လေးနှစ်ခွဲကြာ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များမှာ ပြီးမြောက်သွားခဲ့ပြီဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၈ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့သည့် အမိန့်အားလည်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအမိန့်အမှတ်၊ ၁/၂၀၂၅ ကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်၍ ပယ်ဖျက်လိုက်ပြီဖြစ်သည်။ သို့ဖြစ်ရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၂၉ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက အမိန့်ကိုပယ်ဖျက်ကြောင်း ကြေညာသည့်နေ့မှစ၍ ခြောက်လအတွင်း အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးရမည်ဖြစ်သည်။
သို့ဖြစ်ရာ
ယခုကာလသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်၏ ဥပဒေပြုရေး၊
အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဟူသော အာဏာသုံးရပ်ကို ကျင့်သုံးဆောင်ရွက်သွားမည့်ကာလဖြစ်သည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့်
အစိုးရသစ်တစ်ရပ်ဖွဲ့စည်းပြီးချိန်အထိ နိုင်ငံတော်အာဏာကို ကျင့်သုံးသွားရမည်ဖြစ်ပြီး
ကြားကာလအတွင်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့၏
လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် အမျိုးသားပညာရေး၊ ကျန်းမာရေးကဏ္ဍများ မြင့်မားရေးတို့ကိုလည်း
စဉ်ဆက်မပြတ်ဆောင်ရွက်သွားရမည်ဖြစ်သည့်အလျောက် ဦးတည်ချက် (၄) ရပ် ချမှတ်အကောင်အထည်ဖော်သွားမည်ဖြစ်သည်။
ယင်းဦးတည်ချက်
(၄) ရပ်တို့မှာ-
၁။ နိုင်ငံတော်၏
အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော
ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊
ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ပေါ်လာစေရန် အစဉ်တစိုက်ဆောင်ရွက်ရေး။
၂။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌
အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍
စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည်
ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး။
၃။ နိုင်ငံတော်
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို
အလေးထားမြှင့်တင်ရေး။
၄။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ
အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံးလိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို
အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့်
အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့ဖြစ်ရာ နိုင်ငံတော်၏ ဖြစ်ပေါ်တိုးတက်မှုများ၊
အခြေအနေ အချိန်အခါများနှင့် ကိုက်ညီသည့် ဦးတည်ချက်များပင်ဖြစ်သည်။
လာမည့်
ခြောက်လတာကာလသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အပြီးသတ်ပြင်ဆင်ပြီး
အထွေထွေရွေးကောက်ပွဲကျင်းပပေးရမည့် ကာလဖြစ်သည်။ လက်ရှိအချိန်အထိ
တည်ဆဲနိုင်ငံရေးပါတီ ၅၅ ပါတီရှိသည့်အနက် တစ်နိုင်ငံလုံးယှဉ်ပြိုင်မည့် ပါတီ ၉
ပါတီနှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ၄၆ ပါတီတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ယခုကျင်းပမည့်
ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် FPTP စနစ်၊ အမျိုးသားလွှတ်တော်နှင့်
တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်အတွက် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP-
Mixed Member Proportion System) ကို အသုံးပြုသွားမည်ဖြစ်ရာ
တိုင်းရင်းသားများနှင့် လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ လွှတ်တော်အတွင်း
ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာမည်ဖြစ်သည်။
နိုင်ငံတော်ကို
ပါတီစုံဒီမိုကရေစီလမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းနိုင်ရန်အတွက် အထွေထွေရွေးကောက်ပွဲတစ်ရပ်
မဖြစ်မနေကျင်းပရမည်ဖြစ်ရာ မိမိတို့၏ ဒီမိုကရေစီအခွင့်အရေးများ ကျင့်သုံးနိုင်ရေး၊
လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး
ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။

No comments:
Post a Comment