Wednesday, July 16, 2025

ဒီမိုကရေစီ၊ ကိုယ်ချင်းစာစိတ်နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ထားနှလုံးသား

 

ကြယ်စင်ဖေသင်

ဒီမိုကရေစီသဘောတရားနှင့် ပတ်သက်၍ အတွေးအခေါ်ပညာရှင်များ၊ သုတေသီများက ရှုထောင့်အမျိုးမျိုးဖြင့် အဓိပ္ပာယ်ဖွင့်ဆိုထားကြသော်လည်း “ဒီမိုကရေစီသည် လွတ်လပ်သည်’’ ဟူသော အယူအဆပေါ်၌ ယေဘုယျအားဖြင့် တူညီမှုရှိကြသည်။

ဒီမိုကရေစီသဘောတရားကို အကောင်အထည်ဖော်ရာတွင် လွတ်လပ်မှုနှင့်အတူ ဘေးပတ်ဝန်းကျင်ထိခိုက်မှုမရှိခြင်းဟူသော အခြေအနေကိုပါ တစ်ပြိုင်နက်စဉ်းစားရန်လိုသည်။ ဆိုလိုသည်မှာ လူတစ်ဦးတစ်ယောက်၊ အဖွဲ့တစ်ဖွဲ့၏ လွတ်လပ်စွာ ပြောဆိုပြုမူလုပ်ကိုင်ခြင်းသည် အခြားတစ်ဦး၊ အခြားအုပ်စု၊ အခြားလူမျိုးတစ်မျိုးကို ထိခိုက်မှုမဖြစ်စေသည့် အခြေအနေမျိုးဖြစ်နေရမည်။ ထိုအချက်သည် ဒီမိုကရေစီအယူအဆနှင့် ကိုယ်ချင်းစာစိတ်တို့ ယှဉ်တွဲနေသည်ကို ဆိုလိုခြင်းဖြစ်သည်။ ကိုယ်ချင်းစာခြင်းသည် မိမိအလိုဆန္ဒနှင့် နှိုင်းယှဉ်လျက် အခြားသူတစ်ဦးတစ်ယောက်အပေါ်တွင် နားလည်မှုရှိခြင်းဖြစ်သည်။ စိတ်ထင်တိုင်း လွတ်လပ်စွာလှုပ်ရှားပြုမူ ပြောဆိုဆောင်ရွက်ခြင်းသည် ဒီမိုကရေစီမဟုတ်ပါ။

ထို့ကြောင့် ဒီမိုကရေစီသည် ပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိသော လွတ်လပ်ခြင်းကို ဗဟိုပြု၏။ ဒီမိုကရေစီအယူအဆကိုကိုင်စွဲလျက် ပြုမူလုပ်ဆောင်နေသည့် လူတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ဖွဲ့သည် ၎င်းတို့၏ စိတ်ထား၊ ခံစားမှုနှင့် တူညီစွာအခြားသူတစ်ဦး၊ တစ်ဖွဲ့အပေါ်တွင်လည်း ပြုမူရမည်။ ထို့ကြောင့် ဒီမိုကရေစီအယူအဆတွင် ကိုယ်ချင်းစာတတ်သည့်စိတ်ထား အလိုအလျောက် တည်ရှိနေပြီးသားဖြစ်သည်ကို သတိပြု ရပါမည်။         

ဒီမိုကရေစီ အယူအဆတွင် ကိုယ်ချင်းစာစိတ် ကိန်းဝပ်နေခြင်းနှင့်ပတ်သက်၍ အမေရိကန် နိုင်ငံသူဒဿနိက ပါမောက္ခ Elizabeth Anderson က ကိုယ်ချင်းစာမှုသည် ဒီမိုကရက်တစ် ယဉ်ကျေးမှု၏ အဓိက အစိတ်အပိုင်းထဲမှ တစ်ခုဖြစ်သည်ဟု ဆိုထားသည်။ ဒီမိုကရေစီတွင် ကိုယ်ချင်းစာစိတ်နှင့် လုပ်ပိုင်ခွင့်တို့ ယှဉ်တွဲတည်ရှိနေသည်။

ကိုယ်ချင်းစာစိတ်ထားတတ်ကြသော နိုင်ငံသူ၊ နိုင်ငံသားများရှိသည့် လူ့အဖွဲ့အစည်းတစ်ရပ်တွင် အကျိုးစီးပွားတစ်ရပ်ကို အားလုံးသဟဇာတဖြစ်စွာ မျှဝေခံစားကြသည်ဟု မှတ်ယူနိုင်သည်။ ဒီမိုကရေစီ အလေ့အထဖြင့် ရပ်တည်နေသော အစိုးရတစ်ရပ်သည် ကိုယ်ချင်းစာစိတ်ထားရှိသည့် လူအဖွဲ့အစည်း တစ်ရပ်၏ အကျယ်ပြန့်ဆုံးပုံစံတစ်ရပ် ဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုထားသည်။

ထို့ကြောင့် လူ့အဖွဲ့အစည်းတစ်ရပ်၌ ဒီမိုကရေစီ အလေ့အထအားကောင်းမှု၊ မကောင်းမှုအခြေအနေက အဆိုပါလူ့အဖွဲ့အစည်းအတွင်း၌ ကိုယ်ချင်းစာစိတ်ထားနိုင်မှု အခြေအနေအနည်း၊ အများပေါ်တွင် များစွာမူတည်လျက်ရှိနေပေသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ဒီမိုကရေစီ အယူအဆ

ဗိုလ်ချုပ်အောင်ဆန်းက ဒီမိုကရေစီအယူအဆနှင့်ပတ်သက်၍ ကောင်းစွာသဘောပေါက်ခဲ့သူ ဖြစ်သည်ကို လွတ်လပ်ကြိုးပမ်းမှု ကာလတစ်လျှောက် ၎င်း၏ပြောဆိုမိန့်မှာချက်များတွင်တွေ့နိုင်သည်။ ထိုပြောဆိုချက်များအနက် ၁၉၄၇ ခုနှစ် မေလ ၁၉ ရက်နေ့တွင် ဖဆပလပဏာမပြင်ဆင်မှုညီလာခံ၌...

 “ဒီမိုကရေစီဆိုတာဘာလဲ။ လူလူချင်း၊ လူတန်းစားအချင်းချင်း၊ လူမျိုးအချင်းချင်း အစရှိသည်အားဖြင့် အခွင့်အရေးတန်းတူ ကျပ်ပြည့် တင်းပြည့်မရှိသမျှ ကာလပတ်လုံး ဒီမိုကရေစီကျပ်ပြည့်တင်းပြည့် မဟုတ်သေးဘူး” ဟူ၍ လည်းကောင်း၊ “တိုင်းသူပြည်သားတွေက အစိုးရအာဏာ အပ်လိုက်တုန်းက ကျုပ်တို့အတွက် ကောင်းအောင်လုပ်ပေးပါဆိုပြီး အာဏာအပ်လိုက်တာပဲ။ ဒါပေမယ့် ကျုပ်တို့ကို ခင်ဗျားတို့ အုပ်စိုးတဲ့လူတွေအတွက် နှိပ်ကွပ်အုပ်ချုပ်ပါဆိုတဲ့အချက်သာ ဖြစ်နေတယ်။ လူတွေကတင်မြှောက်ပြီး လူတွေရဲ့အကျိုး ကိုလုပ်တဲ့လူတွေရဲ့အစိုးရသာလျှင် ဒီမိုကရေစီဖြစ်နိုင်မယ်။ အခြားဟာတွေ ဒီမိုကရေစီမဖြစ်နိုင်ဘူး။ အတုတွေသာဖြစ်တယ်၊” ဟူ၍လည်းကောင်း မိန့်မှာခဲ့ဖူးသည်။

မြန်မာနိုင်ငံတွင်ကျင့်သုံးမည့် ဒီမိုကရေစီဝါဒကို လူထုအနေဖြင့် ရှင်းရှင်းလင်းလင်းသဘော ပေါက်စေရန်အတွက် ၁၉၄၅ ခုနှစ် သြဂုတ်လတွင် ပြုလုပ်ခဲ့သည့် နိုင်ငံရေးခေါင်းဆောင်များ၏ အစည်းအဝေးတစ်ရပ်တွင်လည်း “တကယ့်ဒီမိုကရေစီဆိုတာ နိုင်ငံရေးသဘောတရားတွေအရ ပြည်သူ တွေရဲ့ အကျိုးအတွက် ပြည်သူတွေက တင်မြှောက်ထားတဲ့ အစိုးရဖြစ်ရုံနဲ့ မပြီးသေးဘူး။ အဲဒီအစိုးရ ဟာပြည်သူတွေရဲ့ စီးပွားရေးအဆင့်အတန်းကို အခွင့်အရေးတန်းတူရနိုင်တဲ့ အခြေအနေအထိ မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးမှ တကယ့်ဒီမိုကရေစီအထိ တက်လှမ်းနိုင်မယ်”ဟူ၍ လည်းကောင်း၊ “ဒါကြောင့် ကျွန်တော်တို့ဟာ ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင်လုပ်ရမယ်။ အဲဒီဝါဒမျိုးအရသာလွတ်လပ်တဲ့ မြန်မာနိုင်ငံကို ထူထောင်နိုင်အောင် ကြိုးစားရမယ်။ ဒါမျိုးမလုပ်နိုင်ရင် ကျွန်တော်တို့ မြန်မာပြည်သူတွေဟာလည်း နစ်နာမယ်။… ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနှင့် ဆီလျော်တယ်။ ဒီဝါဒသာငြိမ်းချမ်းရေးကို အားပေးတယ်” ဟူ၍လည်းကောင်း ရှင်းလင်းဆွေးနွေး မိန့်မှာခဲ့သည်။

ထို့ပြင် ၁၆-၆ - ၁၉၄၇ ရက်နေ့တွင် ဦးအောင်ဆန်း အမည်ဖြင့်တင်သွင်းသည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ နှင့် ပတ်သက်သော လမ်းညွှန်ပြဋ္ဌာန်းချက်ထဲ၌လည်း “ဒီမိုကရေစီဝါဒ၊ ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီသဘောတရားတွေ ခေတ်စားနေတဲ့ သည်ကမ္ဘာကြီးမှာ ဒီမိုကရေစီသဘောထားမထားနိုင်တဲ့ နယ်ဟာအနှေးနှင့်အမြန် အဲဒီနယ်မှာရှိတဲ့လူတွေ နိုးကြား ထကြွလာပြီးသည်လိုကမ္ဘာကြီးရဲ့ သဘောတရားတွေနှင့် ဖြစ်ပျက်နေတဲ့ ခေတ်သဘောတရားတွေနှင့် ဆန့်ကျင်ဘက် သဘောတရားတွေကို တွန်းလှန်ပစ်ကြမှာပဲဆိုတာ ကျွန်တော်နိမိတ်ဖတ်ထားချင်တယ်” ဟူ၍လည်းကောင်း၊ “တကယ့်ဒီမိုကရေစီဆိုတာ နိုင်ငံရေးသဘောတရားတွေအရ ပြည်သူတွေရဲ့အကျိုးအတွက် ပြည်သူတွေက တင်မြှောက် ထားတဲ့ အစိုးရဖြစ်ရုံနဲ့မပြီးသေးဘူး။ အဲဒီအစိုးရဟာ ပြည်သူတွေရဲ့ စီးပွားရေးအဆင့်အတန်းကို အခွင့်အရေးတန်းတူရနိုင်တဲ့ အခြေအနေအထိ မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးမှ တကယ့်ဒီမိုကရေစီအထိတက်လှမ်းနိုင်မယ်” ဟူ၍ လည်းကောင်း ထည့်သွင်းရေးသားဖော်ပြခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ချင်းစာစိတ်နှင့် လွတ်လပ်ရေး

ဗိုလ်ချုပ်တွင် ငယ်ရွယ်စဉ်အချိန်ကတည်းက ကိုယ်ချင်းစာတတ်သည့်စိတ်ထား ကိန်းအောင်း လျက်ရှိနေသည်ကို ၎င်းလေးနှစ်သားအရွယ်က အဖြစ်အပျက်လေးတစ်ခုက သက်သေပြနေပါသည်။ စပါးအရောင်းအဝယ်ပြုလုပ်နေသည့် ဗိုလ်ချုပ်၏ မိခင်ကြီး(ဒေါ်စု)က တစ်နေ့၌ တောအရပ်ဒေသမှ စပါးဝယ်သူများနှင့် အရောင်းအဝယ်စကား ပြောရင်း ဒေါ်စုက “ ကိုင်းမင်းတို့ ဒါလောက်တောင် လိုချင်နေမှ ၅၀ စျေးနဲ့ပဲပေးလိုက်မယ်။ ငါဝယ်ထားတုန်းက ၆၀ စျေးတောင်ပေးထားရတယ်” ဟု ပြောလိုက်ရာ အနီးအနားတွင် ကစားနေသော မောင်ထိန်လင်း (ဗိုလ်ချုပ်၏ ငယ်အမည်)က “ဟာ အမေကလည်း မဟုတ်တာပြောရော့မယ်။ အမေ ၅၀ စျေးနဲ့ဝယ်ထားတာ ကျွန်တော်သိရဲ့သားနဲ့။ မှန်တာကိုပြောပါဗျာ။ လိမ်တာမကောင်းပါဘူး” ဟုပြောလိုက်၍ မိခင်ဖြစ်သူ၏ ပေါင်တွင်းကြော လိမ်ဆွဲခြင်းကို ခံခဲ့ရဖူးသည်ဟု ဖတ်မှတ်ဖူးသည်။

အဆိုပါဖြစ်ရပ်လေးသည် ဗိုလ်ချုပ်၏ ငယ်စဉ်ကတည်းက လိမ်မပြောတတ်သည့် အမူအကျင့်ကို ဖော်ညွှန်းနေပြီး တစ်ဖက်သား(ဆင်းရဲနွမ်းပါးသည့်သူများ)အပေါ် ထားရှိသော (တရားမျှတချင်သည့်စိတ်) ကိုယ်ချင်းစာတတ်သည့်နှလုံးသားမှ ပေါ်ထွက်လာသော အရင်းခံစကားသံများဖြစ်သည်ကို သတိပြုမိနိုင်သည်။

ဗိုလ်ချုပ်သည် ငွေကြေးအဆင်ပြေသည့် မိသားစုမှမွေးဖွားလာခဲ့သော်လည်း လူမှန်းသိတတ်သည့် အရွယ်ကတည်းက ပတ်ဝန်းကျင်၌ တွေ့မြင်နေရသည့် ဆင်းရဲနွမ်းပါးသည့် ပြည်သူလူထုဘဝ များကိုကြည့်၍ ထိုဘဝများ လွတ်မြောက်ရေးကို ဆောင်ကြဉ်းပေးလိုသည့်စိတ် ဖြစ်ပေါ်လာခဲ့သည်။ ထိုမှတစ်ဆင့် နိုင်ငံရေးစိတ်ဓာတ်များ ကိန်းအောင်းကာ နယ်ချဲ့တို့ကို တော်လှန်လိုစိတ်ပြင်းပြလာခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်ပါသည်။

၎င်းမြင်တွေခဲ့ရသော ဆင်းရဲနွမ်းပါးသည့် စာရင်းငှား၊ အလုပ်သမားလူတန်းစားများကို ကြည့်ရင်း လူတန်းစေ့မနေနိုင်သော သူတို့၏ ဘဝများအပေါ် သနားကရုဏာဖြစ်ခဲ့ပုံပေါ်သည်။ မြန်မာ နိုင်ငံ၏ လူဦးရေအများစုမှာ ဆင်းရဲသားလူတန်းစားများဖြစ်ကြပြီး အဆိုပါလူတန်းစားများ၏ ကောင်းကျိုး ချမ်းသာနှင့်ဘဝမြှင့်တင်ရေးအတွက် ကြိုးပမ်းပေးလိုစိတ် တဖွားဖွား ပေါ်လာခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ်တွင် ကလေးဘဝကတည်းက တစ်ပါးသူအပေါ် ကိုယ်ချင်းစာတတ်သည့်စိတ်မှာ အလိုအလျောက် ကိန်းအောင်းနေခဲ့ပြီးဖြစ်သည်ဟု ကောက်ချက်ချနိုင်သည်။

ကျောင်းသားခေါင်းဆောင်၊ နိုင်ငံရေးပါတီ ခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင် စသဖြင့် ခေါင်းဆောင်မျိုးစုံဘဝကို ဖြတ်သန်းခဲ့ရသည့် ဗိုလ်ချုပ်သည် လက်အောက်ငယ်သား၊ တပည့်များအပေါ် မည်သို့မည်ပုံ စိတ်နေသဘောထားရှိခဲ့သည်ကိုလည်း ၁၃-၇- ၁၉၄၇ ရက်နေ့ မြို့တော်ခန်းမကြီးတွင် ပြောကြားခဲ့သည့် မိန့်ခွန်းက ဖော်ပြနေပါသည်-

“ကိုယ့်နောက်လိုက်လာတဲ့သူတွေကို ထမင်းဝအောင်မကျွေးနိုင်ရင် ဒီခေါင်းဆောင်ဟာ အလကားပဲ။ ကျုပ်တို့ခေါင်းဆောင်နေတဲ့အချိန်မှာ ကျုပ်တို့ရဲ့ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ကြပါ။ ဒါမှမကျေနပ်ရင်ခင်ဗျားတို့ သဘောကျသူကိုတင်ပြီး လုပ်ခိုင်းပါ။ ကျုပ်ဖယ်ပေးပါမယ်”

ထိုမိန့်ခွန်းသည့် ဗိုလ်ချုပ်၏ တိုင်းသူပြည်သားများသို့ ပြောကြားသည့် နောက်ဆုံးမိန့်မှာချက် ဖြစ်ပါသည်။

ဗိုလ်ချုပ်သည် နိုင်ငံ၏အဓိကလူ့စွမ်းအား အလုပ်သမားများ၊ လယ်သမားများအပေါ် ကိုယ်ချင်း စာနာမှုရှိနေသည်ကိုလည်း အလုပ်သမား၊ လယ်သမားများနှင့် ပတ်သက်သည့် သူ၏ဟောပြောချက်များ၌ ပေါ်ပေါ်လွင်လွင်မြင်တွေ့ရသည် -

အလုပ်သမားများနှင့် ပတ်သက်၍ ၁၆- ၅- ၁၉၄၆ ခုနှစ် ဖဆပလ “ အဖွဲ့ချုပ်၏ ဒုတိယမြောက် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင် ပြောကြားသည့် မိန့်ခွန်း၌ “အလုပ်သမားတွေ သပိတ်မှောက်ကြ ရတာက ကြောင်းကျိုးမဆီလျော်တဲ့ တောင်းဆိုချက်ကို ဖန်တီးပြီး တောင်းချင်လို့မဟုတ်ပါဘူး။ သူတို့ စားရေး၊ နေရေး၊ ဖူလုံစေမည့်လုပ်ခတွေ၊ ထောက်ပံ့ကြေးတွေရဖို့အတွက် အကျပ်ကိုင်နိုင်တဲ့ တစ်ခုတည်းသော လက်နက်ကိုပဲအားကိုးအားထား ပြုတာပဲဖြစ်တယ်။ ဒါကြောင့် အကြောင်းအကျိုး မဆီလျော်ဘူးဆိုတဲ့ ပြဿနာဟာမရှိပါဘူး” ဟူ၍ လည်းကောင်း၊ တောင်သူလယ်သမားနှင့် ပတ်သက် ၍ ၂၅ - ၂ - ၁၉၄၇ ရက်နေ့တွင် တောင်သူလယ်သမား ညီလာခံတွင် ပြောကြားသည့်မိန့်ခွန်း၌ “လွတ်လပ် ရေးရတဲ့အခါမှာ ခင်ဗျားတို့ရဲ့ လွတ်လပ်ရေးပါလာမယ်။ တောင်သူလယ်သမား လူအများစုရဲ့ အခွင့်အရေးမပါဘဲ လွတ်လပ်ရေးဟာ အဓိပ္ပာယ်မရှိဘူးလို့ ယူဆတယ်” ဟူ၍ လည်းကောင်း ပြောကြားခဲ့ပါသည်။

ထို့ပြင် လွတ်လပ်ရေးတောင်းဆိုရန် အားထုတ်နေချိန်၌ ဗြိတိသျှတို့က ချန်လှပ်ထားခဲ့ရန် ကြိုးစားနေသည့် တိုင်းရင်းသားညီအစ်ကိုများနေထိုင်ရာတောင်တန်းဒေသများအတွက်လည်း စာနာမှုရှိသော အရင်းခံစိတ်ထားဖြင့် လွတ်လပ်ရေးအတူ တကွရရှိရန် အားထုတ်ပေးခဲ့သည်။ စည်းလုံးညီညွတ်မှုရရှိရေးအတွက်လည်း အပင်ပန်းခံ၍ ကြိုးစားပြုလုပ်ပေးခဲ့သည်။ တိုင်းရင်းသားလူမျိုး ညီအစ်ကိုမောင်နှမများအပေါ် ဗိုလ်ချုပ်၏ ကိုယ်ချင်းစာမှုရှိသည့် အရင်းခံသဘောကို ၂၄ -၁၂- ၁၉၄၆ ရက်နေ့ လွိုင်ကော်မှအပြန် တောင်ကြီးမြို့ ညောင်ရွှေဟော်၌ စော်ဘွားတချို့နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည့်စကားများက ကြီးမားသော သမိုင်းသက်သေပင်။

“...ကျွန်တော်တို့ကို ဖိတ်ကြားတဲ့အတွက် ဇန်နဝါရီလ ၂ ရက်နေ့မှာ ဘိလပ်ကို သွားရပါလိမ့်မယ်။ အဲဒီမှာ ရှမ်းပြည်နယ်နဲ့ ဗမာပြည်ပူးပေါင်းရေးပြောရပါလိမ့်မယ်။ ဒါကြောင့် စော်ဘွားများရဲ့ သဘောတူညီချက်ကို အလိုရှိပါတယ်။… ယခုလိုကျွန်တော်အကြံပေးတာကိုမှ သဘောမတူဘဲ အင်္ဂလိပ်လက်အောက်မှ နေချင်သေးတယ်။ သူတို့ ပြုသမျှပဲ ခံချင်သေးတယ်ဆိုရင်တော့ ခင်ဗျားတို့ရဲ့ သဘောအတိုင်းပဲ”။

ထိုပြောစကားများသည် ဗိုလ်ချုပ်၏ တိုင်းရင်းသားညီအစ်ကို မောင်နှမများအပေါ် ထားရှိသည့် ကိုယ်ချင်းစာစိတ်ကို ကွင်းကွင်းကွက်ကွက် ဖော်ပြနေပါသည်။

လွတ်လပ်ရေးအတွက် ကြိုးစားအားထုတ်နေသော်လည်း လွတ်လပ်မှုကို ကျဉ်းမြောင်းစွာ ရှုမြင်ထားသူတို့အား သတိပေးသည့်အနေဖြင့် လွတ်လပ်မှုဆိုတိုင်းမိမိတို့ အကျိုးတစ်ခုတည်းကိုကြည့်၍ လွတ်လပ်စွာပြုမူ၍မရကြောင်း၊ မိမိလွတ်လပ်မှုကြောင့် သူတစ်ပါးထိခိုက်မဖြစ်စေရန် အလေးထား၍ ကိုယ်ချင်းစာစိတ်ရှိသည့် လွတ်လပ်မှုသည်သာ တည်တံ့ခိုင်မြဲနိုင်ကြောင်းကိုလည်းမကြာခဏ သတိပေးမိန့်မှာခဲ့ပါသည်။

“လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ်ဆိုတာဘာလဲ။ လွတ်လပ်ရေးဆိုတာ တစ်ဦးတစ်ယောက် ကောင်းစားဖို့ဖြစ်စေ၊ တစ်မျိုးလုံးကောင်းစားဖို့ဖြစ်စေ၊ လုပ်တဲ့နေရာမှာ အခြားတစ်ဦးတစ်ယောက်ရဲ့ အကျိုးကိုမထိခိုက်ဘဲနဲ့၊ အခြားသူတွေရဲ့ အကျိုးကို မထိခိုက်ဘဲနဲ့ လွတ်လွတ်လပ်လပ်နဲ့ကိုယ့် တိုးတက်မှုအတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးပဲ”

ဗိုလ်ချုပ်၏ ပြုမူပြောဆိုမှုများအားလုံးသည် ရဲရင့်ပွင့်လင်းသော အသွင်သဏ္ဌာန်ဆောင်၍ စာနာတတ်သည့် စိတ်ထားပါရှိနေသကဲ့သို့ ၎င်းမျှော်မှန်းထားသည့် နိုင်ငံရေးစနစ်သည်လည်း နိုင်ငံသူ၊ နိုင်ငံသားအသီးသီးတို့ ကိုယ်ချင်းစာစိတ်ထားတတ်သည့် အလေ့အကျင့်ကောင်းရရှိလျက် လွတ်လပ်မှု၊ မျှတမှုဖြစ်စေမည့် တာရှည်ခံဒီမိုကရေစီစနစ်မျိုး ဖြစ်ပါသည်။

ဗိုလ်ချုပ်ကို မည်သို့ ချစ်ခင်လေးစားမည်နည်း

စနေနေ့ဖွားဖြစ်၍ နေ့နံအရငယ်နာမည်ထိန်လင်း။ ကြီးပြင်းလာချိန် အစ်ကိုနာမည် အောင်သန်းအမည်နှင့်ကာရန်လိုက်အောင်ပေးထားသည့် မောင်အောင်ဆန်း။ နောက်ပိုင်းကာလများတွင် တက္ကသိုလ်ကျောင်းသားအောင်ဆန်း၊ သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးအောင်ဆန်း။ လွတ်လပ်ရေးကာလအလွန်၊ အနာဂတ်မြန်မာနိုင်ငံတွင် အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဖခင်ကြီး၊ ပြည်ထောင်စုဗိသုကာစသည်ဖြင့် ဂုဏ်ပုဒ်အမျိုးမျိုးဖြင့် မြန်မာတစ်နိုင်ငံလုံး ချစ်ခင်လေးစားကြည်ညိုခြင်းကို ခံရသောသူ။

အာရှနိုင်ငံများမှခေါင်းဆောင်များ၊ အိန္ဒိယနိုင်ငံမှ ခေါင်းဆောင်များ၊ မြန်မာကိုကျူးကျော်ကိုလိုနီပြု ခဲ့သည့် ဗြိတိသျှများ၊ ကူညီဟန်ဆောင်ကာ မြန်မာ လူထုအပေါ် ရက်စက်ကြမ်းကြုတ်ခဲ့သည့် ဖက်ဆစ် ဂျပန်တို့ကပင် ချီးကျူးလေးစားခဲ့ရသည့် အသက်ငယ်ငယ် ၃၂ နှစ်ဝန်းကျင် မြန်မာတို့၏ တစ်ဦးတည်းသော ၂၀ ရာစု အာဇာနည်သူရဲကောင်း။ စွန့်လွှတ်အနစ်နာခံမှုနှင့်ပတ်သက်၍ မြန်မာ့မြေပေါ်မှာသာမက ကမ္ဘာကပင် လေးစားရသည့် ဗိုလ်ချုပ်အောင်ဆန်း။ မြန်မာပြည်သူလူထုတစ်ရပ်လုံးက ၎င်းကိုချစ်ခင်လေးစားကြည်ညိုနေကြဆဲ၊ ၎င်း၏ ကျေးဇူးတို့ကို အောက်မေ့သတိရ လွမ်းဆွတ်နေကြဆဲ။

ယခုဆိုလျှင် နိုင်ငံ့လွတ်လပ်ရေးအတွက် အသက်ကိုပဓာနမထားဘဲ နယ်ချဲ့တို့ကို နည်းလမ်းအမျိုးမျိုးဖြင့် ခုခံတွန်းလှန်ခဲ့ကြသည့် နိုင်ငံသူ၊ နိုင်ငံသားတိုင်းရင်းသားညီအစ်ကို မောင်နှမများမှာ အသက်များဖြင့် အဘိုးအဘွားအရွယ်မက ဖြစ်နေကြပြီ။ အများစုမှာ ကွယ်လွန်ခဲ့ကြပြီးဖြစ်သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမှာမူ လူငယ်လူရွယ်ဘဝမှာပင် ဘဝနိဂုံးအဆုံးသတ်၊ ကွယ်လွန်ခဲ့ရရှာသည်။ ယခုအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ မသမာသူလူတစ်စု၏ လက်ချက်ဖြင့် ကျဆုံး ကွယ်လွန်ခဲ့သည်မှာ အချိန်ကာလအားဖြင့် ၇၈ နှစ်ပင် ရှိခဲ့လေပြီ။

ဗိုလ်ချုပ်အောင်ဆန်းတွင် ကြီးကျယ်မြင့်မြတ်သော ခေါင်းဆောင်တစ်ယောက်၏ အရည်အချင်းများသာမကကိုယ်ချင်းစာတတ်သည့်စိတ်၊ စွန့်လွှတ်အနစ်နာခံတတ်သည့် ကြီးမြတ်သောနှလုံးသားရှိ၏။ နိုင်ငံ့လွတ်လပ်ရေးကို ပြန်လည်ရယူရာတွင်လည်း တရားနည်းလမ်းကျကျ အားထုတ်ခဲ့၏။ မိမိတို့ရန်သူကိုပင် အထက်တန်းစားစိတ်ထား၊ မြင့်မြတ်သောနှလုံးဖြင့် လက်ရုံးရည်နှင့် နှလုံးရည်ပြည့်ဝစွာ အနိုင်ယူခဲ့သူဖြစ်သည်။ ထိုကဲ့သို့ ကြီးကျယ်မြင့်မြတ်သော စိတ်ထား၊ နှလုံးသားပိုင်ရှင် ဗိုလ်ချုပ်မှာကြားခဲ့သည့် စကားများကို ကျွန်ုပ်တို့ မည်မျှလိုက်နာကျင့်ကြံနေထိုင်နိုင်ခဲ့ကြပြီလဲ။ ကျွန်ုပ်တို့ဗိုလ်ချုပ်ကို မည်သို့ချစ်ခင်လေးစားကြ မည်နည်း။

ဗိုလ်ချုပ်ကို အမှန်တကယ်ချစ်ခင်လေးစားပါလျှင်

ကျွန်ုပ်တို့အားလုံးဒီမိုကရေစီကို မက်မောလိုလားလျက်ရှိနေကြပြီ။ တရားမျှတမှု၊ ညီမျှမှုနှင့်အတူ လွတ်လပ်စွာ ရှင်သန်နေထိုင်နိုင်မည့် ဒီမိုကရေစီစနစ်၌ နိုင်ငံသူ၊ နိုင်ငံသားများအားလုံး၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး၏ နေထိုင်လှုပ်ရှားမှု၊ ပြောဆိုပြုမူ၊ ဆက်ဆံမှုများ အားလုံးတွင် ကိုယ်ချင်းစာစိတ်များကိန်းအောင်း တည်ရှိနေရန် လိုအပ်ပါသည်။

အမေရိကန်နိုင်ငံသူ ဒဿနိကပါမောက္ခ Elizabeth Anderson ညွှန်းဆိုထားသကဲ့သို့ ကိုယ်ချင်းစာတရားသည် ဒီမိုကရေစီထွန်းကားရေးအတွက် အဓိကအစိတ်အပိုင်းတစ်ရပ်ဟု လက်ခံခဲ့ပါလျှင် စည်းကမ်းရှိမှု၊ ဥပဒေလိုက်နာမှုတို့နှင့်အတူ နိုင်ငံသူ၊ နိုင်ငံသားတစ်ဦးတစ်ယောက်ချင်းစီတွင် ကိုယ်ချင်းစာတတ်သည့် စိတ်ထား၊ နှလုံးသားများ ရှိလာစေရန် လေ့ကျင့်မွေးမြူကြရပါမည်။ သို့မှသာ ဒီမိုကရေစီအလေ့အကျင့်များ ပိုမိုဖွံ့ဖြိုးကာ၊ ဒီမိုကရေစီနိုင်ငံရေးစနစ် ပိုမိုထွန်းကားလာ ပေလိမ့်မည်။ ကျွန်ုပ်တို့အားလုံး ချစ်ခင်မြတ်နိုးသည့် ဗိုလ်ချုပ်အောင်ဆန်းအပေါ်တွင်လည်း အမှန်တကယ်ချစ်မြတ်နိုးရာရောက်လိမ့်မည် ဖြစ်ပေသတည်း။ ။

No comments:

Post a Comment