ရွှေစင်
မူးယစ်ဆေးဝါးပြဿနာဟာ ခေတ်အဆက်ဆက် ဖြေရှင်းရခက်တဲ့ ပြဿနာတစ်ရပ်အဖြစ် ကမ္ဘာမှာ တည်ရှိနေဆဲဖြစ်ပါတယ်။ လူသားတစ်ရပ်လုံးရဲ့ လူမှုစီးပွားဘဝတွေကို ပြင်းပြင်းထန်ထန် ထိခိုက်နစ်နာစေတဲ့ အဓိကစိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်ပါတယ်။
အထူးသဖြင့် လက်ရှိနဲ့အနာဂတ်လူငယ် မျိုးဆက်တွေအကြား ကြီးကြီးမားမားရင်ဆိုင်နေရတဲ့ ပြဿနာတစ်ရပ်လို့ ပြောလို့ရပါတယ်။ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိဘေးထွက် ဆိုးကျိုးများစွာရှိတာကို သိရှိနေကြတဲ့တိုင် လွယ်လင့်တကူ ဝယ်ယူသုံးစွဲခွင့်ရနေတဲ့ ဒီမူးယစ်ဆေးဝါးမျိုးစုံကို လူငယ်၊ လူကြီးမရွေး စိတ်ထွက်ပေါက်တစ်ခုအဖြစ်၊ လူငယ်သဘာဝ အပျော်အပါးမက်ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပျော်ရွှင်မှုကို ရှာမိတဲ့အဖြစ်ကနေ မူးယစ်သားကောင်ဘဝ ရောက်ကြရပါတော့တယ်။ လူမှုရေး၊ စီးပွားရေး ဆုတ်ယုတ်ပျက်စီးရတဲ့အထိ၊ ကိုယ်ကျင့်သိက္ခာ နိမ့်ကျပျက်ပြားရတဲ့အထိ အပျော်အပါးနောက်ကို မဆင်မခြင်အလွန်အကျူးလိုက်စားမိကြတဲ့အခါ အမြတ်ထုတ် သူတွေရဲ့ဓားစာခံ၊ မူးယစ်ဆေးဝါးရဲ့သားကောင် ဖြစ်ကြရပါတော့တယ်။
အသွင်သစ် မူးယစ်ဆေးဝါးကို ဘယ်လိုသုံးစွဲနေကြသလဲ
ခေတ်အဆက်ဆက် အပျော်အပါးလိုက်စားကြတဲ့ Party ပွဲ၊ ထိုမှ DJ ခေတ်ကနေ Hi ခန်း၊ Happy Water ၊ E တို့ K တို့ စတဲ့ဝေါဟာရတွေ ယခုအခါ ခေတ်စားလာခဲ့ပါပြီ။ မှောင်တစ်ခါ၊ လင်းတစ်လှည့် ခပ်ဝါးဝါးခပ်မှိန်မှိန် ရောင်စုံမီးများ၊ DJ သံ ဆူဆူ ညံညံနဲ့ သီးသန့်အလုံပိတ်အခန်းတွေထဲက ညများရဲ့ ဇာတ်လိုက်ကျော် မူးယစ်ဆေးတစ်မျိုးဖြစ်တဲ့ မြန်မာမှုပြုခေါင်းခါဆေးတစ်နည်းပျော်ရွှင်ဆေး (Happy Water) တစ်မျိုးဟာ မူးယစ်ဆေးအဖြစ် နာမည်ကြီးနေခဲ့တာ နှစ်နဲ့ချီကြာနေပါပြီ။
ယခုအခါ နာမည်ကြီးကလပ်၊ ဘားနဲ့ KTV တွေ၊ EDM ပွဲတွေမှာ ဒီမူးယစ်ဆေးဝါးတွေကို လွယ်ကူစွာသုံးစွဲခွင့်ရရှိနေကြပါတယ်။ High ကို အတိုကောက် Hi လို့ ယူထားတဲ့ ဟိုင်းခန်းလို့ခေါ်တဲ့ သီးသန့်အခန်းတွေဟာ ယခုဆိုရင်အလွန်ခေတ်စားနေတဲ့ စိတ်အပန်းဖြေရာ နေရာတစ်ခုဖြစ်နေပြီး ကလပ်မှာ Hi လို့မရရင်တောင် KTV အခန်းတွေ၊ ဟိုတယ်တွေမှာ Hi လို့ရတဲ့ အခြေအနေဖြစ်နေပါပြီ။ ဟိုင်းခန်းတွေမှာ လူငယ်တွေဟာ သီချင်းဆိုဖို့ချည်းမဟုတ်၊ အခန်းတွင်းအခန်းပြင် လွှမ်းမိုးနေတဲ့ DJ အသံတွေ၊ ပေါက်ကွဲသံစဉ် music တွေအောက်မှာ တစ်ချိန်လုံး၊ တစ်ညလုံးကခုန်မြူးတူး ပျော်ပါးဖြစ်သွားကြတယ်။
ဒါ့အပြင် အခုလိုဟိုင်းခန်းတွေမှာ အခြားမူးယစ်ဆေးများဖြစ်တဲ့ E အခေါ် အက်စတာ စီ၊ K အခေါ် ကတ်တမင်းဆေး (Party Drug) တွေကိုလည်း Happy Water နဲ့ တွဲစပ်သုံးစွဲကြတာမျိုးလည်း ရှိလာကြတယ်။ “ဟိုင်း” မယ်ဆိုတာက ဟိုင်းခန်းတွေမှာ အဲဒီဆေးတွေကို ပေါင်းစပ်သုံးစွဲခြင်းကို ရည်ညွှန်းတဲ့ ဘန်းစကားတစ်ခုပါ။ တချို့လူငယ်တွေဆိုရင် ၂ ရက်၊ ၃ ရက်အထိ ဆက်တိုက်ဟိုင်းကြတယ်လို့ သိရပါတယ်။ ဒီဆေးတွေကို သုံးစွဲပြီးရင် အသိစိတ်က ပြင်ပကမ္ဘာတစ်ခုကို ရောက်ရှိသွားသလိုဖြစ်ပြီး မြူးမြူးကြွကြွတေးသံများနဲ့ စီးမျောခံစားကာ အဆက်မပြတ် ကခုန်နိုင်စွမ်းရှိကြတယ်လို့ ဆိုပါတယ်။
ကခုန်နေချိန်မှာ ဘယ်လိုနာကျင်မှုမျိုးမှမရှိ၊ အဆက်မပြတ်ကခုန်ခဲ့ခြင်းရဲ့ နောက်ဆက်တွဲက ဆေးပြယ်ပြီး နောက်နေ့တွေမှာမှ ကိုယ်ခန္ဓာနာကျင်မှုဒဏ်ကို အလွန်အမင်းခံစားရတယ်လို့ မိတ်ဆွေ တစ်ဦးပြောပြတာကို နားထောင်ခဲ့ရဖူးပါတယ်။ ဟိုင်းခန်းတွေမှာ မူးယစ်စိတ်ကြွဆေးဝါးတွေ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသလို Hi girl လို့ခေါ်ကြတဲ့ ဟိုင်းမယ်အလုပ်ကလည်း အလွန်တွက်ခြေကိုက်တယ်လို့ ဆိုပါတယ်။ လိင်ကိစ္စမပါဘဲ စိတ်ကြွဆေးဝါးတွေသုံး၊ ဧည့်သည်တွေနဲ့ တစ်ညလုံး တွဲဖက်ကခုန်ပေးရပြီး ဝင်ငွေကောင်းတဲ့အလုပ်မျိုးဖြစ်တဲ့အတွက် အမျိုးသမီးငယ်တွေအကြား ခေတ်စားလျက်ရှိနေပြန်ပါတယ်။
သတိပြုဖွယ်ရာ ဖြစ်ရပ်တစ်ခု
K နဲ့ E ကို လူငယ်အများစု အဓိကထား သုံးစွဲကြတယ်လို့ ထင်ကြပေမယ့် လက်တွေ့မှာတော့ လူလတ်ပိုင်းကနေ အသက် ၄၀ / ၅၀ အရွယ်တွေပါ သုံးစွဲနေကြတယ်လို့ သိရပါတယ်။ လူငယ်တွေမှာ အဓိကအချက်က သူငယ်ချင်းအချင်းချင်းစည်းရုံးမှု၊ ဆွဲဆောင်မှု၊ ဖိအားပေးမှုတွေအရ မိမိကိုယ်တိုင် သုံးစွဲမိရာကနေ၊ အချို့လက်တည့်စမ်းအသုံးပြုရာက နေ လူငယ်ထုအတွင်းမှာ မြန်မြန်ဆန်ဆန် သုံးစွဲ ဖြစ်သွားတယ်လို့ ဆိုပါတယ်။ လူလတ်ပိုင်းဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုများတဲ့သူတွေ၊ အပျော်ရှာချင်တဲ့သူတွေလည်း သုံးကြပါတယ်။ ဟိုင်းခန်း တစ်ခါသွားရင် တစ်ဦးကို အနည်းဆုံး ဆယ်သိန်းခန့်ကုန်ကျနိုင်တာမို့ ဒီပမာဏကို ဖြုန်းနိုင်တဲ့အင်အားက လူငယ်တွေထက် လူကြီးတွေသာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
ဒီနေရာမှာ မိမိမိတ်ဆွေတစ်ဦးဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးရဲ့ အတွေ့အကြုံတစ်ခုကို သတိပြုဖွယ်ဖော်ပြလိုပါတယ်။ သူဟာအလုပ်ကို အလွန်ကြိုးစားတဲ့အတွက် မိသားစုစီးပွား ရေးမှာ အတော်အသင့် အောင်မြင်နေသူတစ်ဦးပါ။ အောင်မြင်နေချိန် သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ဟိုင်းခန်းတွေ၊ KTV နဲ့ Party ပွဲတွေကို ဝင်ရောက်ဆင်နွှဲလေ့ရှိတယ်လို့ ဆိုပါတယ်။
အစပိုင်းမှာ ခပ်ကြဲကြဲပုံမှန်အတိုင်း စိတ်အပန်းဖြေရာအဖြစ်၊ အပျော်အပါးအဖြစ် သွားလာရာကနေ နောက်ပိုင်းမှာ ပါတီတွေ၊ ဘားတွေ၊ ကေတီဗွီ ရဲ့ထုံးစံအတိုင်း မသုံးမဖြစ် သုံးစွဲလိုက်ရတဲ့ ဆေးဝါးတွေကြောင့် နောက်ပိုင်းမှာ မသွားရမနေနိုင်၊ မသုံးရ မနေနိုင်တဲ့အထိ ဖြစ်သွားပါတယ်။ မသွားသင့်၊ မလာသင့်၊ မိမိနဲ့မအပ်စပ်တဲ့နေရာတွေနဲ့ ခပ်စိတ်စိတ်ထိတွေ့လာတဲ့ အကျိုးဆက်ကများပြားလှတဲ့ ကုန်ကျစရိတ်တွေပါပဲ။ အချိန်အတော်များများလည်း ပေးလိုက်ရတယ်။ အပျော်အပါးဘက် တပ်မက်လာတဲ့အခါ စီးပွားရေးဘက်မှာဘယ်မှာ အာရုံစိုက်နိုင်ပါတော့မလဲ။ တဖြည်းဖြည်း စီးပွားရေးထိခိုက်လာခဲ့ရတော့တာပေါ့။
စီးပွားရေးယိုယွင်းလာပြီး မိမိလုပ်ငန်းအခြေအနေ မကောင်းတော့တာကို ကိုယ်တိုင်အချိန် မလွန်ခင် ပြန်လည်ဆင်ခြင်မိပြီး အပေါင်းအသင်းတွေနဲ့ အမုန်းခံ၊ ခပ်ဝေးဝေးခွာခဲ့ပြီးမှ စီးပွားရေးကို ပြန်လည်အာရုံစိုက်ခဲ့ရပါတယ်တဲ့။ မူးယစ်ဆေးဝါး ဆိုးကျိုးများဟာ မိမိရဲ့ဂုဏ်သိက္ခာ၊ လုပ်ရည်ကိုင်ရည် စွမ်းဆောင်မှုနဲ့အောင်မြင်မှုတွေကို အလွယ်တကူဝါးမြို ဖျက်ဆီးပစ်နိုင်တယ်ဆိုတာ ပြသနေရုံမျှမက မိမိနဲ့မိသားစုတစ်ခုလုံးရဲ့ ဘဝအနာဂတ် တစ်ခုလုံးအတွက်လည်း အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာ မိတ်ဆွေရဲ့အတွေ့အကြုံအရ သင်ခန်းစာယူဖွယ်ရာ တစ်ခုအဖြစ် တွေ့ရှိရပါတယ်။
ဆိုးကျိုးများစွာနှင့် အသွင်သစ်မူးယစ်ဆေးများ
ယနေ့ခေတ် မူးယစ်ဆေးဝါးတွေက အရင်တွေ့နေကျ ပုံစံမဟုတ်တော့ပါဘူး။ အသွင်သစ်၊ အမြင်သစ်တွေ ဖြစ်လာကြပါပြီ။ ဓာတုဆေးဝါး ဖော်စပ်မှုအသစ်တွေနဲ့ ပြုပြင်ဖန်တီးထုတ်လုပ်လာကြတာ တွေ့ရပါတယ်။ စိတ်ကိုပြောင်းလဲစေတဲ့ မူးယစ်ဆေးဝါးတွေ၊ ထုံထိုင်း မူးယစ်ဆေးဝါးတွေ၊ ဘိန်းဖြူ၊ WY နဲ့ Ice စတဲ့ မူးယစ်ဆေးဝါးတွေကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ ခေတ်ပေါ်ဓာတုမူးယစ် ဆေးဝါးမျိုးစုံကို အသွင်သဏ္ဌာန်မျိုးစုံနဲ့ တွေ့လာနေ ရပါပြီ။ အလွယ်တကူ ရနေလို့ အသုံးများလာခြင်းလား ဆန်းစစ်ရပါမယ်။ မူးယစ်ဆေးဆိုတာ သုံးစွဲနေ ချိန်မှာ ဆေးရဲ့အရှိန်နဲ့ ကောင်းတဲ့စိတ်ခံစားမှုဖြစ်မယ်၊ ဆေးပြယ်ချိန်မှာ ဆိုးရွားပြင်းထန်တဲ့ဝေဒနာမျိုး ခံစားရမယ်။ ဒီအခါမှာဆေးရှိန်မပြယ်စေဖို့အတွက်ဆေးကို ဆက်တိုက်သုံးစွဲ ဖြစ်သွားတယ်။ အဲဒီကတစ်ဆင့် မူးယစ်ဆေးကို စွဲလမ်းတဲ့အဆင့် ရောက်သွားမယ်။ ဒီအချက်တွေက မူးယစ်ဆေးရဲ့ သဘောသဘာဝကို ပြနေတာဖြစ်ပါတယ်။
အသွင်ပြောင်း မူးယစ်ဆေးဝါးအမျိုးမျိုးကို ရေရှည်သုံးစွဲဖြစ်လာတဲ့အခါ နာတာရှည်ကျန်းမာ ရေးဆိုင်ရာပြဿနာတွေ ဖြစ်လာမယ်၊ မိမိကိုယ်မိမိမထိန်းချုပ်နိုင်တော့တဲ့ အသိမဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ထပ်ဆင့်ရင်ဆိုင်လာရပြီဆိုရင်တော့ အမှန်အကန် မူးယစ်ဆေးစွဲနေပြီလို့ ပြောလို့ရနေပါပြီ။ Happy Water လို မူးယစ်ဆေးအနွယ်ဝင် စိတ်ကြွဆေးဝါးတွေဟာ သုံးစွဲမှုပမာဏအပေါ် မူတည်ပြီးကျန်းမာရေးအပေါ်သက်ရောက်မှု အနိမ့်အမြင့် ရှိနိုင်ပါတယ်။ တစ်ဦးချင်းအနေဖြင့် ခန္ဓာကိုယ် ဖွဲ့စည်းပုံ၊ ခုခံအားစနစ်နဲ့ ဦးနှောက်လုပ်ဆောင် မှုပုံစံမတူညီတဲ့အတွက်တော့ မူးယစ်ဆေးရဲ့ သက်ရောက်မှုက တူညီနိုင်မှာ မဟုတ်ပါဘူး။
လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်
မူးယစ်ဆေးဝါးသုံးစွဲခြင်းက လူငယ်တွေအတွက် ဘယ်လိုကြီးမားတဲ့ အန္တရာယ်ဖြစ်သလဲဆိုရင် တစ်ဦးချင်းကျန်းမာရေး၊ ပညာရေး၊ မိသားစုအရေးနဲ့ အနာဂတ်ဘဝကိုပါ ကြီးစွာထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကို အချိန်မီကာကွယ်နိုင်ဖို့ မိဘတွေရဲ့တာဝန်ရှိမှုနဲ့ အတူသားသမီးကို ပြုစုစောင့်ရှောက်နိုင်ရေးကအလွန်ပဲ အရေးကြီးလှပါတယ်။ မိဘတွေအနေနဲ့ မိမိသားသမီးရဲ့စိတ်ခံစားမှုနဲ့ နေ့စဉ်အပြုအမူတွေအပေါ် အကဲခတ်နေရပါမယ်၊၊ အများအားဖြင့်တော့ မိမိရဲ့သားသမီးတွေမှာ၊ မိတ်ဆွေသူငယ်ချင်းတွေမှာ မူမမှန်ဘဲ စိတ်ဓာတ်တွေကျနေမယ်၊ ထင်ယောင် ထင်မှားဖြစ်လာမယ်၊ မိမိကိုယ်မိမိ ထိန်းချုပ်နိုင်မှုမရှိ၊ စားချင်သောက်ချင်စိတ်မရှိ၊ အိပ်ရေးခဏခဏပျက်မယ်၊ တွေဝေငေးမောနေတတ်မယ်ဆိုရင် မူးယစ်ဆေးများစွဲနေမလား သတိထားစောင့်ကြည့်ဖို့ လိုပါတယ်။
ဒီအခါမှာ သားသမီးတွေနဲ့ ရင်းရင်းနှီးနှီး ပြောဆိုဆွေးနွေးဆက်ဆံပေးရမယ်၊ လူငယ်တွေရဲ့ ပြောစကားကို နားထောင်ပေးခြင်းနဲ့ မိမိသားသမီးရဲ့ လူမှုဆက်ဆံရေးပတ်ဝန်းကျင်ကို သိရှိနိုင်ရန် ကြိုးစားဆောင်ရွက်သင့်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းကသာ မဖြစ်သင့်တဲ့ ရာဇဝတ်မှုတွေ၊ မူးယစ်ဆေးစွဲခြင်းလိုမျိုး အန္တရာယ်တွေကို တားဆီး ကာကွယ်ရာရောက်ပြီး အရေးကြီးတဲ့ တာဝန် တစ်ရပ်ကို ထမ်းဆောင်နေခြင်းဖြစ်တယ်လို့ မိဘ တွေကိုယ်တိုင်က ခံယူထားသင့်ပါတယ်။
မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့အန္တရာယ်တွေကို ကောင်းကောင်းမွန်မွန် ဆွေးနွေးပေးနိုင်ဖို့ မိသားစုအတွင်း နားလည်ယုံကြည်မှုအခြေပြုတဲ့ ဝန်းကျင်ကောင်းတစ်ခုကိုလည်း ဖန်တီးပေးထားဖို့ လိုပါတယ်။ ဒါမှသာ မိဘနဲ့သားသမီးတွေအကြားဆက်ဆံ ရေးပိုမိုကောင်းမွန်လာမှာဖြစ်ပြီး သားသမီးတွေ အနေနဲ့ဘေးအန္တရာယ်တစ်ခုခု သို့မဟုတ် လူမှုရေးဆိုင်ရာပြဿနာတစ်ခုခုကို ရင်ဆိုင်လာရတဲ့အခါမှာ မိဘတွေထံ ယုံကြည်စိတ်ချမှုအပြည့်နဲ့ ဖွင့်ဟပြော ဆိုနိုင်ကြမှာဖြစ်ပါတယ်။ အမှားအမှန်ဝေဖန် ပိုင်းခြားနိုင်တဲ့ပညာရေး၊ မိသားစုကောင်းတစ်ခုရဲ့ ပံ့ပိုးမှုနဲ့တိုးတက်တဲ့ လူမှုအဖွဲ့အစည်းတွေက တစ်ဆင့်သာ လူငယ်တွေအတွက် မူးယစ်ဆေးကင်းပြီး တည်ငြိမ်ကောင်းမွန်တဲ့ အနာဂတ်လမ်းကြောင်း ကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။
တကယ်လို့ မိမိ မိသားစုဝင်တစ်ဦးဦးဟာ မူးယစ်ဆေးဝါးသုံးစွဲနေတာကိုသိရှိရင် ဝိုင်းဝန်းအပြစ်တင် ရှုတ်ချပြောဆိုခြင်းမပြုဘဲ အပြုသဘော ဆောင်တဲ့ပြောဆိုမှု၊ ကူညီဖေးမမှုနဲ့အားပေးနှစ်သိမ့် မှုတွေကသာ အဓိကဖြစ်ပါတယ်။ အကြောင်းက ဆေးစွဲနေသူအများစုမှာ မူးယစ်ဆေးက မကောင်းမှန်း သိပင်ငြား မိမိရဲ့စွဲလမ်းစိတ်ကို တွန်းလှန်ရန် မစွမ်းသာတဲ့အတွက် မူးယစ်နွံမှ လွတ်မြောက်ဖို့ အလွန်ပင်ခက်ခဲနေတတ်ပြီး မူးယစ်စွဲလမ်း စိတ်ရဲ့ စေရာနောက်သို့ မျောပါသွားရတဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် မိသားစုရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာထောက်ပံ့ကူညီမှုတွေကသာ မူးယစ်ဆေးဖြတ်ရာမှာ အလွန်အရေးကြီးတဲ့ကူညီ ထောက်ပံ့မှုတွေဖြစ်ပါကြောင်း တင်ပြပါရစေ။
ယခုခေတ်လူငယ်အချို့အနေနဲ့ “အပျော်အပါးကို အလွန်အကျွံမလိုက်စားသင့်ပါ” လို့ စေတနာနဲ့ ပြောပါရစေ။ ဘယ်လိုမူးယစ်ဆေးဝါးဖြစ်ဖြစ် လက်တည့်စမ်းမသုံးစွဲပါနဲ့။ တစ်ကြိမ်တစ်ခါ စမ်းသပ်သုံးစွဲမိတယ်ဆိုရင်တောင် မိမိဘဝတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ အန္တရာယ်ကြီးတစ်ခု အဖြစ် မြင်ရပါမယ်။ အန္တရာယ်အဖြစ်လက်ခံမိရင်လည်း ရှောင်လွှဲနိုင်တဲ့ စွမ်းအားရှိရမှာဖြစ်ပါတယ်။ အကြောင်းက မူးယစ်ဆေးဝါးရဲ့ အသွင်သဏ္ဌာန် ဘယ်လိုပြောင်းပြောင်း သက်ရောက်မှုအန္တရာယ် ကတော့ ဘယ်တော့မှ မပြောင်းလဲတဲ့အတွက် ဖြစ်ပါ တယ်။
ခေတ်ရေစီးကြောင်းနဲ့အတူ မျောပါနေတဲ့ လူငယ်တွေကိုအကဲခတ်ပြီး လူကြီးမိဘတွေအနေနဲ့လည်း လူငယ်တွေ ပြောဆိုသုံးနှုန်းတတ်တဲ့ ခေတ်သစ်မူးယစ်ဆေး အခေါ်အဝေါ် အသုံးအနှုန်းတွေ၊ တစ်ခဏပျော်ရွှင်မှုရဖို့ အကြောင်းပြဆင်ခြေပေးပြီး အသုံးပြုနိုင်တဲ့နည်းလမ်းမှန်သမျှ သိရှိနေအောင် ကြိုးစာသင့်ပါကြောင်းနဲ့ မိမိတို့ရဲ့သားသမီး၊ မိသားစုဝင်တွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေကို လမ်းမှားမရောက်စေဖို့အတွက် သွန်သင်ဆုံးမနိုင်မယ့်၊ သတိထားရှောင်ကြဉ်ရမယ့် အချက်အလက်တွေကို ဒီဆောင်းပါးနဲ့ စေတနာရှေ့ထား မျှဝေလိုက် ရပါတယ်။ ။
No comments:
Post a Comment