မော်လမြိုင် ဇူလိုင် ၇
မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၁၅)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို
ဘုရားကန်တော့ဖွင့်လှစ်ပြီး မော်လမြိုင်မြို့၊ အောက်ကျင်းရပ်၊ သာသနာ့မာရ်အောင်ဝဲပျံကျောင်းတိုက်ကြီး၏
ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်(မဟာဂန္ထဝါစကပဏ္ဍိတ) ဘဒ္ဒန္တနန္ဒဝံသအရှင်သူမြတ်ထံမှ
ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်သံဃာတော် အရှင်သူမြတ်များက ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော
မေတ္တာသုတ်ပရိတ်တရားတော်များကို တက်ရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းတို့က နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် မွန်ပြည်နယ်၀န်ကြီးချုပ်
ဦးအောင်ကြည်သိန်း ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများနှင့်
ပြည်နယ်အဆင့် ဌာနဆိုင်ရာတို့က လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဝါဆိုသင်္ကန်းများ စုပေါင်းကပ်လှူခဲ့ကြသည်။
ဆက်လက်၍ မော်လမြိုင်မြို့၊
လှိုင်ရပ်ကွက်၊ အတုလရန်အောင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊
အဖွဲ့ဝင်ဆရာတော် (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တကောသလ္လ အရှင်သူမြတ်မှ အနုမောဒနာတရားချီးမြှင့်ပြီး
လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍
အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော
(၁၅)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းများကို မော်လမြိုင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းပေါင်း(၃၃၄)ကျောင်းသို့
ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စည်သူ
(ပြန်/ဆက်)




No comments:
Post a Comment