နေပြည်တော် ဇူလိုင် ၂၃
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၁၆)ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်
ဗဟိုကော်မတီဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးမင်းနောင်က (၁၅) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ
လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်အတွက် အာမခံကြေးကို ပြင်ဆင်သတ်မှတ် ပေးသွင်းစေသည့် ဗဟိုကော်မတီ၏
“အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၅)”ကို ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း။
ဗဟိုကော်မတီ၏
လုပ်ငန်းတာဝန်နှင့်အညီ နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်လိုအပ်ချက်ဖြစ်သည့်
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း၊ စားရေရိက္ခာဖူလုံစေရေး နှင့် ပြည်ပတင်ပို့နိုင်ရေးအတွက်
စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြေလွတ်၊ မြေလပ်နှင့်
မြေရိုင်းများ အားအသုံးပြုလုပ်ကိုင်ခွင့်ပြုနိုင်ရန် ယနေ့အစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေး၍
စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ ဆိုလာစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့်လုပ်ငန်းများ၊
စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ MSME လုပ်ငန်းများ၊ ကာလတိုအတွင်း အကျိုးစီးပွားဖြစ်ထွန်းစေမည့်
(Quick Win) လုပ်ငန်းများကို ဦးစားပေးခွင့်ပြု သွားရမည်ဖြစ်ကြောင်း။
တစ်ဖက်တွင်လည်း
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိထားပြီး စည်းကမ်းချက်
သတ်မှတ်ကာလ လေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု မရှိသည့် မြေဧရိယာများကို
အထူးအဖွဲ့များဖြင့် ကွင်းဆင်းစိစစ်၍ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ပြုပေးထားသော
လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်များအား ပြန်လည်ရုပ်သိမ်းနိုင်ရေးနှင့် အာမခံကြေး များအား
နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းနိုင်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြေလွတ်၊
မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ အတွင်းရေးမှူးက အစည်းအဝေးတွင်
ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းစာတွဲများကို တင်ပြရာ ဗဟိုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက
လုပ်ငန်းရပ် တစ်ခုချင်းအပေါ် ဆွေးနွေးစိစစ်ဆောင်ရွက်ကြသည်။
ယနေ့ အစည်းအဝေးတွင်
သက်ဆိုင်ရာဝန်ကြီးဌာနများက သဘောထားပြန်ကြားလာသည့် လုပ်ငန်းစာတွဲများ စိစစ်တင်ပြခြင်း၊
ယခင်ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်များအရ ပြန်လည်စိစစ်တင်ပြလာသည့် လုပ်ငန်းစာတွဲများ၊
လုပ်ပိုင်ခွင့်အသုံးပြုခွင့် ခွင့်ပြုမိန့်ပြန်လည် အပ်နှံသည့်ကိစ္စရပ်၊ ပေးသွင်းထားသည့်အာမခံကြေး
ပြန်လည်ထုတ်ယူခွင့်ပြုပါရန် တင်ပြလာ သည့်ကိစ္စရပ်၊ အကောင်အထည်ဖော်ရမည့် ကာလသက်တမ်း
တိုးမြှင့်ပေးပါရန် တင်ပြသည့် ကိစ္စရပ်၊ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများက
မြေခွန်ပေးသွင်းရန် ကျန်ရှိမှုအခြေအနေတို့ကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment