Wednesday, July 16, 2025

ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တတိယအကြိမ်မြောက် အာဆီယံပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့အစည်းအဝေးတက်ရောက်

 

နေပြည်တော် ဇူလိုင် ၁၅

တတိယအကြိမ်မြောက် အာဆီယံပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့အစည်းအဝေး (3rd Meeting of ASEAN Geoeconomics Task Force)ကို ယနေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံ၏ အာဆီယံပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့ ခေါင်းဆောင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။

ဆွေးနွေး

အစည်းအဝေးတွင် အာဆီယံနိုင်ငံများအပေါ် အမေရိကန်၏ အကောက်ခွန်နှုန်းထား အသစ်များဖြင့် ကောက်ခံမှုဆိုင်ရာကိစ္စရပ်များ၊ လက်ရှိဖြစ်ပေါ်နေသည့် ပထဝီစီးပွားရေးစိန်ခေါ်မှုများအပေါ် အာဆီယံအနေဖြင့် မူဝါဒဆိုင်ရာ ရင်ဆိုင်တုံ့ပြန်မည့် အာဆီယံပေါင်းစည်းမှု အစီရင်ခံစာရေးဆွဲရေး၊ အာဆီယံ-အမေရိကန် အနာဂတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းခိုင်မာစေရေးနှင့် လုပ်ငန်းအဖွဲ့၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြသည်။

ပူးပေါင်းဆောင်ရွက်

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့ပထဝီစီးပွားရေး အခြေအနေကို အာဆီယံ၏ ခိုင်မာ၍အားလုံးပါဝင်သည့် စီးပွားရေးပေါင်းစည်းမှုဖြင့် တုံ့ပြန်ဆောင်ရွက်နိုင်ကြောင်း၊ ဒေသဆိုင်ရာချဉ်းကပ်မှုနည်းလမ်းသည် ပိုမိုညီညွတ်ထိရောက်မှုရှိစေရေးအတွက် စီးပွားရေးမဏ္ဍိုင်နှင့် နိုင်ငံရေးမဏ္ဍိုင်တို့အကြား ပူးပေါင်းဆောင်ရွက်မှုခိုင်မာအားကောင်းရန် လိုအပ်ကြောင်း၊ အာဆီယံပေါင်းစည်းမှုအစီရင်ခံစာ (ASE-AN Integration Report-AIR) ရေးဆွဲအကောင်အထည်ဖော်ရာ တွင် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်၍ အာဆီယံ၏ ဗဟိုကျမှု (ASEAN Centrality) ကိုထည့်သွင်းစဉ်းစားရန်၊ ဒေသတွင်းကြံ့ကြံ့ခံနိုင်မှုကို မြှင့်တင်ရန်နှင့် ထောက်ပံ့ရေး ကွင်းဆက်များချိတ်ဆက်မှု ပိုမိုအားကောင်းအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အာဆီယံပေါင်းစည်းမှုအစီရင်ခံစာအတွက် လေ့လာဆန်းစစ်မှုပြုလုပ်ရာတွင် အဖွဲ့ဝင်နိုင်ငံများ၏ အချက်အလက်များအားလုံးပါဝင်မှုသည် အရေးကြီးကြောင်း၊ အာဆီယံ-အမေရိကန် မဟာဗျူဟာမြောက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်သုံးသပ်၍ နောက်ထပ်နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက် နိုင်မည့်အခွင့်အလမ်းများကို သတ်မှတ်ရန်လိုအပ်ကြောင်း၊ ဒေသတွင်း စီးပွားရေးမျှော်မှန်း ချက်များချမှတ်ရေးဆွဲရာတွင် မြန်မာနိုင်ငံအနေဖြင့် အခြားအာဆီယံနိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဖွဲ့စည်းထား

အာဆီယံ ပထဝီစီးပွားရေး လုပ်ငန်းအဖွဲ့ (ASEAN Geoeco-nomics Task Force) ကို ၂၀၂၅ ခုနှစ် ဧပြီ ၁၀ ရက်တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည့် အာဆီယံစီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေး၏ သဘောတူညီချက်ဖြင့် လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု အပြောင်းအလဲများကြောင့် အာဆီယံဒေသတွင်း၌ ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ ထိခိုက်နိုင်မှုများကို သုံးသပ်နိုင်ရန်နှင့် အာဆီယံစီးပွားရေးဝန်ကြီးများထံသို့ မူဝါဒဆိုင်ရာ ထောက်ခံတင်ပြချက်များ ပြန်လည်တင်ပြရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းအဖွဲ့တွင် အာဆီယံနိုင်ငံများမှ ဒုတိယဝန်ကြီးအဆင့် တစ်ဦးစီနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းမှ အကြီးတန်း စီးပွားရေးပညာရှင် တစ်ဦးစီတို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment