ပဲခူး ဩဂုတ် ၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဩဂုတ် ၅ ရက် နံနက်ပိုင်းက ပဲခူးမြို့ စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပဲခူးမြစ်ကူးတံတားသို့ရောက်ရှိခဲ့ပြီး ပဲခူးမြစ်အား
ရေစီးရေလာကောင်းမွန်စေရေး ရေထွက်ပေါက်များ ပြန်လည်စိစစ်ရန် ပဲခူးမြစ်ကူးတံတားကြီး၏
ဘေးဝဲယာ ပေ(၁၀၀၀)ခန့်အား ကျောက်စီခြင်း၊ ရေအမှတ် (၈၈၀)စင်တီမီတာအထိ မြေဖို့မြှင့်တင်ရန်နှင့်
မြစ်ကမ်းထိန်းသစ်ပင်များစိုက်ပျိုးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ဖွင့်လှစ်ထားသည့် MSME ဒေသထွက်ကုန်အရောင်းစင်တာသို့
ရောက်ရှိခဲ့ပြီး မူရင်းဒေသထွက်ကုန်ပစ္စည်းများ ပြန်လည်ဖြည့်တင်းရောင်းချသွားရန်နှင့်
မြို့နယ်အလိုက်မှ ထပ်မံထုတ်လုပ်လျက်ရှိသည့် အမယ်သစ်ဒေသထွက်ကုန်များ ရှာဖွေဖော်ထုတ်ခြင်း၊
ဈေးကွက်ရရှိနိုင်ရေး ပံ့ပိုးဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြာခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့မဈေးကြီး၊ ဥဿာသီရိ ဈေးရုံကြီးအပေါ်ထပ်၌
ဖွင့်လှစ်ထားသည့် ပဲခူးမြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံး One Stop Shop (OSS) တွင် ဒေသခံပြည်သူများအား
Smart Card ပြုလုပ်ပေးနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး Smart Card အား အမြန်ဆုံးနှင့်
တစ်ချိန်တည်း လူဦးရေများများပြုလုပ်ပေးနိုင်ရေး ဝန်ထမ်းအင်အား တိုးချဲ့ထားရှိဆောင်ရွက်သွားရန်
တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်
ကမ္ဘောဇသာဒီနန်းတော် ဘက်စုံအဆင့်မြှင့်တင်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး
ကမ္ဘောဇသာဒီနန်းတော် အဝင်မုခ်ဦးအား တိုးချဲ့၍ရှေးမူလက်ရာမပျက် မြန်မာမှုများဖြင့် ပြန်လည်ပြင်ဆင်ရန်၊
တူးဖော်ရရှိမှုများအလိုက် ပြန်လည်ဖော်ထုတ်၍ အများပြည်သူလေ့လာနိုင်ရေး ဆောင်ရွက်ရန်၊
နန်းတော်ရာဝင်းအတွင်း ရှေးဟောင်းအဆောက်အဦများနှင့် လွတ်ကင်းသည့်နေရာများအား မြေယာအလှရှုခင်းများ
ဆောင်ရွက်ရန်၊ ရှေးဟောင်းပစ္စည်းများ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည့် အဆောက်အဦများ
ပြန်လည်ပြင်ဆင်သွားရန်၊ နန်းတော်ရာအတွင်း သန့်ရှင်းသာယာလှပ စိမ်းလန်းစိုးပြည်စေရေးနှင့်
ပန်းပေါင်းစုံဖူးဖွင့်ဝေဆာစေရေးနှင့် အမှိုက်ကင်းစင်စေရေး အလေးထားဆောင်ရွက်သွားရန်
လမ်းညွှန်မှာကြားခဲ့ပြီး နန်းတော်ရာအလယ်၌ သီရိတြိဘဝနာဒိတျာပဝရပဏ္ဍိတ သုဓမ္မရာဇာမဟာဓိပတိ
ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်ကျော်ထင်နော်ရထာ ဘုရင့်နောင်မင်းတရားကြီး၏ ပုံတူရုပ်တုတည်ဆောက်နေမှုအား
ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် ကာလရှည်စွာတည်တံ့စေရေး
ထိန်းသိမ်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)
No comments:
Post a Comment