ပြည်ထောင်စုမြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးကာလမှစ၍ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မျှော်မှန်းချက်များ၊ လမ်းစဉ်များကိုသွေဖည်ပြီး ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ လူမျိုးစွဲ စသည့်အစွဲအမျိုးမျိုးဖြင့် လက်နက်စွဲကိုင်အကြမ်းဖက်လမ်းစဉ်များ လုပ်ကိုင်လာကြရာ ယနေ့ထက်တိုင်အောင် အဆုံးမသတ်နိုင်သေးသည်ကို တွေ့ရမည်ဖြစ်သည်။ အစွဲအမျိုးမျိုးကို မဖျောက်ဖျက်နိုင်ဘဲ အကြမ်းဖက်တိုက်ခိုက်မှုလုပ်ငန်းများ လုပ်ကိုင်လာကြသည်မှာ နှစ်ပေါင်း ၇၀ ကျော် ၈၀ နီးပါးကြာမြင့်လာသည်နှင့်အမျှ ၎င်းတို့တော်လှန်ရေးဆိုသည်မှာ အကောင်အထည်ပေါ်မလာဘဲ ဒေသနှင့် ပြည်သူသာ ထိခိုက်ဆုံးရှုံးမှုများလာသည်ကို တွေ့ရမည်။
မျက်မှောက်ကာလတွင်
၂၀၂၀ ရွေးကောက်ပွဲမဲမသမာမှုများကြောင့် ဖြစ်ပေါ်လာသော နိုင်ငံရေးအလှည့်အပြောင်းကို
အခွင့်ကောင်းယူပြီး လက်နက်ကိုင် သောင်းကျန်းမှုများ တစ်စခန်းပြန်ထလာသည်။ နိုင်ငံ၏
အုပ်ချုပ်ရေးယန္တရားပျက်ပြားအောင်၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုယိုယွင်းအောင်
ပြုလုပ်ကြပြီး ပြည်ထောင်စုပြိုကွဲစေရန်အထိ ပြုလုပ်လာကြသည်ကို တွေ့ရမည်ဖြစ်သည်။
အဆိုပါအခြေအနေကို နိုင်ငံတော်အစိုးရနှင့် တပ်မတော်က တိုင်းရင်းသားအချင်းချင်း၊
မြန်မာအချင်းချင်းဖြစ်သည်ဆိုသည့် ညီအစ်ကိုမောင်နှမစိတ်ထားဖြင့် စိတ်ရှည်သည်းခံကာ
တုံ့ပြန်ဆောင်ရွက်ခဲ့သည်။ ယင်းအခြေအနေကိုလည်း အခွင့်ကောင်းယူကာ အကြမ်းဖက်မှုများ
ဆက်လက်ပြုလုပ်လျက်ရှိသည့်အတွက် နိုင်ငံတော်အနေဖြင့် တိုင်းပြည်နှင့်
လူထုအကျိုးစီးပွားကိုရှေးရှု၍ ထိရောက်သောတုံ့ပြန်ရှင်းလင်းမှုများ ဆောင်ရွက်လျက်ရှိသည်။
တပ်မတော်အနေဖြင့်
ပြည်သူလူထုအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက်
အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation)များကို
စွန့်လွှတ်စွန့်စားရဲစွမ်းသတ္တိများဖြင့် ထိရောက်စွာ ဆောင်ရွက်လျက်ရှိသည်။
မကြာသေးမီရက်များက အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့်
မြို့ရွာဒေသများကို တပ်မတော်က အပြီးတိုင်ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်ကို
တွေ့ရသည်။
ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့်
သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားစဉ်ကာလအတွင်း မိမိတို့၏
အိုးအိမ်တိုက်တာစည်းစိမ်များကို စွန့်ခွာတိမ်းရှောင်နေကြရပြီး
အကြမ်းဖက်သမားများနှင့် မသမာသူများ၏ လုယက်ဖျက်ဆီးခြင်းကို ခံခဲ့ကြရသည်။
ဒေသခံပြည်သူများ၏ ယာယီနေရပ်စွန့်ခွာရသည့် ဒုက္ခဆင်းရဲများ၊
လူ့အခွင့်အရေးဆုံးရှုံးမှုများ၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး
စသည့်အဘက်ဘက်တွင် ထိခိုက်နစ်နာမှုများ၊ စစ်၏ခါးသီးဖွယ်အနိဋ္ဌာရုံများကို
ကြုံတွေ့ကြရသောကြောင့် တပ်မတော်က ဒေသများကို ပြန်လည်ထိန်းချုပ်လိုက်သောအခါ
ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် တပ်မတော်အပေါ် ယုံကြည်အားကိုးမှုများ၊
စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများနှင့်အတူ ပူးပေါင်းပါဝင်
လက်တွဲဆောင်ရွက်လာကြသည်။
တပ်မတော်သည်
နိုင်ငံတော်နှင့် ပြည်သူများအားလုံးအပေါ် မှန်ကန်သောစေတနာနှင့်
တိကျခိုင်မာသောတာဝန်များဖြင့် အစဉ်အလာမပျက် ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး သမိုင်းကြောင်းတစ်လျှောက်တွင်
လက်နက်ကိုင်သောင်းကျန်းသူများ၏ အန္တရာယ်ပေးမှုကြောင့် မြို့ရွာများဖျက်ဆီးခံရပြီး ဒေသခံပြည်သူများ
အတိဒုက္ခရောက်ကြရသည်ကို ကာကွယ်စောင့်ရှောက်ပေးခြင်း၊ ပြန်လည်တည်ဆောက်ပေးခြင်း၊ ပြန်လည်ထူထောင်ပေးခြင်းတို့ကို
နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တပ်မတော်သည် ရှေ့တန်းမှ ထဲထဲဝင်ဝင်ဆောင်ရွက်ပေးခဲ့သည်။
သမိုင်းကြောင်းတစ်လျှောက်တွင် အမျိုးသားသစ္စာဖောက်များနှင့် နိုင်ငံရေးသမားအချို့၏
တပ်မတော်နှင့် ပြည်သူအပေါ် သွေးခွဲရန်တိုက်ပေးသည့် အမုန်းစကားများအရ တပ်မတော်အပေါ်
အထင်အမြင်လွဲမှားမှုများရှိမည်ဖြစ်သော်လည်း ယခုအခါတပ်မတော်၏ စေတနာအမှန်ကို
လက်တွေ့သိမြင်နားလည်လာကြပြီဖြစ်သည်။
သို့ဖြစ်ရာ
တပ်မတော်သည် အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်အပြင်
နိုင်ငံတော်အတွင်းရှိ ဒေသများနှင့် တိုင်းရင်းသားပြည်သူများအပေါ် ကျရောက်လာမည့်
အန္တရာယ်အသွယ်သွယ်ကိုလည်း ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။
ဒေသတည်ငြိမ်အေးချမ်းရေး၊ ပြန်လည်တည်ဆောက်ရေး၊ အေးချမ်းသာယာဝပြောရေး
စသည့်လိုအပ်ချက်များကို မလစ်ဟင်းအောင် ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့်
မိမိတို့ဒေသများ အစဉ်ထာဝရ ငြိမ်းချမ်းသာယာဝပြောရေးအတွက် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် နိုင်ငံတော်အစိုးရ၊
တပ်မတော်နှင့်အတူ ဆက်လက်လက်တွဲဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment