Wednesday, July 2, 2025

ထေရဝါဒဗုဒ္ဓဘာသာ တည်တံ့ထွန်းကားပြန့်ပွားရေး (၅)



ကေကေ (မဟာဝိဇ္ဇာ)

မြန်မာ့ယဉ်ကျေးမှု၌ ရှင်ပြုမင်္ဂလာဟုရှိ၏။ ရှင်ပြုအံ့ဆဲလုလင်ကို ရှင်လောင်း၊ မောင်ရင်လောင်းဟုခေါ်၏။ ဆံရိတ်၊ ဆံချ၊ ခေါင်းတုံးတုံး၍ သင်္ကန်းတောင်းပြီး စည်းပေးလိုက်သောအခါ ကိုရင်၊ သာမဏေ ဖြစ်လာသည်။ ၁၀ ပါးသီလနှင့် ရှင်ကျင့်ဝတ် ၇၅ ပါး စောင့်ထိန်းရသည်။ ထေရဝါဒသာသနာတွင် အငယ်ဆုံး အနိမ့်ဆုံး သာသနာ့ဝန်ထမ်း ဖြစ်လေသည်။

ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်က ရှင်သာရိပုတ္တရာမထေရ် မြတ်၏ သင်္ကန်းအနားမညီပုံကို ခုနစ်နှစ်သား ကိုရင်ငယ်ကလေးက ထောက်ပြလျှောက်ထားခဲ့ရာ “ခုနစ်နှစ် အရွယ်ပင်ဖြစ်ပါစေ၊ ငါ့ကို ဆုံးမတာကို ဦးထိပ်ပန်ဆင်ပြီး လေးစားစွာနာခံပါသည်”ဟု မိန့်တော်မူ၍ သင်္ကန်းပြင်ရုံပြီးနောက် “ငါ့ရှင် လေး၊ ငါ့သင်္ကန်းညီပြီလော”ဟု ပြန်လည်လျှောက်ထား လိုက်နာကျင့်ဆောင်တော်မူခဲ့ပါသည်။

သီရိဓမ္မာသောကမင်းကြီးကို အရိယာသူတော်စင် နိဂြောဓသာမဏေလေးက “မမေ့မလျော့နေပါက နိဗ္ဗာန်ရခြင်း၏ အကြောင်းဖြစ်၏။ မေ့လျော့ချေပါက သေခြင်း၏ အကြောင်းဖြစ်၏”ဟုအဓိပ္ပာယ်ရ သော “အပ္ပမာဒေါ အမတံပဒံ၊ ပမာဒေါမစ္စုနောပဒံ” တရားအနှစ်ဂါထာ နှစ်ပိုဒ်ဖြင့် မင်းကြီး၏ အပူကိုငြှိမ်းပေးခဲ့သည်။

သာမဏေငယ်ပင်ဖြစ်လင့်ကစား ဝိနည်းလေးစားမှု၊ အာသဝေါကင်းစင်မှုကို သာဓကပုံဆောင်ခြင်းဖြစ်သည်။ ယနေ့ သာမဏေများတွင် သင်္ကန်းမနိုင့်တနိုင် ကိုရင်ငယ်ကလေးများ (ဒုလ္လဘ)၊ ကစားမက်သော ကိုရင်ငယ်ကလေးများ၊ အကြောင်းအမျိုးမျိုးဖြင့် ကျောင်းပျော်အောင်ထားရသော ကိုရင်ငယ်ကလေးများ ရှိတတ်ပါသည်။ သို့သော် သူတို့ (ဒုလ္လဘမှလွဲ၍) သည် ကျောင်းထိုင်ဘုန်းကြီးများ၊ ဆရာမထေရ်များ၏ သွန်သင်ပြသမှုဖြင့် ပရိယတ္တိ၊ ပဋိပတ္တိအခြေခံကို ပျိုးထောင်ကြရသည်။ သူတို့တွင် စာဝါလိုက်ချိန်၊ စာပြန်ချိန်ရှိသည်။

စာပုလွေ၊ ရင်မှာပိုက်ပါလို့၊ ကျောင်းတော်ကိုတဲ့ လိုက်မယ်ပြင်။ ဘယ်စာကို ဘယ်နှဝါ မောင်သင်မလို့တုန်း။ ပျိုလေးကို သံချိုနှော၊ ပြောခဲ့ပါအုံး(ဦး)။”ဟူသော ကဗျာတေးချင်းက ကိုရင်သာမဏေတို့ စာဝါလိုက်ရပုံကို မြင်ယောင်စေသည်။

သာမဏေကျော်စာမေးပွဲ

၁၈၈၅ ခုနှစ်ကိုလိုနီခေတ်တွင် မြန်မာနိုင်ငံ၌ ပရိယတ္တိသာသနာတော် နိမ့်လျှောမည့်အရေးကို တွေးပူမိသဖြင့် နိုင်ငံတော်က ကျင်းပသည့် ပထမပြန်စာမေးပွဲအပြင် စာသင်သားများအတွက် ပရိယတ္တိ စာပေပိုမိုနှံ့စပ်ကျွမ်းဝင်စေမည့် စာမေးပွဲများကို အစိုးရမဟုတ်သော အသင်းအဖွဲ့များက တီထွင်ကျင်းပခဲ့ကြောင်း သိရှိရသည်။ ၁၉၀၃ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် မန္တလေးမြို့ သကျသီဟစာမေးပွဲ၊ ၁၉၁၈ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် ရန်ကုန်မြို့ စေတိယင်္ဂဏစာမေးပွဲ၊ ၁၉၂၂ ခုနှစ်တွင် သထုံမြို့ သုဝဏ္ဏဘုမ္မိ ပရိယတ္တိစာမေးပွဲ၊ ၁၉၃၀ ပြည့်နှစ်တွင် မော်လမြိုင်မြို့ သုသမာစာရ ပရိယတ္တိစာမေးပွဲဟူ၍ အသီးသီး ပေါ်ပေါက်လာခဲ့သည်။

၁၉၄၉ ခုနှစ် (၁၃၁၁ ခုနှစ်) တွင် အသက် ၂၀ မပြည့်သေးသော ရှင်သာမဏေတို့နှင့် သင့်လျော်သည့် စာမေးပွဲမျိုးကျင်းပရန် ရည်ရွယ်၍ တောင်မြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသရေးဆွဲသတ်မှတ်ပေးတော်မူခဲ့သော စည်းမျဉ်းဥပဒေ ပြဋ္ဌာန်းကျမ်းစာများဖြင့် ‘သာသနာလင်္ကာရသာမဏေကျော်’ စာမေးပွဲကို ထပ်တိုးကျင်းပခဲ့သည်။ မန္တလေးမြို့ ပရိယတ္တိသာသနာ့ဟိတ အသင်းကြီးက စတင်ကျင်းပခဲ့သည်။ ယနေ့ သာမဏေကျော်စာမေးပွဲများ၏ အစဖြစ်သည်။

အလင်္ကာရ’ဆိုသည်မှာ ‘အဆင်တန်ဆာ’ ဟု အဓိပ္ပာယ်ရသည်။ သာသနာတော်၏ အဆင်တန်ဆာဖြစ်သော ထူးချွန်သည့် သာမဏေများကို မွေးထုတ်ပေးသော စာမေးပွဲဖြစ်၏။ စာမေးပွဲကို အဆင့်သုံးဆင့်ဖြင့် ကျင်းပကာ သုံးဆင့်လုံးအောင်မြင်ပါက သာမဏေဘွဲ့၏ နောက်တွင် ‘အလင်္ကာရ’ ဘွဲ့ကို ဆက်ကပ်သည်။ ဥပမာ သာမဏေဘွဲ့က ရှင်ကုမာရဖြစ်လျှင် ‘ရှင်ကုမာရာလင်္ကာရ’ ဟု ဂုဏ်ပြုခေါ်တွင်သည်။ (မှတ်ချက်။ အလင်္ကာရဘွဲ့ ဂုဏ်ထူးတွင်ပါရှိသည့် အ- အက္ခရာသည် သဒ္ဒါနည်းအရ မူလဘွဲ့အဆုံးအက္ခရာကို (ဒီဃ) ရေးချအဖြစ် ပြောင်းလဲပေးပါသည်။)

စာမေးပွဲအဆင့်

အထက်တွင်ဖော်ပြသည့်အတိုင်း သာမဏေကျော် စာမေးပွဲကို ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်ဟူ၍ အဆင့်သုံးဆင့်ခွဲထားသည်။ တစ်ဆင့်အောင်မှ နောက်တစ်ဆင့်ဖြေဆိုခွင့်ရသည်။

ပထမအဆင့်တွင် သဒ္ဒါရေး၊ သင်္ဂြိုဟ်ရေးနှင့် ပါဠိအနက် ပြန်ဆိုခြင်းစသည့် နှုတ်ဖြေစာမေးပွဲကို ထည့်သွင်းထားသည်။ အာဂုံနှုတ်ဖြေအောင်မှ ပထမအဆင့် ရေးဖြေစာမေးပွဲကို ဖြေဆိုခွင့်ရှိသည်။ ဒုတိယ အဆင့်၊ တတိယအဆင့် စာမေးပွဲများတွင် နှုတ်ဖြေမပါတော့ချေ။

ရေးဖြေစာမေးပွဲများကို သုံးရက်ဖြေရသည်။ အဆင့်တိုင်း သုံးကျမ်း၊ သုံးရက်ဖြေရသည်။ ပထမရက် ဝိနည်းကျမ်း၊ ဒုတိယရက် အင်္ဂုတ္တိုရ်ကျမ်းနှင့် တတိယရက် ဓမ္မပဒကျမ်းတို့ဖြစ်၏။ ဘာသာရပ် ခေါင်းစဉ်တူသော်လည်း အဆင့်ကိုလိုက်၍ ပြဋ္ဌာန်းစာအဆင့်မြင့်သွား၏။

ပြဋ္ဌာန်းကျမ်းစာ

သာမဏေကျော်စာမေးပွဲအတွက် ပြဋ္ဌာန်းထားသော သင်ရိုးကျမ်းစာများမှာ ဝိနည်းကျမ်းများ၊ အင်္ဂုတ္တိုရ်ကျမ်းများနှင့် ဓမ္မပဒပါဠိတော်ကထာကျမ်းတို့ဖြစ်ကြပါသည်။ သဒ္ဒါနည်း၊ အာဘော်၊ သံဝဏ္ဏအစရှိသော ဓမ္မာစရိယတန်းဆိုင်ရာ နည်းစနစ်များဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသည်။ သို့ဖြစ်၍ သာမဏေ (ကိုရင်) များ၏ ပရိယတ္တိစာပေအဆင့်ကို ခန့်မှန်းကြည့်နိုင်ပါသည်။ သိသာရန် အကျဉ်းတင်ပြလိုပါသည်။

ဝိနည်း ငါးကျမ်းတွင် ငါးအုပ်ပြဋ္ဌာန်းထားပါသည်။ ပါရာဇိကဏ်ပါဠိတော်တစ်အုပ်၊ ပါစိပါဠိတော် တစ်အုပ်၊ မဟာဝါ ပါဠိတော်တစ်အုပ်၊ စူဠဝါ ပါဠိတော်တစ်အုပ်၊ ပရိဝါ ပါဠိတော်တစ်အုပ်တို့ဖြစ်၏။

အင်္ဂုတ္တိုရ် ဆယ့်တစ်ကျမ်းတွင် သုံးအုပ်ပြဋ္ဌာန်းပါသည်။ ၎င်းတို့မှာ ဧကက၊ ဒုက၊ တိက၊ စတုတ္ထ တစ်အုပ်၊ ပဉ္စက၊ ဆဋ္ဌက၊ သတ္တက တစ်အုပ်၊ အဋ္ဌက၊ နဝက၊ ဒသက၊ ဧကာဒသက တစ်အုပ်တို့ဖြစ်၏။

ဓမ္မပဒ ပါဠိတော် အဋ္ဌကထာတစ်ကျမ်းမှ နှစ်အုပ်ပြဋ္ဌာန်းပါသည်။ ပထမတွဲတစ်အုပ်နှင့် ဒုတိယတွဲတစ်အုပ်တို့ဖြစ်၏။

သာမဏေ(ကိုရင်)တို့ သင်ကြားရသော ပရိပတ္တိစာပေမှာ မြင့်လှပါသည်။ သာမဏေကျော် စာမေးပွဲအောင်မြင်ပြီးပါက ဓမ္မာစရိယ (စာချတန်း) စာမေးပွဲကို အလွယ်တကူဖြေဆိုနိုင်ရုံမျှမက တိပိဋကဓရစာမေးပွဲကိုပါ အခက်အခဲနည်းပါးစွာ ဖြေဆိုနိုင်သည့် အရည်အချင်းနှင့် ပြည့်စုံသော ပုဂ္ဂိုလ်များဖြစ်လာပါသည်။

နိုင်ငံတစ်ဝန်းရှိ သာမဏေကျော်စာမေးပွဲများ

တိုင်းဒေသကြီး၊ ပြည်နယ် ၁၁ ခုရှိ မြို့နယ် ၁၇ မြို့နယ်တွင် သာမဏေကျော်စာမေးပွဲကို အမည်အမျိုးမျိုးဖြင့် ကျင်းပကြသည်။ သင်ရိုးတူညီကြသော်လည်း အသင်းအဖွဲ့အလိုက် ဖြေဆိုရက် သတ်မှတ်ခြင်း၊ မေးခွန်းထုတ်ခြင်း၊ ပူဇော်ပွဲကျင်းပခြင်းတို့ကို သီးခြားလွတ်လပ်စွာ လုပ်ဆောင်ကြသည်။ စာမေးပွဲမရှိသော ဒေသမှ သာမဏေများသည် စာမေးပွဲရှိရာ မြို့များသို့ သွားရောက်ဖြေဆိုကြသည်။

စာဖြေသာမဏေအင်အားမှာ စာပေဌာန တစ်ခုနှင့်တစ်ခု မတူချေ။ မှတ်တမ်းများအရ အနည်းဆုံးအပါး ၁၀၀ မှ အများဆုံး အပါး ၃၀၀၀ အတွင်းရှိခဲ့သည်။ ကျင်းပသောကာလမှာမူ အခြေအနေအရ ပြောင်းနိုင်ပေသည်။ ကိုဗစ်ကာလ ၂၀၂၁တွင် ရခိုင်နှင့် မွန်နှစ်နေရာသာလျှင် သာမဏေကျော် စာမေးပွဲပြုလုပ်နိုင်ကြောင်းသိရ၏။

သာသနာတော်၏ အုတ်မြစ်

သာမဏေဘဝတွင် ဓမ္မအခြေခံကောင်းခဲ့ပါက ရဟန်း၊ ပဉ္စင်းဖြစ်သော် စာတတ်ပေတတ် ကျမ်းဂန်တတ် အကျော်အမော်ဖြစ်လာနိုင်သည်။ တရားဟောနေသော ဓမ္မကထိကတွေ၊ ပရိယတ္တိသင်ကြားပို့ချနေသော စာချအကျော် ဆရာတော်တွေ၊ ခန္ဓာဉာဏ်ရောက် တရားပြနေသော ကမ္မဋ္ဌာန်းဆရာတော်တွေသည် တစ်ချိန်က သာမဏေ (ကိုရင်) ဘဝကို ဖြတ်သန်းလာခဲ့ကြသော ပုဂ္ဂိုလ်များ ဖြစ်သည်။ ဆိုလိုသည်မှာ သာမဏေ(ကိုရင်)များသည် ထေရဝါဒဗုဒ္ဓသာသနာ၏ အရန်အင်အားများ ဖြစ်သောကြောင့် သာသနာတော်အဓွန့်ရှည်တည်တံ့ရေးအတွက် အငယ်ဆုံး အနိမ့်ဆုံး သာသနာဝင်ကိုရင်၊ သာမဏေများ၏ ပညာရေးကို အလေးထားပြုစုပျိုးထောင်ပေးရန်မှာ အဓိကကျသောအကြောင်း အချက်တစ်ခုဖြစ်သည်။ သာမဏေကျော်စာမေးပွဲများသည် သာသနာတော် အရှည်တည်တံ့ရေးအတွက် အခြေခံအုတ်မြစ်တစ်ခုဟု ဆိုနိုင်သည်။

သာမဏေကျော် စာမေးပွဲများကို အစိုးရက ဦးဆောင်ကျင်းပခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ ဆရာတော်ကြီးများထံ ဩဝါဒခံယူ၍ စေတနာ့ဝန်ထမ်းသာသနာရေးဆိုင်ရာ အသင်းအဖွဲ့များက ကျင်းပပေးခြင်း ဖြစ်သည်။ (မှတ်ချက်။ စုဆောင်းထားသော သာမဏေကျော် စာမေးပွဲစာရင်းကို ဇယားဖြင့် ဖော်ပြထားပါသည်။ အပြောင်းအလဲရှိနိုင်ပါသည်။) အသင်းအဖွဲ့များ၏ ဘာသာရေးအသိဖြင့် ကိုယ်ထူကိုယ်ထ သာမဏေကျော်စာမေးပွဲများ ကျင်းပပေးခြင်းသည် အလွန်လေးစားဖွယ်၊ ချီးကျူးဖွယ်ကောင်းသော သာသနာရေးဆိုင်ရာ မြင့်မြတ်သည့် အစဉ်အလာအလေ့အထအဖြစ် တည်ရှိနေသည်။ ထိုအသင်းအဖွဲ့များ ရပ်တည်နိုင်ရေးအတွက် အလှူရှင်များ လိုအပ်မည်ဟု တွေးမိသည်။ ရန်ပုံငွေ ချို့တဲ့လျှင် အစဉ်အလာကို ဆက်ထိန်းရန် ခဲယဉ်းပေလိမ့်မည်။ စာမေးပွဲကျင်းပပေးသော အသင်းအဖွဲ့များကို ထောက်ပံ့ကူညီရန် လိုအပ်သကဲ့သို့ သာမဏေကျော် စာသင်တိုက်များကိုလည်းအားပေးချီးမြှောက်ရန်လိုအပ်ပါပေသည်။

No comments:

Post a Comment