စည်သူကျော်
ယနေ့ကမ္ဘာပေါ်၌ သက်ကြီးရွယ်အိုလူဦးရေ ပမာဏသည် တိုးမြင့်လာသည်ဟု ဆိုသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ခန့်မှန်းထုတ်ပြန်ချက်အရ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်၌ လူခြောက်ဦးလျှင် တစ်ဦးသည် အသက် ၆၀ အထက်နှုန်း ဖြစ်လာမည်ဖြစ်သည်။ အရေအတွက်အားဖြင့် ၁ ဒသမ ၄ ဘီလီယံသို့ ရောက်ရှိလာမည်ဖြစ်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းမြင့်မားကောင်းမွန်သော နိုင်ငံများဖြစ်သည့် ဂျပန်၊ ဂျာမနီ၊ ဗြိတိန်၊ အမေရိကန် ပြည်ထောင်စုစသည့်နိုင်ငံများတွင် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုအရေအတွက်သည် နိုင်ငံလူဦးရေ၏ ၂၀ ရာခိုင်နှုန်းအထက်ရှိကြောင်း သိရှိရသည်။ ယင်းသို့သော အခြေအနေများကြောင့် ၎င်းသက်ကြီးရွယ်အိုများကို ငွေရောင်ဆူနာမီလှိုင်းများ (Silver Tsunami) ဟု ရည်ညွှန်းခေါ်ဆိုလာခြင်း ဖြစ်ပါသည်။
ယင်းအသက်အရွယ်အပိုင်းအခြား
ပမာဏကြီးထွားပြောင်းလဲလာမှုသည် ခရီးသွားလုပ်ငန်းနှင့်
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်လာခဲ့သည်။
သက်ကြီးရွယ်အို လူဦးရေပမာဏတိုးတက်လာသည်နှင့်အတူ ၎င်းတို့ကို
ပြုစုစောင့်ရှောက်မှုပေးသည့် ဝန်ဆောင်မှုလုပ်ငန်းသည်လည်း အရေးကြီးသော
လုပ်ငန်းတစ်ခုဖြစ်လာသည်။ သက်ကြီးရွယ်အိုများသည် ၎င်းတို့၏ ဘဝနေဝင်ချိန်ကို
သက်သောင့်သက်သာစိတ်ချမ်းမြေ့စွာဖြင့် အပူအပင်ကင်းကင်းကုန်ဆုံးနိုင်စေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှု
အဆင့်အတန်းမြင့်မား၍ ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်သည့်နေရာများသို့
ပြောင်းရွှေ့ခြင်း၊ ရာသီဥတုကောင်းမွန်သည့် ကာလတစ်ခုအတွင်း
ပြောင်းရွှေ့နေထိုင်ခြင်း (ဥပမာ- နွေရာသီအပူရှောင်ခြင်း၊ ဆောင်းရာသီတွင် နွေးထွေး၍
နေရောက်ခြည်ရရှိသော နေရာများတွင် သွားရောက်နေထိုင်ခြင်း) တို့ကို ပြုလုပ်လာကြသည်။
တည်ငြိမ်အေးချမ်းမှုမရှိသောဒေသများ၊
သဘာဝဘေးအပါအဝင် ဘေးအန္တရာယ်ကျရောက်တတ်သည့် ဒေသများမှ သက်ကြီးရွယ်အိုများသည်လည်း
၎င်းတို့၏ ကျန်းမာရေးနှင့် လူမှုဘဝလုံခြုံမှုတို့ကိုပေးစွမ်းနိုင်သည့် နေရာများ၊
ဂေဟာများကို ပြောင်းရွှေ့နေထိုင်မှုများ ပြုလုပ်လာကြသည်။ သို့ဖြစ်ရာ Elderly Care Tourism ဟုခေါ်သော
သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်မှု ခရီးသွားလုပ်ငန်းသည် တဖြည်းဖြည်းတွင် ကျယ်လာခဲ့ပြီး
ပီပြင်သော ခရီးသွားလုပ်ငန်းပုံစံတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။
ခရီးသွားလုပ်ငန်းဈေးကွက်ရှာဖွေသူများကလည်း သက်ကြီးစောင့်ရှောက်မှုခရီးသွားလုပ်ငန်းကို
စိတ်ဝင်တစား ဦးတည်ဖော်ဆောင်လာကြသည်ကို တွေ့ရှိရသည်။
သက်ကြီးရွယ်အို
စောင့်ရှောက်မှုခရီးသွားလုပ်ငန်း (Elderly Care Tourism - ECT) သည် ဆေးပညာရပ်နှင့်
နည်းပညာများ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများသို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူသည့်
ခရီးသွားလုပ်ငန်း (Medical Tourism) နောက်တွင် နောက်ဆက်တွဲ
အဖြစ်ပေါ်ထွက်လာသည့် ခရီးသွားလုပ်ငန်းဟု ဆိုရမည်ဖြစ်သည်။ ၎င်းခရီးသွားလုပ်ငန်း
ပုံစံနှစ်ရပ်သည်လည်း အခြားသော ခရီးသွားလုပ်ငန်းများနှင့် နှိုင်းစာပါက
တစ်နည်းတစ်ဖုံအားဖြင့် ဆက်နွှယ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
စာရင်းဇယားများအရ
၂၀၂၆ ခုနှစ်တွင် သက်ကြီးစောင့်ရှောက်မှုလုပ်ငန်းသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇
ထရီလီယံအထိ ရှိလာမည်ဟု ခန့်မှန်းထားကြပြီး သက်ကြီးလူဦးရေပမာဏ တိုးတက်များပြားလာခြင်း
(Silver Tsunami ဖြစ်လာခြင်း) နှင့်အတူ ဆက်လက်၍လည်း ယင်းလုပ်ငန်းသည်
ဖွံ့ဖြိုးတိုးတက်လာမည်ဟု ခန့်မှန်းထားကြပါသည်။ ထို့ကြောင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ပြီး
ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ရှေ့တန်းသို့ ရောက်ရှိနေသော နိုင်ငံများသာမက ခရီးသွားလုပ်ငန်းဖြင့်
နိုင်ငံခြားဝင်ငွေတိုးတက်ရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသော နိုင်ငံများကပါ
အလားအလာရှိသော သက်ကြီးစောင့်ရှောက်မှု ခရီးသွားလုပ်ငန်းကို
အာရုံစိုက်ဖော်ဆောင်လာကြသည်ကို တွေ့ရှိရသည်။
ထိုနိုင်ငံများအနက်
သီရိလင်္ကာနိုင်ငံသည်လည်း သက်ကြီးစောင့်ရှောက်မှုခရီးသွားလုပ်ငန်းကို အာရုံစိုက်လာသော
နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ သီရိ လင်္ကာနိုင်ငံသည် စာရင်းဇယားများအရ နှစ်စဉ်သူနာပြုဦးရေ
၆၀၀၀ ကျော် လေ့ကျင့်သင်ကြားမွေးထုတ်ပေးလျက်ရှိသည်။ သီရိလင်္ကာသူနာပြုများသည်
ဗြိတိန်၊ အီတလီ စသည့်ဥရောပနိုင်ငံများနှင့် ဩစတြေးလျ၊
အာရှအရှေ့အလယ်ပိုင်းနိုင်ငံများတွင် ငှားရမ်းခေါ်ယူမှုအများဆုံး
စာရင်းဝင်သူနာပြုများ ဖြစ်ကြသည်။ ထို့ကြောင့် သီရိလင်္ကာနိုင်ငံသည်
ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဧည့်ဝန်ဆောင်မှုအတွက် လူသားအရင်းအမြစ်ပေါကြွယ်ဝသော
နိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ယင်းအချက်သည် သက်ကြီးစောင့်ရှောက်မှုခရီးသွား
လုပ်ငန်းဖော်ဆောင်ရန်အတွက် အရေးပါသော အချက်တစ်ချက်ဖြစ်ပါသည်။
သက်ကြီးစောင့်ရှောက်မှု ခရီးသွားလုပ်ငန်းဖော်ဆောင်ရန်အတွက် သီရိလင်္ကာနိုင်ငံ၌
လူသားအရင်းအမြစ်ကြွယ်ဝမှုအပြင် အခြားသော အားသာချက်များရှိကြောင်းကိုလည်း ခရီးသွားလုပ်ငန်းဆိုင်ရာ
ကျွမ်းကျင်သူများက သုံးသပ်ပြထားသည်များလည်း ရှိပါသည်။
ခရီးသွားလုပ်ငန်းဆိုင်ရာပညာရှင်များ၏
သုံးသပ်ချက်အရ သီရိလင်္ကာနိုင်ငံသည် မပူလွန်း၊ မအေးလွန်းသော သမမျှတသည့်
ရာသီဥတုရှိသဖြင့် သက်ကြီးရွယ်အိုများအတွက် နေထိုင်ရန် သင့်တော်မှုရှိခြင်း၊
ကိုလိုနီခေတ်လက်ရာ အငွေ့အသက်ရှိသည့် အဆောက်အအုံ၊ ဘန်ဂလိုများ တည်ရှိနေခြင်း၊
လုပ်သားနှင့်မြေယာပေါများခြင်း၊ ရိုးရာကုထုံးများနှင့်
ခေတ်မီကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် အဆင့်အတန်းရှိခြင်း၊ တည်ငြိမ်အေးချမ်းပြီး
ဧည့်ဝတ်ပျူငှာသောနိုင်ငံအဖြစ် ပုံဖော်မြှင့်တင်လာနိုင်ခြင်း၊ ဗုဒ္ဓဘာသာကို
အဓိကကိုးကွယ်သော နိုင်ငံဖြစ်သဖြင့် တရားဘာဝနာများ ကျင့်ကြံအားထုတ်နိုင်ခြင်း
(ဤတွင်သက်ကြီးရွယ်အိုများအတွက် ဘာသာရေးခရီးသွားလုပ်ငန်း Religious Tourism, Meditation Tourism
အဖြစ်လည်း ပေါင်းစပ်မြှင့်တင်ဆောင်ရွက်နိုင်ပါသည်။)၊ စိမ်းလန်းသော
လက်ဖက်စိုက်ခင်းများနှင့် သာယာလှပသော တောင်ကုန်းများရှိခြင်းတို့ကြောင့် အပန်းဖြေခရီးသွားလုပ်ငန်း
(Leisure Tourism) ကိုသာမက သက်ကြီးစောင့်ရှောက်မှုခရီးသွားလုပ်ငန်းကို
အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် အားသာချက်များ ရှိနေပါသည်။
ခရီးသွားလုပ်ငန်းကျွမ်းကျင်သူများက
ဖော်ပြပါအားသာချက်များ သက်သက်ဖြင့်သာ သက်ကြီး စောင့်ရှောက်မှုခရီးသွားလုပ်ငန်းကို မြှင့်တင်ဆောင်ရွက်ရန်
တွန်းအားပေးနေသည်မဟုတ်။ အခြားသော အလားအလာနှင့် အခွင့်အလမ်းများလည်းရှိနေသည်ကို
လေ့လာဖော်ထုတ်တင်ပြကြသည်။ ၎င်းလေ့လာချက်များတွင် သီရိလင်္ကာနိုင်ငံသို့
လာရောက်လည်ပတ်မှုများပြားသော ခရီးသွား ဧည့်သည်များတွင်ပါဝင်သည့် ဗြိတိန်နိုင်ငံ၌
ကြည့်ရှု စောင့်ရှောက်ရန် လိုအပ်လျက်ရှိသည့် သက်ကြီးဘိုးဘွားအရေအတွက်သည် ငါးသိန်းခန့်ရှိ၍
ပြည်ပနိုင်ငံများသို့ သွားရောက်နေထိုင်လည်ပတ်လိုသော ဆန္ဒရှိခြင်း၊
အခြားဥရောပနိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဂျာမနီနိုင်ငံတွင် ၂၀၃၅ ခုနှစ်၌ အသက် ၆၇
နှစ်အထက် လူဦးရေသည် ငါးသန်းခန့်အထိ ရှိလာမည်ဟု ခန့်မှန်းထားခြင်း၊ ဂျပန်နိုင်ငံတွင်
၂၀၃၀ ပြည့်နှစ်၌ လူသုံးဦးတွင် တစ်ဦးသည် ၆၅ နှစ် အထက်ရှိလာမည်ဖြစ်ခြင်း၊ အရှေ့အလယ်ပိုင်းဒေသများမှ
ကြွယ်ဝသော သက်ကြီးရွယ်အိုများ၊ ပင်စင်စားများသည် ရာသီဥတုကောင်းမွန်၍
စိမ်းလန်းစိုပြည်သော ဒေသများတွင် ကာလရှည်နေထိုင်လိုခြင်း၊ သီရိလင်္ကာနိုင်ငံအတွင်း၌ပင်
လက်ရှိတွင် အသက် ၆၀ အထက် လူဦးရေသည် နိုင်ငံလူဦးရေ၏ ၁၂ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး
ဆက်လက်တိုးတက်လျက်ရှိခြင်းကြောင့် ကျန်းမာရေးနှင့် သက်ကြီးစောင့်ရှောက်မှုပေးခြင်း
ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ချဲ့ထွင်ရန် လိုအပ်လျက်ရှိပါသည်။ ထို့ကြောင့် သက်ကြီးစောင့်ရှောက်မှုခရီးသွားလုပ်ငန်းသည်
သီရိလင်္ကာနိုင်ငံတွင် အကောင်အထည်ဖော်မြှင့်တင်ရန် အခြေအနေကောင်းများ ရှိနေသည်။
သက်ကြီးစောင့်ရှောက်မှုခရီးသွားလုပ်ငန်း
အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အားသာချက်၊ အခွင့်အလမ်းများရှိသကဲ့သို့
ဖြည့်ဆည်းဆောင်ရွက်ရမည့် လိုအပ်ချက်များလည်းရှိပါသည်။ ၎င်းလိုအပ်ချက်များတွင်
ခရီးသွားလုပ်ငန်း၌ အဓိကလိုအပ်သော လုပ်ငန်းစဉ်ဖြစ်သကဲ့သို့ သက်ကြီးခရီးသွားများ
နေထိုင်မည့်နိုင်ငံသို့ အဆင်ပြေချောမွေ့စွာ သွားရောက်နေထိုင်နိုင်ရေးအတွက်
အရေးကြီးသော လုပ်ငန်းရပ်တစ်ခုလည်းဖြစ်သည့် ဗီဇာထုတ်ပေးခြင်းလုပ်ငန်းဖြစ်ပါသည်။ သွားရောက်မည့်နိုင်ငံသို့
အဆင်ပြေလွယ်ကူချောမွေ့စွာဝင်ရောက်၍ လိုအပ်သော ကာလအတိုင်းအတာတစ်ခုအထိ နေထိုင်ခွင့်ရနိုင်မှသာ
သက်ကြီးရွယ်အိုခရီးသွားများကို ဆွဲဆောင်နိုင်မည်ဖြစ်ပါသည်။ ဥပမာအားဖြင့်
ထိုင်းနိုင်ငံတွင် ပင်စင်စားခရီးသွားများ လာရောက်ရေးအတွက်
ဆွဲဆောင်ခေါ်ယူသည့်အနေဖြင့် အငြိမ်းစားဗီဇာ (Retirement Visa) ကို စည်းကမ်းသတ်မှတ်ချက်များ
ရေးဆွဲပြဋ္ဌာန်း၍ ထုတ်ပေးလျက်ရှိသည်ကို တွေ့ရှိရသည်။
အငြိမ်းစားဗီဇာထုတ်ပေးရာတွင်
အသက် ၅၀ နှင့်အထက် ပုဂ္ဂိုလ်များကို ထုတ်ပေးပြီး အငြိမ်းစားဗီဇာလျှောက်ထားနိုင်ရန်အတွက်
သတ်မှတ်ငွေကြေးပမာဏတစ်ရပ် (အနိမ့်ဆုံး ထိုင်းဘတ်ရှစ်သိန်း) ကို ထိုင်းဘဏ်တစ်ခုခုတွင် ဗီဇာမလျှောက်ထားမီနှစ်လကြိုတင်၍
အပ်နှံထားရမည်ဖြစ်ပြီး လစဉ်ဝင်ငွေအဖြစ် အနည်းဆုံး ဘတ် ၆၅၀၀၀ ရှိရမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ
အငြိမ်းစားခရီးသွားများ ဝင်ရောက်နေထိုင်မှုမှ ထိုင်းနိုင်ငံအတွင်းသို့ ငွေကြေးစီးဝင်မှုတိုးပွားလာမည်ဖြစ်သည်။
ဗီဇာသက်တမ်းမှာ ဗီဇာအမျိုးအစားနှင့် လျှောက်ထားသည့် နိုင်ငံသားများအပေါ် မူတည်၍ ဗီဇာသက်တမ်း
(ခွင့်ပြုကာလ) ကွဲပြားသွားမည်ဖြစ်သည်။ သို့ရာတွင် အငြိမ်းစားဗီဇာသည် ကာလရှည် (Long Stay) ဗီဇာအမျိုးအစားတစ်ခုဖြစ်ပါသည်။
သီရိလင်္ကာနိုင်ငံသည်လည်း
သက်ကြီးစောင့်ရှောက်မှုခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်နိုင်ရန်အတွက် အကြံပြုချက်များတွင်
ငါးနှစ်မှ ၁၀ နှစ်အထိ ခွင့်ပြုပေးနိုင်သည့် အကြိမ်ကြိမ်ပြည်ပြန်ဝင်ခွင့်ဗီဇာ (Multientry Visa)ကို
သက်ကြီးခရီးသွားများသို့ ထုတ်ပေးနိုင်ရေးနှင့် ၎င်းတွင် နိုင်ငံအတွင်း
ကာလရှည်နေထိုင်မှုအတွက် ကျန်းမာရေးအာမခံထားရှိရေး ဝင်ငွေအထောက်အထားတို့ကို
ခိုင်ခိုင်မာမာတင်ပြနိုင်ရန် ထည့်သွင်းအကြံပြုတင်ပြထားသည်ကို တွေ့ရှိရပါသည်။
ထို့အပြင်
ခရီးသွားလုပ်ငန်းနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတို့သည် လူသားအရင်းအမြစ်
ကိုအခြေခံသော ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သောကြောင့် သက်ကြီးစောင့်ရှောက်မှု
ခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်မည်ဆိုပါက စွမ်းဆောင်ရည်မြင့်မားသော
လူသားအရင်းအမြစ်များ မွေးထုတ်ပျိုးထောင်ပေးရန်မှာ အရေးပါသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး
ယင်းလုပ်ငန်းစဉ်တွင် ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေးသာမက ဧည့်ဝန်ဆောင်မှု
နှင့်ပတ်သက်သောခံယူချက်နှင့် အလေ့အကျင့်တို့ကိုပါ မွေးမြူထားရှိရေးကို
ပြုစုပျိုးထောင်ရန်လိုအပ်မည်ဖြစ်ပါသည်။ အခြားအရေးပါသော အချက်များမှာ
ယဉ်ကျေးမှုဆိုင်ရာ အပြုအမူများကို နားလည်ခြင်း၊ နိုင်ငံခြားဘာသာစကားများ
ကျွမ်းကျင်လိမ္မာခြင်းနှင့် မသန်စွမ်းသူများအတွက် ဝန်ဆောင်မှုပေးခြင်းတို့ကို လေ့ကျင့်သင်ကြားတတ်မြောက်ပြီးဖြစ်ရန်
လိုအပ်မည် ဖြစ်ပါသည်။
အစိုးရ၊
ပုဂ္ဂလိကနှင့် ပြည်သူတို့ ပူးပေါင်းဆောင်ရွက်မှုကို အားပေး
ဖော်ပြပါအချက်များအပြင်
ခရီးသွားလုပ်ငန်း စီမံကိန်း/မဟာဗျူဟာကဲ့သို့သော အမျိုးသားအဆင့်
သက်ကြီးစောင့်ရှောက်မှုခရီးသွားလုပ်ငန်း စီမံကိန်း သို့မဟုတ် မဟာဗျူဟာ National Elderly Tourism Strategy
(NETS) ကို စနစ်တကျရေးဆွဲထားရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားရန်
ခရီးသွားလုပ်ငန်းကျွမ်းကျင်သူများက တိုက်တွန်းထားသည်။ ၎င်းမဟာဗျူဟာတွင်
သက်ကြီးစောင့်ရှောက်မှုခရီးသွားလုပ်ငန်းကို ဦးဆောင်အကောင်အထည်ဖော်မည့်
အာဏာပိုင်အဖွဲ့အစည်း၊ ပူးပေါင်းဆောင်ရွက်မည့် ဌာန/အဖွဲ့အစည်းတို့ကို
သတ်မှတ်ထားရှိရန်နှင့် အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူတို့ ပူးပေါင်းဆောင်ရွက်မှုကို
အားပေးကြောင်း ဖော်ပြတိုက်တွန်းထားသည်ကို တွေ့ရှိရသည်။
ကမ္ဘာပေါ်တွင်
သက်ကြီးရွယ်အိုအရေအတွက် ပမာဏတိုးတက်များပြားလာမှုကို သက်ဆိုင်ရာနိုင်ငံများက သတိထားတွက်ဆနေကြသည်ကို
တွေ့ရှိရသည်။ ကျန်းမာရေးစောင့်ရှောက်မှုစရိတ်နှင့် ပင်စင်၊
လူမှုဖူလုံရေးဆိုင်ရာကိစ္စရပ်များ၊ သက်ကြီးများ၏ ဘဝလုံခြုံစိတ်ချရရေးနှင့် အေးချမ်းစွာ
နေထိုင်ဖြတ်သန်းနိုင်ရေးတို့ကို ပြင်ဆင်ဆောင်ရွက်နေကြသည်။ သို့သော် Silver Tsunami ဟု
တင်စားခေါ်ဝေါ်သည့် သက်ကြီးရွယ်အိုအရေအတွက် တိုးပွားလာမှုသည်
စိုးရိမ်ဖွယ်ရာမဟုတ်ကြောင်း၊ ခရီးသွားလုပ်ငန်းဖြင့် စီးပွားရေးမြှင့်တင်ရန် ဦးတည်
ကြိုးပမ်းဆောင်ရွက်လျက်ရှိသော နိုင်ငံအသီးသီးတို့အတွက် အခွင့်အလမ်းကောင်းတစ်ခု
ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
No comments:
Post a Comment