မိုးရာသီ ဇူလိုင်၊ ဩဂုတ်လများက သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုအများဆုံးလများဖြစ်သည်။ သွေးလွန်တုပ်ကွေးသည် ခြင်မှတစ်ဆင့် ကူးစက်သောရောဂါများတွင်ပါဝင်ပြီး ကလေးများတွင် ရောဂါပြင်းထန်ပါက နာမကျန်းခြင်းမှသည် အသက်အန္တရာယ်အထိ ဖြစ်ပေါ်နိုင်ခြင်းဖြစ်ရာ မပေါ့ဆသင့်သည့် ရောဂါဖြစ်သည်။
သွေးလွန်တုပ်ကွေးသည်
အသက် ၁၅ နှစ်အောက် အရွယ်များတွင် အများဆုံးဖြစ်ပွားတတ်သော်လည်း ယခုအခါ အသက်မရွေး၊
ကျားမမရွေး၊ တောရောမြို့ပါမရွေး၊ အချိန်အခါမရွေး ဖြစ်ပွားနိုင်သည်ကို တွေ့ရှိရသည်။
မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုသည်တစ်နှစ်ခြား၊
နှစ်နှစ်ခြားတစ်ခါမြင့်မားသည်ကို တွေ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိပေးထားသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ရာသီတုပ်ကွေးရောဂါလက္ခဏာနှင့် ဆင်တူခြင်းကြောင့်
တုပ်ကွေးများ (အထူးသဖြင့်ကလေးများ) တွင် ဖျားနေသည်ကိုတွေ့ပါက
သွေးလွန်တုပ်ကွေးရောဂါဖြစ်နိုင်ခြေကို အမြဲထည့်သွင်းစဉ်းစားရန်လိုသည်။
သွေးလွန်တုပ်ကွေးရောဂါကို ဆောလျင်စွာအတည်ပြုပြီး ထိရောက်စွာကုသပါက သေဆုံးနှုန်းကို
သိသာစွာလျှော့ချနိုင်သည်။
သွေးလွန်တုပ်ကွေးရောဂါသည်
ဒင်ဂီးဗိုင်းရပ်စ်ပိုးကို သယ်ဆောင်သည့် အေးဒီးစ်ခေါ် ခြင်ကျားအကိုက်ခံရခြင်းမှတစ်ဆင့်
ကူးစက်ဖြစ်ပွားခြင်းဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများသည်
ရောဂါပိုးသယ်ဆောင်ထားသည့် ခြင်ကိုက်ခံရပြီး ပျမ်းမျှ ၄ ရက်မှ ၆ ရက်အကြာတွင်
စတင်ပြသသည်။ ရောဂါဖြစ်ပွားရာတွင် ဒင်ဂီးအဖျားရောဂါအဆင့် (Dengue fever)၊
သွေးလွန်တုပ်ကွေးရောဂါအဆင့် (Dengue Haemorrhagic fever) နှင့်
သွေးလန့်ခြင်း (Dengue Shock Syndrome) အဆင့်ဟူ၍
အဆင့်ဆင့်ဖြစ်ပွားတတ်သည်။
ဒင်ဂီးအဖျားရောဂါလက္ခဏာများမှာ
ရုတ်တရက်အဖျားတက်လာခြင်း၊ ခေါင်းကိုက်ခြင်း၊ တစ်ကိုယ်လုံးကိုက်ခဲခြင်း၊ ပျို့ခြင်းအန်ခြင်း၊
မစား/မသောက်ချင်ခြင်း၊ တစ်ခါတစ်ရံခန္ဓာကိုယ်တွင် အစက်အပြောက်ပေါ်လာခြင်းတို့
ဖြစ်တတ်ပြီး ရာသီတုပ်ကွေးနှင့် ဆင်တူသောကြောင့် ဒင်ဂီးအဖျားမှန်းပင် မသိလိုက်ကြ။
သွေးပေါင်ချိန်တိုင်းကိရိယာဖြင့် စစ်ဆေးတိုင်းတာပါက လက်ဖျံတွင် အစက်အပြောက်များ
ပေါ်လာသည်ကို တွေ့ရတတ်သည်။
သွေးလွန်တုပ်ကွေးနှင့်
သွေးလန့်ခြင်းစိုးရိမ်ရသည့် လက္ခဏာများမှာ ခန္ဓာကိုယ်အတွင်း သွေးယိုစီးခြင်းကြောင့်
ကော်ဖီမှုန့်ရောင်၊ အညိုရောင်များပါသော အရည်များအန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊
နှာခေါင်းသွေးယိုခြင်း၊ သွားဖုံးကြားသွေးထွက်ခြင်း၊ ခန္ဓာကိုယ်တွင်
သွေးခြည်ဥသကဲ့သို့ အနီကွက်များ ပေါ်လာခြင်း၊ စဖျားသည့်နေ့မှ သုံးရက်မြောက်နေ့တွင်
ကိုယ်အပူချိန်ရုတ်တရက်ကျဆင်းသွားခြင်း၊ ရုတ်တရက်ဗိုက်အောင့်လာခြင်း၊
ဂနာမငြိမ်ဖြစ်ခြင်း/ မှိန်းခြင်း၊ ခြေဖျားလက်ဖျားများ လွန်စွာအေးစက်ခြင်း၊
သွေးပေါင်အလွန်ကျဆင်းပြီး နောက်ဆုံးတိုင်းမရဖြစ်ခြင်း၊ အပေါ်သွေး၊ အောက်သွေးခြားနားချက်
၂၀ မီလီမီတာ မာကျူရီ သို့မဟုတ် ထို့ထက်နည်းခြင်း၊ အစာ/ ရေ မဝင်လောက်အောင်
အဆက်မပြတ်အန်ခြင်းတို့ဖြစ်ပြီး အဆိုပါစိုးရိမ်ရသည့် လက္ခဏာတစ်ခုခုတွေ့ရှိပါက နီးစပ်ရာဆေးရုံ၊
ဆေးခန်းသို့ ချက်ချင်းခေါ်ဆောင်ပြသရန်လိုသည်။
သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများကို
ပြည်သူများ သိရန်လိုသကဲ့သို့ ခြင်နှင့် ပိုးလောက်လမ်းနှိမ်နင်းရေး (ဖုံး၊ သွန်၊
လဲ၊ စစ်၊ ခပ်၊ လောင်း၊ ထောင်၊ ဖွင့်၊ မြှုပ်၊ ရှင်း၊ မှုတ်) လုပ်ငန်းများကိုလည်း
ရပ်ကွက်/ကျေးရွာလုံးကျွတ် တစ်ပတ်လျှင်တစ်ကြိမ် ပြုလုပ်ကြရန်၊ ခြင်မကိုက်စေရန်
အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ခြင်း၊ အိပ်သည့်အခါတိုင်း နေ့ညမရွေးခြင်ထောင်ဖြင့်
အိပ်ခြင်း၊ ခြင်နိုင်ဆေးလိမ်းခြင်းတို့ ပြုလုပ်ရန်လည်း လိုအပ်သည်။
သွေးလွန်တုပ်ကွေးသည်
ဒုတိယအကြိမ်ကူးစက်ခံရပါက ပိုဆိုးတတ်ခြင်းကြောင့် အထူးသတိပြုကြရန်လိုသည်။ တစ်ရာသီအတွင်းမှာပင်
နှစ်ခါပြန်ဖြစ်နိုင်သည့်ရောဂါဖြစ်ရာ ပေါ့ဆ၍မရသည့် ရောဂါမျိုးဖြစ်သည်။
ခြင်ကိုက်မခံရစေရန် ကာကွယ်နေထိုင်ခြင်း၊ ခြင်နှိမ်နင်းခြင်းတို့ဖြင့်
သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးကြပါစေကြောင်း။ ။
No comments:
Post a Comment