နေပြည်တော် ဩဂုတ် ၅
ယာယီသမ္မတဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ လှုပ်ရှားရာတွင် တုန့်နှေးခြင်းနှင့် အစာအာဟာရစားသုံးနိုင်မှုအားနည်းလာခြင်းတို့ကို စတင်ခံစားခဲ့ရသည့်အတွက် အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးဆေးကုသမှုအဖွဲ့မှ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။ ကျန်းမာရေးစမ်းသပ်စစ်ဆေးချက်များအရ အာရုံကြောများ နှေးကွေးတုန့်ဆိုင်းသည့်ရောဂါ (Parkinson's Disease)၊ ၎င်းနှင့် ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်းရောဂါတို့အား ခံစားနေရသည်ကို တွေ့ရှိရသည့်အတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်မှ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ Mount Elizabeth Medical Center တွင်လည်းကောင်း၊ မေလ ၂၇ ရက်နေ့မှ ဇွန်လ ၁၈ ရက်နေ့အထိ အမှတ် (၂) တပ်မတော်ဆေးရုံကြီးခုတင် (၁၀၀၀) တွင်လည်းကောင်း ဆေးကုသမှုများခံယူခဲ့ပါသည်။
ဆေးရုံဆင်းပြီးနောက်
ယာယီသမ္မတ ဦးမြင့်ဆွေအား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ
ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော အထူးဆေးကုသမှုအဖွဲ့ဖြင့် ကျန်းမာရေးစစ်ဆေးကုသမှုများ
ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေမှာ
တိုးတက်ကောင်းမွန်လာခြင်းမရှိသည့်အတွက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်၍
နေအိမ်၌ပင် ဆေးခွင့်ဖြင့်အနားယူ၍ ဆေးကုသမှုဆက်လက်ခံယူနေခဲ့ပါသည်။
ယာယီသမ္မတ
ဦးမြင့်ဆွေသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း ကိုယ်အလေးချိန်လျော့ကျခြင်း၊
အစာကောင်းစွာမစားနိုင်ခြင်း၊ အဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှုလျော့နည်းလာခြင်းတို့ကြောင့်
ဇူလိုင်လ ၂၄ ရက်နေ့တွင် အမှတ် (၂) တပ်မတော် ဆေးရုံကြီး ခုတင် (၁၀၀၀) ၌
ထပ်မံဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ပါသည်။
ရောဂါစစ်ဆေးချက်များအရ
ယာယီသမ္မတ ဦးမြင့်ဆွေသည် လက်ရှိအခြေအနေ၌ အထူးစိုးရိမ်ဖွယ်ရာအခြေအနေဖြစ်သောကြောင့်
အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) အထူးကြပ်မတ်ကုသဆောင်၌ အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
သတင်းထုတ်ပြန်ရေးအဖွဲ့
No comments:
Post a Comment