ကမ္ဘာပေါ်ရှိနိုင်ငံများသည် ပညာဖြင့်သာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာကြသည်။ ပညာရေးကို စဉ်ဆက်မပြတ် အားပေးမြှင့်တင်ကြသည်။ မျိုးဆက်များအား စဉ်ဆက်မပြတ်သင်ကြားပေးခဲ့သော ပညာများဖြင့် မိမိဘဝတိုးတက်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်လျက်ရှိသည်။
ထိုသို့အကောင်အထည်ဖော်ရာတွင်
ကျောင်းသား ကျောင်းသူများ ကျောင်းနေပျော်၍ စာတော်စေရန် ဆရာ ဆရာမများက အင်တိုက်အားတိုက်
စေတနာအပြည့်အဝထား၍ သင်ကြားပေးလျက်ရှိသည်။ ဆရာ ဆရာမများ၏ တတ်မြောက်ထားသော ပညာရပ်များဖြင့်
မိမိတို့တာဝန်ယူသင်ကြားပေးနေသည့် ဘာသာရပ်များကို ကျောင်းသား ကျောင်းသူများ
အမှန်တကယ်သင်ကြားတတ်မြောက်နိုင်မှသာလျှင် နိုင်ငံ့တာဝန်ကျေပွန်မည်ဖြစ်သည်။
တက္ကသိုလ်အဆင့်တွင် အထူးပြုဘာသာရပ်အသီးသီးမှ စတုတ္ထနှစ်နှင့် ပဉ္စမနှစ်ကျောင်းသား ကျောင်းသူများအနေဖြင့်
Project များကို
မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်သည်။
ဥပမာအားဖြင့်
ဆေးပညာ၊ အင်ဂျင်နီယာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ မွေးမြူရေး၊ စိုက်ပျိုးရေးဘာသာရပ် စသည့်
သိပ္ပံဘာသာရပ်များနှင့်ပတ်သက်၍ ထိရောက်စနစ်ကျသော လက်တွေ့အသုံးချသင်ကြားပြသနိုင်မှုကြောင့်
ထူးချွန်ထက်မြက်သော ဘာသာရပ်ဆိုင်ရာပညာရှင်များ ပေါ်ထွန်းလာသကဲ့သို့
ဝိဇ္ဇာပညာရပ်များအပါအဝင် အခြားဘာသာရပ်အသီးသီး၌လည်း လက်တွေ့အသုံးချသုတေသနပြုဖော်ထုတ်မှုများဖြင့်
နယ်ပယ်အလိုက် ပညာရှင်အသီးသီးပေါ်ထွက်ပြီး မိမိအကျိုး၊ နိုင်ငံ့အကျိုးကို
သယ်ပိုးထမ်းဆောင်နိုင်ကြမည်ဖြစ်သည်။ အလားတူစဉ်ဆက်မပြတ် ပညာရည်မြှင့်တင်ပေးနိုင်ရေးအတွက်
ဘွဲ့လွန်၊ မဟာ၊ ပါရဂူပညာရပ်များတွင် Project နှင့် သုတေသနပြုစာတမ်းများ
ရေးဆွဲပြုစုခြင်းများက အနာဂတ်နိုင်ငံတော်အတွက် များစွာအထောက်အကူပြုမည်ဖြစ်သည်။
Project နှင့်သုတေသနပြုစာတမ်းများပြုစုရာတွင် စာတမ်းများကို မှတ်တမ်းမှတ်ရာအဖြစ်
ကျန်ရှိနေခြင်းသာမက မိမိအတွက်၊ အများပြည်သူ၊ နိုင်ငံအတွက်ပါ အကျိုးရှိအောင် ဆောင်ရွက်ထားရမည်ဖြစ်သည်။
တက္ကသိုလ်ဟူသည် သင်ကြားရေးတစ်ခုတည်းအတွက်နှင့် ပြည့်စုံသည်မဟုတ်ပေ။ သင်ကြားရေးသာမက
သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရသည်။ ဌာနအလိုက် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
သုတေသနစာစောင်တွင် ပါဝင်ရေးသားခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ခဲ့ကြသောကြောင့် ပညာရပ်ဆိုင်ရာတို့ကို စဉ်ဆက်မပြတ်လေ့လာဆည်းပူးနိုင်သလို
စိတ်ပါဝင်စားသည့် အများပြည်သူတို့အနေဖြင့်လည်း လေ့လာဆည်းပူးကြကာ မိမိအကျိုး၊
နိုင်ငံ့အကျိုးကို ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။
ဥပမာအားဖြင့်
ပါမောက္ခအေအဂ္ဂါနှင့် ဘီရပ်ဂိုပေါလ်တို့က အိန္ဒိယနှင့် မြန်မာဥပဒေစာအုပ်သုံးတွဲကို
ပြုစု၍ ၁၉၂၈ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထိုနှစ်တွင် ပါမောက္ခ ဦးဖေမောင်တင်က
ဓမ္မသတ်များကို ဘာသာပြန်ခဲ့သည်။ ၁၉၃၀ ပြည့်နှစ်တွင် အေအဂ္ဂါကအိန္ဒိယဥပဒေများမှ မြေယာပစ္စည်း
(ပိုင်ဆိုင်ခွင့်) အတွဲ ၁ နှင့် မြေယာပစ္စည်း (လွှဲပြောင်းခြင်း) အတွဲ ၂ ကို
ရေးသားပြုစုခဲ့သည်။ အရှေ့တိုင်းပညာဌာနကလည်း ၁၉၂၈ ခုနှစ်၌ ပါမောက္ခ ဦးဖေမောင်တင်သည်
ကင်းဝန်မင်းကြီး လန်ဒန်မြို့သို့သွားနေ့စဉ်မှတ်တမ်း အတွဲ ၂ ကို လည်းကောင်း၊
ကင်းဝန်မင်းကြီး ပြင်သစ်နိုင်ငံသွားနေ့စဉ်မှတ်တမ်းနှင့် ရှင်ဗုဒ္ဓဃောသ၏
ဝိသုဒ္ဓိမဂ်အင်္ဂလိပ်ဘာသာပြန် အတွဲ ၂ ကိုလည်းကောင်း တည်းဖြတ်ထုတ်ဝေခဲ့သည်။ အလားတူပညာရှင်အသီးသီး၏
သုတေသနစာတမ်းများကို ပုံနှိပ်ထုတ်ဝေထားရှိခြင်းအားဖြင့် နိုင်ငံသမိုင်းတစ်လျှောက်၌
များစွာအထောက်အကူပြုခဲ့သည်။
သုတေသနဆောင်းပါးများသည်
အဆင့်အတန်းရှိသဖြင့် နိုင်ငံတကာကပင် လေးစားအထင်ကြီးခြင်းခံခဲ့ရသည်။
စစ်ကြိုခေတ်ကာလက ရန်ကုန်တက္ကသိုလ်ရှိ ဌာနအသီးသီး၏ သုတေသနဆောင်ရွက်ချက်များနှင့်
ပုံနှိပ်ထုတ်ဝေခြင်းတို့သည် အလွန်အားကျစရာကောင်းလှသည်။ တက္ကသိုလ်ဆရာတစ်ဦးသည်
သင်ကြားရေးသာမက သုတေသနကိုလည်းပြုရသည်။ အခြားနိုင်ငံများတွင် ပါမောက္ခတစ်ဦး၏
အရည်အသွေးကို တိုင်းတာရာ၌ သုတေသနစာတမ်းမည်မျှပြုစုသည်၊ စာအုပ်မည်မျှ ထုတ်ဝေသည်၊
နိုင်ငံတကာသုတေသနစာတမ်းများ မည်မျှဖတ်ကြားသည်တို့အပေါ်တွင် အခြေခံသဖြင့်
အပြိုင်အဆိုင်လုပ်ကိုင်ကြပြီး အဆိုပါသုတေသနစာတမ်းများ၊ စာအုပ်များသည် နိုင်ငံအတွက်
အကျိုးပြုသဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။
သို့ဖြစ်ရာ
မျိုးဆက်သစ်များကို ကျောင်းနေပျော်ပြီး စာတော်အောင် သင်ကြားပို့ချပေးကာ
ဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်းများ၊ စာအုပ်များ ပြုစုထုတ်ဝေပြီး ကျောင်းသား
ကျောင်းသူများအတွက်သာမက နိုင်ငံအတွက်ပါ အကျိုးပြုနိုင်အောင် အပတ်တကုတ်
ဝိုင်းဝန်းကြိုးပမ်းစွမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment