မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပချိန်၌ မဲမသမာမှုများဖြစ်ပေါ်ခဲ့ခြင်း၊ ဖြစ်ပေါ်ခဲ့သော အမှားအယွင်းများကို ဖြေရှင်းပေးမှုမရှိခြင်း၊ လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်အာဏာကို အဓမ္မရယူရန် ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် တပ်မတော်သည် နိုင်ငံတော်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို စနစ်တကျဖွဲ့စည်းပြီး နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်
တာဝန်များကို ထမ်းဆောင်ခဲ့ရာတွင် နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသော
သာမန်မဟုတ်သည့် အခြေအနေများ၌ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များကို အောင်မြင်အောင်
ဆောင်ရွက်ရန် အချိန်ကာလလိုအပ်ချက်များရှိခဲ့၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)
နှင့်အညီ တာဝန်ထမ်းဆောင်မှုသက်တမ်းတိုးခြင်းများကို ဆောင်ရွက်ခဲ့ရာ
တိုတောင်းလှသည့် ကာလအတွင်း အစိုးရအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊
ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး
နိုင်ငံချစ်စိတ်ဖြင့် အခက်အခဲအကျပ်အတည်းများကြားမှ အခြေအနေကောင်းတစ်ခုသို့ ပြန်လည်ရောက်ရှိအောင်
ဆောင်ရွက်နိုင်ခဲ့သည်။
အမျိုးသားကာကွယ်ရေးနှင့်
လုံခြုံရေးကောင်စီသည် ဇူလိုင်လ ၃၁ ရက်နေ့တွင် အမိန့်အမှတ် ၁/၂၀၂၅ ဖြင့်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ
အရေးပေါ်အခြေအနေကြေညာ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာကို
လွှဲအပ်ဆောင်ရွက်စေသည့်ကိစ္စနှင့် စပ်လျဉ်း၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က
၎င်းအားပေးအပ်ထားသည့် တာဝန်ပြီးမြောက်အောင် ဆောင်ရွက်ပြီးကြောင်း
တင်ပြသည့်အစီရင်ခံစာကို လက်ခံရရှိပြီးဖြစ်သဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား
နိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့သည့် နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၁ ခုနှစ်
ဖေဖော်ဝါရီ ၁ ရက် ရက်စွဲပါ အမိန့်အမှတ် ၁/၂၀၂၁ အား ပယ်ဖျက်ခဲ့သည့်အမိန့်ကို
ထုတ်ပြန်ခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် အမိန့်အမှတ် ၂/၂၀၂၅ ဖြင့်
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမှုဆောင်ချုပ်နှင့်
တွဲဖက်အမှုဆောင်ချုပ်တို့ကို ခန့်အပ်တာဝန်ပေးခဲ့သည်။ ထို့နောက် အမိန့်အမှတ် ၃/၂၀၂၅
ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ အမိန့်အမှတ် ၄/၂၀၂၅ ဖြင့်
ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို ကျင့်သုံးနေစဉ်ကာလအတွင်း
နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေး၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
အောင်မြင်စွာ ကျင်းပနိုင်ရေးတို့အတွက် လိုအပ်သည့် လမ်းညွှန်မှုများ
ပြုနိုင်ရန်နှင့် ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် ယာယီသမ္မတ
(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းလိုက်သည်။
ယာယီသမ္မတ
(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏
ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို လေးနှစ်ကျော်ကာလအတွင်း အောင်မြင်အောင်
ဆောင်ရွက်ပြီးဖြစ်သည့်အတွက် နိုင်ငံတော်အာဏာကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့
ပြန်လည်လွှဲပြောင်းဆောင်ရွက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၆ မှ ၄၃၀ အထိ
ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ နိုင်ငံတော်အကျိုးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက်
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ နိုင်ငံတော်တာဝန်များအား ထမ်းဆောင်သွားမည့်
ကိစ္စရပ်များကို ထောက်ခံကြိုဆိုရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်
နိုင်ငံ့တာဝန်ယူခဲ့သည့် ကာလအတွင်း ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို
အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သလို လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုလည်း
စည်းစနစ်ကျနစွာဖြင့် အဆင့်ဆင့်ဆောင်ရွက်နိုင်အောင် တည်ဆောက်ခဲ့ပြီးဖြစ်၍ ဖွဲ့စည်းခဲ့သည့်
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ပေါ်ပေါက်လာမည့်
အစိုးရအဖွဲ့အဆင့်ဆင့်အား ကောင်းမွန်သည့် ဆောင်ရွက်ချက်များနှင့် အောင်မြင်မှုများကို
မျိုးစေ့ချပေးခဲ့ခြင်းဖြစ်ရာ ဆက်လက်တာဝန်ယူသွားမည့် အစိုးရအနေဖြင့်လည်း
အစဉ်အလာကောင်းများနှင့်အညီ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု
ယုံကြည်ပါသည်။
ယခုအခါ
မြန်မာနိုင်ငံတွင် အရေးပေါ်အခြေအနေအရ ပေးအပ်ထားသည့် တာဝန်များကို ပြီးမြောက်အောင်
ဆောင်ရွက်ပြီးဖြစ်၍ နိုင်ငံတော်၏ အနာဂတ်ရှေ့ခရီးကို
စတင်အကောင်အထည်ဖော်လိုက်ပြီဖြစ်သည်။ အခက်အခဲများကြားမှ
နိုင်ငံတော်နှင့်ပြည်သူအတွက် ကောင်းမွန်သည့် အရွေ့တစ်ခုကို ဖြတ်သန်းတော့မည်ဖြစ်ရာ
နိုင်ငံတော်အစိုးရ၏ စနစ်တကျစီမံဆောင်ရွက်နိုင်မှု၊ မြော်မြင်တွေးခေါ်နိုင်စွမ်းရှိမှု၊
အားလုံးပါဝင်ကြိုးစားအားထုတ်မှုနှင့်အတူ ပြည်သူများ၏ လက်တွဲပူးပေါင်းပါဝင်မှုတို့ဖြင့်
ပိုမိုကောင်းမွန်သည့် အနာဂတ်နိုင်ငံတော်ကို ဝိုင်းဝန်းတည်ဆောက်ကြရမည်ဖြစ်ပါကြောင်း။
။

No comments:
Post a Comment