ထိုကာလများအတွင်း ပြည်တွင်းဒေသအနှံ့အပြားတို့တွင် လက်နက်ကိုင်ပဋိပက္ခများက အဆက်မပြတ် တရစပ်ရှိနေသည်။ ပြည်နယ်အစွန်အဖျားဒေသများတွင် အခြေစိုက်၍ နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့သော လက်နက်ကိုင်များ၊ ပြည်တွင်းဒေသအချို့တွင် ၂၀၂၁ ခုနှစ် နောက်ပိုင်းပေါ်ပေါက်လာခဲ့သော လက်နက်ကိုင်များ အားလုံးတို့မှာ နိုင်ငံရေးမကျေလည်မှုများအပေါ် အခြေခံသည်။ ထိုအထဲတွင်နိုင်ငံရေးကိုဗန်းပြကာ ကိုယ်ကျိုးရှာနေသူများ၊ သယံဇာတခိုးထုတ်နေသူများ၊ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်နေသူများ၊ ရာဇဝတ်ဂိုဏ်းသာသာအုပ်စုများနှင့် တစ်နယ်တစ်ဗိုလ် မင်းမူနေချင်ကြသူများ စသည်ဖြင့် အုပ်စုကွဲပေါင်းများစွာလည်း ပါဝင်နေသည်။
လက်နက်ကိုင်ဆန့်ကျင်လှုပ်ရှားမှုများက ၎င်းအဖွဲ့များအခြေခံ လှုပ်ရှားရာနယ်မြေဒေသများကို မတည်မငြိမ်ဖြစ်စေသည်။ ဒေသတည်ငြိမ်အေးချမ်းမှု မရှိခြင်း၏ဆိုးကျိုးကို ခံစားကြရသူများမှာ ဒေသတွင်းနေ ပြည်သူများပင်ဖြစ်သည်။ တိုက်ပွဲများကြောင့် မြို့များ၊ ရွာများပျက်စီးသည်။ လူများထိခိုက်ဒဏ်ရာရ သေကျေသည်။ နေအိမ်တိုက်တာများ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများနှင့် ပိုင်ဆိုင်မှုများ ဆုံးရှုံးသည်။ ပြည်သူတို့၏ လူမှုဘဝများနှင့် ကျန်းမာရေး၊ ပညာရေးစသည်တို့ အဘက်ဘက်မှ ထိခိုက်နစ်နာသည်။ လက်နက်ကိုင်လမ်းစဉ်ဖြင့် အဖြေရှာမရနိုင်သည့် နိုင်ငံရေးပုစ္ဆာတွင် နောက်ထပ်လက်နက်ကိုင်အုပ်စုများ ထပ်မံတိုးပွားလာခြင်းက နိုင်ငံနှင့်ပြည်သူတို့ကို နစ်သည် ထက်နစ်နာစေပြီး ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံး လက်နက်ကိုင် ပဋိပက္ခကို ထပ်မံ ရှည်ကြာစေဦးမည်ဖြစ်သည်။
လက်ရှိနိုင်ငံတော်ကို တာဝန်ယူထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရမှာ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရန် လိုအပ်သည့်အခင်းအကျင်းများကို ဆောင်ရွက်နေသည့်နည်းတူ နိုင်ငံတစ်နိုင်ငံအနေနှင့် တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုလည်း မဖြစ်မနေဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် အထက်တွင်ဆိုခဲ့သည့်အတိုင်း နိုင်ငံတွင် ကြုံတွေ့လာခဲ့ရသည့် ကပ်ရောဂါဘေး၊ မုန်တိုင်းဘေး၊ ရေကြီးရေလျှံဘေး၊ မြေငလျင်ဘေး စသည့် သဘာဝဘေးအန္တရာယ်ကြီးများနှင့် စပ်လျဉ်း၍လည်း ကြိုတင်ကာကွယ်ရေး၊ အရေးပေါ်တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေး တို့ကို ကြိုးပမ်းအားထုတ် လုပ်ဆောင်ခဲ့သည်။
အထူးသဖြင့် ဒီမိုကရေစီလမ်းကြောင်း ဖောက်ပြန်တိမ်းချော် ခဲ့သည့်အပေါ် ပြန်လည်တည့်မတ်ခြင်းနှင့်အတူ ဒီမိုကရေစီ၏ မရှိမဖြစ်လုပ်ငန်းစဉ်ဖြစ်သော လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲကို ဆောင်ရွက်ပေးရန် ကတိကဝတ်နှင့်အညီ ယခုနှစ်ကုန်ပိုင်းတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဖြစ်ပေါ်လာတော့မည်ဖြစ်သည်။ အဆိုပါ ဒီမိုကရေစီလုပ်ငန်းစဉ်ကြီးတွင် လက်နက်ကိုင်အဖွဲ့များလည်း ပါဝင်နိုင်ရေးအတွက် တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာကြရန်လည်း ကမ်းလှမ်းထားပြီး ဖြစ်သည်။ PDF များအပါအဝင် လက်နက်ကိုင်အဖွဲ့များအားလုံးကို ဖိတ်ခေါ်ထားခြင်းဖြစ်ရာ ငြိမ်းချမ်းသည့်နည်းလမ်းကို ကျင့်သုံးခြင်း ဖြင့် ပြည်သူလူထုအပေါ် တင်ရှိနေသည့် စိုးရိမ်သောကနှင့် ဝန်ထုပ်ဝန်ပိုးတို့ ကင်းစင်စေမည့်အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုပါ အရှိန်အဟုန်ဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။
နိုင်ငံလွတ်လပ်ရေးရပြီးကတည်းက ဖြစ်ပေါ်ခဲ့သော လက်နက်ကိုင်လမ်းစဉ်များမှာ အောင်မြင်မှုမရှိသည့်အပြင် နိုင်ငံအနေဖြင့်လည်း အောက်တန်း၊ နောက်တန်းကျစေသည်။ အမိမြေပေါ်တွင် နေထိုင်ကြသူအားလုံး တစ်စည်းတစ်လုံးတည်း တက်ညီလက်ညီ ကြိုးပမ်းကြလျှင် နှစ်အနည်းငယ်အတွင်း နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည်ဖြစ်ရာ ငြိမ်းချမ်းသည့် နိုင်ငံရေးလမ်းကြောင်းပေါ်သို့ အားလုံးပါဝင်လျှောက်လှမ်းနိုင်ကြပါစေကြောင်း။ ။
No comments:
Post a Comment