Wednesday, July 16, 2025

ရေကြီးရေလျှံသဘာဝဘေးအန္တရာယ် ကြိုတင်သတိပြုစုပေါင်းကာကွယ်

 


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ ၁၄ ရက်နေ့ ညနေပိုင်း တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိကာ နောက် ၂၄ နာရီတွင် အိန္ဒိယနိုင်ငံအနောက် ဘင်္ဂလားပြည်နယ်သို့ ဆက်လက်ဖြတ်ကျော်ခဲ့သည်။ အဆိုပါမုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံရှိ အချို့ဒေသများတွင် မိုးသည်းထန်မှုများဖြစ်ပေါ်ခဲ့ပြီး အထူးသဖြင့် ရခိုင်ပြည်နယ်အချို့ဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

မုတ်သုံရာသီကာလ၌ မြန်မာနိုင်ငံတစ်ဝန်းတွင် မိုးပိုမိုအားကောင်းလာမှုနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ အားကောင်းလျက်ရှိသည်။ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာတစ်လျှောက်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပြီး ဇူလိုင်လ ၁၅ ရက်နေ့မှ စ၍ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း နှင့် အရှေ့ပိုင်း)တို့တွင် မိုးပိုမိုလာနိုင်သည်ဟု အသိပေးထားသည်။

ဇူလိုင်လ ၁၄ ရက်နေ့ တိုင်းထွာချက်များအရ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် တစ်ပေကျော်ကျော်တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်သုံးရက်အတွင်း ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။ ဆက်လက်၍ ဧရာဝတီမြစ်ရေသည် ချောက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် တစ်ပေခန့်တွင်ရှိသော်လည်း အဆိုပါမြစ်ရေသည် နောက်နှစ်ရက်အတွင်း ချောက်မြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်ဟု အသိပေးထားသည်။ အလားတူ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် စိုးရိမ်ရေမှတ်အောက် တစ်ပေခန့်တွင်ရှိသော်လည်း နောက်နှစ်ရက်အတွင်း ဆိပ်သာ မြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။

အလားတူ ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း သုံးလက်မခန့်မြင့်တက်လာကာ ညောင်ဦးမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။ ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင် စိုးရိမ်ရေမှတ်အောက် တစ်ပေကျော်တွင် ရောက်ရှိနေပြီး နောက်သုံးရက်အတွင်း ဟင်္သာတမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်နိုင်သည်။ အဆိုပါတိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် သုံးလက်မခန့်တွင်ရှိနေပြီး နောက် ၁၂ နာရီအတွင်း တောင်ငူမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။

မြန်မာနိုင်ငံရှိ မြစ်ကြီးလေးသွယ်သည် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မြစ်ကြီးအသီးသီး၌ မြစ်ရေများပြည့်လျှံနေပြီး အထက်ဖော်ပြပါမြို့များအနေဖြင့် မြစ်ရေကြီးမှုဖြစ်ပေါ်နိုင်သည့် အခြေအနေများရှိသောကြောင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နေ့စဉ်မပြတ် မြစ်ရေလျှံမှုအခြေအနေများကို အသိပေးလျက်ရှိသည်။ ထို့ကြောင့် ပခုက္ကူမြို့နယ်၊ ချောက်မြို့နယ်၊ ဆိပ်သာမြို့နယ်၊ ညောင်ဦးမြို့နယ်၊ တောင်ငူမြို့နယ်၊ ဟင်္သာတမြို့နယ်တို့တွင် မြစ်ကမ်းအနီး မြေနိမ့်ပိုင်းတွင် နေထိုင်ကြသူပြည်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန်နှင့် အဆိုပါ မြစ်ရေများတက်လာပါက အချိန်မီရှောင်ရှားနိုင်ပါရန် သက်ဆိုင်ရာအဖွဲ့အစည်းများက နေ့စဉ်နှင့်အမျှ ကြိုတင်အသိပေး နှိုးဆော်လျက်ရှိသည်။

မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် နှစ်စဉ်ရင်ဆိုင်ကြုံတွေ့ နေရသောနိုင်ငံဖြစ်သည်။ အထူးသဖြင့် ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်အနည်းနှင့်အများဆိုသလို ကြုံတွေ့လျက်ရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို ခံခဲ့ကြရပြီး ၂၀၂၄ ခုနှစ်တွင် မြန်မာပြည်အလယ်ပိုင်း၌ ရာဂီမုန်တိုင်းသက်ရောက်မှုကြောင့် ရေကြီးရေလျှံမှု မြေပြိုမှုသဘာဝဘေးအန္တရာယ်များကို ဆိုးဆိုးရွားရွားကြုံတွေ့ခဲ့ရသည်။ ယခု ၂၀၂၅ ခုနှစ်တွင် အင်အားပြင်းထန်သော မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုနှင့်ပျက်စီးမှုများကို ယခုထက်တိုင် ဆောင်ရွက်နေဆဲဖြစ်သည်။

သို့ဖြစ်ရာ သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို လွန်ဆန်နိုင်စွမ်းမရှိသော်လည်း ကျရောက်ခဲ့ဖူးသည့် သဘာဝဘေးအန္တရာယ်များကို သင်ခန်းစာယူဖော်ထုတ်ပြီး ကျရောက်လာနိုင်သော ရေကြီးရေလျှံကဲ့သို့ သဘာဝဘေးအန္တရာယ်များကို နေ့စဉ်အသိပေးထုတ်ပြန်ချက်များအား ဂရုစိုက်မှတ်သားပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားခြင်းအားဖြင့် ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် လျှော့ချနိုင်မည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment