နိုင်ရန်အတွက် စက်တင်ဘာ ၂၅ ရက်မှ ၂၈ ရက်အထိ လေးရက်တာ မြဝတီ မီဒီယာစင်တာ၌ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၅၀ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment