နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ လေသာ-ဇီးကုန်းလမ်းပေါ်ရှိ ဆင်သေချောင်းသို့သွားရောက်ပြီး လမ်းဘေးဝဲယာနှင့်ချောင်းတစ်လျှောက် သီးနှံစိုက်ပျိုးထားရှိမှုများအားကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လယ်ယာမြေများတွင် ပလပ်မြေမရှိအောင်ကွက်ပြည့်စိုက်ပျိုးရေး၊ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ သီးနှံစိုက်စွမ်းအားမြှင့်တင်နိုင်ရေး၊ လယ်ယာမြေများတွင်သတ်မှတ်သီးနှံအမျိုးအစားများသာ စိုက်ပျိုးစေရေးတို့ကို မှာကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥပ္ပါတသန္တိစေတီတော်ကြီးသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရင်ပြင်တော်၊ ပစ္စယာနှင့် ပရိဝုဏ်များကို ပြန်လည်ပြုပြင်မွမ်းမံနေမှုအခြေအနေများနှင့် ဖယ်ရှားရှင်းလင်းနေမှုအခြေအနေများ Cement grouting နှင့် Soil stabilization ဆောင်ရွက်နေမှုများ၊ မူလရင်ပြင်တော်ကြမ်းခင်းအား တူးထုတ်ပြင်ဆင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှတင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများအမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရေရှည်ခိုင်ခံ့မှုရှိအောင်ဆောင်ရွက်ရေး၊ နည်းပညာပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံရေးလုပ်ငန်းများ စနစ်တကျစီမံဆောင်ရွက်နိုင်ရေးတို့ကိုမှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေသော တပ်မတော်သားများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ရာဇဌာနီလမ်းမကြီးသို့သွားရောက်ပြီး
ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး
လုင်ငန်းများအပိုင်းလိုက်အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ လုပ်ငန်းသုံးကျောက်များအား
သတ်မှတ်အရွယ်အစားအတိုင်းအသုံးပြုရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်၊ စံညွှန်းနှင့်
အညီဆောင်ရွက်ရေးတို့ကိုမှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပပြုလုပ်သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင်
ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများသတ်မှတ်နိုင်ရေး အသိပေးဆွေးနွေးပွဲကို
တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက
မကူးစက်နိုင်သောရောဂါများဖြစ်သည့် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့်လေဖြတ်ရောဂါ၊
ကင်ဆာရောဂါ၊ နာတာရှည်၊ အဆုတ်နှင့် အသက်ရှူလမ်းကြောင်းရောဂါများ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းတစ်ရပ်မှာ ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှုကြောင့်ဖြစ်ပါကြောင်း၊
ကမ္ဘာတစ်ဝှမ်းတွင် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှုတစ်မျိုးတည်းကြောင့် နှစ်စဉ်လူဦးရေ
၈ သန်းကျော် သေဆုံးနေရပါကြောင်း၊ ကိုယ်တိုင်ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲခြင်းကြောင့်မဟုတ်ပဲ
တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့် ရောဂါဖြစ်ပွားပြီး သေဆုံးရသူအများစုဟာ အမျိုးသမီးနှင့်
ကလေးငယ်များဖြစ်သည်ကိုတွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု
ထိန်းချုပ်ရေးဥပဒေကို ၂၀၀၆ ခုနှစ် မေလမှာ ပြဌာန်းဆောင်ရွက်ခဲ့ပါကြောင်း၊ ဆေးလိပ်ငွေ့ကင်းစင်သည့်
ပတ်ဝန်းကျင်ကို ဖန်တီးခြင်းဖြင့် အများပြည်သူတို့၏ ကျန်းမာရေးကို ထိခိုက်စေသည့် အန္တရာယ်မှကာကွယ်ရန်အတွက်
ဆေးလိပ်ငွေ့ကင်းစင်နယ်မြေဒေသများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊
နေပြည်တော်တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများတွင်
ဆေးလိပ်သောက်သုံးမှုမရှိစေရန်နှင့် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများ ပေါ်ပေါက်လာစေရန်အတွက်
နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့်ပူးပေါင်း၍ Smoke Free Notificationကို ထုတ်ပြန်နိုင်ခဲ့ပြီး ဆေးလိပ်ကင်းစင်နယ်မြေများ Smoke Free
Public Area သတ်မှတ်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊
ဆေးလိပ်ငွေ့ကင်းစင်တက္ကသိုလ်များ၊ ကျောင်းများထူထောင်ခြင်းဖြင့် ကျောင်းသားလူငယ်များအကြား
ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကို ကာကွယ်တားဆီးနိုင်မှာဖြစ်သလို
ကျန်းမာကြံ့ခိုင်သည့် မျိုးဆက်သစ်များ ပေါ်ထွန်းလာရေးအတွက်လည်း များစွာအထောက်အကူဖြစ်စေမှာဖြစ်ကြောင်း၊
ပြည်သူလူထု၏ ကျန်းမာရေးနှင့်လူမှုဘဝအဆင့်မြှင့်တင်နိုင်ရေးအတွက် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများ
တိုးချဲ့သတ်မှတ်နိုင်ရေးနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်တင်
ဆောင်ရွက်သွားကြရန်နှင့် Smoke Free Naypyitaw ဖြစ်လာစေရေးအတွက်
သက်ဆိုင်ရာဌာနများမှ ဟန်ချက်ညီညီဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ရောဂါနှိမ်နှင်းရေး)
ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ်နှင့် ဆေးလိပ်ငွေ့ကင်းစင်ဒေသများ
ထူထောင်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက်
ဆွေးနွေးတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များမှာကြားကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
No comments:
Post a Comment