Thursday, August 7, 2025

ရန်ကုန်တိုင်းဒေသကြီး ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၈/၂ဝ၂၅) ကျင်းပ



အင်းစိန် ဩဂုတ် ၇

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၏ (၈/၂ဝ၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၅ ရက် နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၈)ရက်နေ့က ပြုလုပ်ခဲ့သော တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း (၇/၂၀၂၅)၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဖတ်ကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာ ရန်ကုန်မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် မိမိတို့ရုံးဌာနများ သန့်ရှင်းသာယာလှပရေးအတွက် အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ကိုဗစ်ရောဂါများ ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်ပါကြောင်း၊ မိုးရွာပြီးချိန် လမ်များပေါ်တွင် ရေတင်နေမှုများမရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ ရေမြောင်းပိတ်ဆို့မှုများမရှိစေရေး ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်မှုများကို ထိထိရောက်ရောက်အရေးယူရန်ဖြစ်ကြောင်းနှင့် ထူးခြားဖြစ်စဉ်သတင်းများရှိလာပါက အချိန်နှင့်တစ်ပြေးညီတင်ပြရန် လိုအပ်ကြောင်း စသည်တို့ကို ပြောကြားခဲ့သည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ ထုတ်ပြန်သော ဦးတည်ချက်(၄)ရပ်၊ အမိန့်၊ လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များအား ဖတ်ကြားရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ တာဝန်ရှိသူက လုပ်ငန်းအခြေအနေများအား ဖတ်ကြားရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး ဌာနဆိုင်ရာအကြီးအကဲများက ဆောင်ရွက်ပြီးစီးခဲ့သည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)

No comments:

Post a Comment