Monday, August 11, 2025

ပဲခူးမြို့၌ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူး ဩဂုတ် ၁၁     

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာနမှကြီးမှူးပြီး ဩဂုတ်လ (၁၁)ရက်နေ့ နံနက်ပိုင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၌ လူသုံးကုန်ပစ္စည်းထုတ် လုပ်မှုနည်းပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေး ရာဝန်ကြီးဦးစောလင်းအောင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းအောင်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ တိုင်းရင်းသားလူမျိုးရေးရာကိစ္စများနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို အလေးထားဆောင် ရွက်ပေးလျက်ရှိပြီး တိုင်းရင်းသားလူမျိုးများရဲ့လူမှုစီးပွားမြှင့်မားရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေဖို့အတွက် တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းအစီအစဉ် စစ်တမ်းကောက်ယူမှုရလာဒ်များအရ ယခုလိုအိမ်တွင်းမှုသင်တန်းများကို ပဲခူး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဘဏ္ဍာရန်ပုံငွေဖြင့် ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့်အိမ်တွင်းမှုသင်တန်းကိုတက်ရောက်ကြမယ့် သင်တန်းသား/သူများအနေဖြင့် အခြေခံကုန်ကြမ်းများကိုအသုံးချပြီး ကုန်ချော၊ ထုတ်ကုန်ပစ္စည်းများ၊ တစ်နိုင်တပိုင်ထုတ်လုပ်ရာမှ အသေးစားလုပ်ငန်းများဖြစ်လာသည်အထိ ပိုမိုထုတ်လုပ်လာနိုင်ရန် ဆက်လက်ကြိုးစားသွားရမှာဖြစ်ကြောင်း၊ ဒါမှလည်းကိုယ့်ဒေသ၊ ကိုယ့်ရပ်ရွာမှာရှိတဲ့ ကိုယ့်တိုင်းရင်းသား အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကိုအ ထောက်အကူပြုစေမည့်အပြင် ကိုယ့်ဒေသရှိပြည်သူများဝင်ငွေတိုးပွားလာပြီးလူမှုစီးပွားဘဝတွေလည်း ပိုမိုတိုး တက်လာမှာဖြစ်ကြောင်း၊ တစ်နိုင်တပိုင်အိမ်တွင်းမှုလုပ်ငန်းမှသည် အသေးစားလက်မှုလုပ်ငန်းဖြစ်သည်အထိ တိုးချဲ့လုပ်ကိုင်နိုင်အောင် ကြိုးစားကြရန်လိုကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူးဒေါ်ဆုသီရိအေးကသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီး တက်ရောက်လာသောသင်တန်းသား/သူများက တစ်ဦးချင်းမိတ်ဆက်ကြသည်။

ယင်းနောက် တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းအောင်နှင့် တက်ရောက်လာကြသည့်ဌာနဆိုင်ရာအကြီး အကဲများက သင်တန်းတွင်လက်‌တွေ့သင်ကြားပို့ချရန်ပြသထားသော သင်ထောက်ကူပစ္စည်းများအား ကြည့်ရှု့ခဲ့ကြသည်။

အဆိုပါသင်တန်းအား ဩဂုတ်(၁၁)ရက်နေ့မှ(၁၅)ရက်နေ့အထိဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသားတိုင်းရင်းသား၊ တိုင်းရင်းသူ(၂၀)ဦးတက်ရောက်ကာ ကျွမ်းကျင်နည်းပြသင်တန်းဆရာမများက အဝတ်လျှော်ဆပ်ပြာရည်ပြုလုပ်နည်း၊ ပန်းကန်ဆေးဆပ်ပြာရည်ပြုလုပ်နည်း၊ လက်ဆေးဆပ်ပြာရည်ပြုလုပ်နည်း၊ ရေချိုးဆပ်ပြာရည်ပြုလုပ်နည်း၊ ခေါင်းလျှော်ရည်ပြုလုပ်နည်း၊ လက်သန့်ဆေးရည်ပြုလုပ်နည်း၊ သဘာဝသစ်သီးများဖြင့်ပြုလုပ်သောဆပ်ပြာဆီပြုလုပ်နည်းများကို စာတွေ့၊ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)

No comments:

Post a Comment