တောင်ကြီး ဇူလိုင် ၃
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော (၂၆) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ် ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေးအစည်းအဝေးကို ယနေ့ နံနက် ၈ နာရီတွင် တောင်ကြီးမြို့ တောင်ကြီး ဟိုတယ်၌ ကျင်းပသည်။
ရှေးဦးစွာ မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး
ဝင်းဇော်မိုးက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများ
ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုဖြစ်စဉ်များနှင့် သယ်ဆောင်ရာလမ်းကြောင်းပြောင်းလဲမှုများကို
သုံးသပ်ပြီး အထူးစစ်ဆင်ရေးစီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၃ ခုနှစ်မှ
၂၀၂၄ ခုနှစ်အထိ အထူးစစ်ဆင်ရေး အကြိမ် ၄၀ ဆောင်ရွက်ခဲ့ပြီး ယခုနှစ် မေ ၁ ရက်မှ စတင်၍
အထူးစစ်ဆင်ရေးတစ်ရပ်ကို ဆောင်ရွက် လျက်ရှိကြောင်း။
ပူးပေါင်းဆောင်ရွက်သွားမည်
မူးယစ်ဆေးဝါးထုတ်လုပ်မှုများ
လျှော့ချနိုင်ရေး ပရီကာဆာဓာတုပစ္စည်းထိန်းချုပ်ရေးကို အဓိက ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
နှစ်နိုင်ငံ ပရီကာဆာ ဓာတုပစ္စည်းထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားရန်
လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါးချက်လုပ်ရာ၌ အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ
မူးယစ်ဆေးဝါးချက်လုပ်ရာဒေသများသို့ မရောက်ရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများအပါအဝင်
ထိုင်းနိုင်ငံနှင့်လည်း အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
နှစ်နိုင်ငံနယ်စပ်တစ်လျှောက်
တားဆီးနှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေ သကဲ့သို့ အနာဂတ်လူငယ်လူရွယ်များအတွက်
အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းသည် လည်း အရေးကြီးသော အချက်တစ်ခုဖြစ်ကြောင်း၊
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့သည့် “ရေရှည်တည်တံ့သော
အစားထိုးဖွံ့ဖြိုးရေးနှင့် လူနေမှုဘဝဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ”
အရ ထိုင်းနိုင်ငံအစိုးရက အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများအတွက် ထောက်ပံ့ဆောင်ရွက်မှုများအပေါ်
ကျေးဇူးတင်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်မှသာ ဘိန်းစိုက်ပျိုး
ရာဒေသများရှိ တိုင်းရင်းသားလူမျိုးများ၏ လူနေမှုဘဝအဆင်ပြေချောမွေ့လာပြီး ဘိန်းစိုက်ပျိုးမှု
ပြဿနာများလည်း လျော့နည်းကျဆင်းလာစေမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ မယ့်ဖားလုံဖောင်ဒေးရှင်းနှင့်
ပူးပေါင်းဆောင်ရွက်နေသည့် ရှမ်းပြည်နယ် (တောင်ပိုင်း) နောင်တရားမြို့နယ်ရှိ အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းသည်
ထိရောက်မှုရှိပြီး အောင်မြင်မှုများစွာ ရရှိနေသည့်အတွက် အဆိုပါစီမံကိန်းများအား ဆက်လက်ကူညီပံ့ပိုးစေလိုပါကြောင်း။
အတူလက်တွဲဖြေရှင်းသွားရမည်
မူးယစ်ဆေးဝါးပြဿနာသည်
နိုင်ငံတစ်နိုင်ငံ၊ လူမျိုးစုတစ်စုတည်းကိုသာ ထိခိုက်စေခြင်းမဟုတ် ဘဲ ဒေသတစ်ခုလုံးမှ
တစ်ကမ္ဘာလုံးအထိ ဆက်စပ်ထိခိုက်စေသောကြောင့် နှစ်နိုင်ငံ မူးယစ်ဆေးဝါးတားဆီးရေးလုပ်ငန်းများကို
ဘက်ပေါင်းစုံမှအတူ လက်တွဲ ဖြေရှင်းသွားရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ကြာမြင့်စွာတည်ရှိခဲ့သည့်
ကောင်းမွန်သော ဆက်ဆံရေးကို ဆက်လက်ခိုင်မာစွာ တည်ရှိနေရန် အတွက် မြန်မာနိုင်ငံမှ ကြိုးပမ်းဆောင်ရွက်သွားမည်
ဖြစ်ကြောင်း၊ နိုင်ငံနှစ်ခု အမြင်တစ်ခုဖြင့် ပိုမိုတောက်ပ သော မနက်ဖြန်များစွာအတွက်
မူးယစ်ဆေးဝါးကင်းစင် သောဒေသဖြစ်စေရေး ပူးပေါင်းဆောင်ရွက်သွားကြ ပါစို့ “Two
Nations, One Vision - Collaborating for Brighter Tommorrows” ဆောင်ပုဒ်လေးအတိုင်း
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့
အတွင်းရေးမှူးချုပ် Pol. Lt. Gen. Phanurat Lukboon (ဖန်နုရတ် လုပ်ကဘွန်း) က အဖွင့်အမှာစကား
ပြောကြားသည်။
အစည်းအဝေးသို့
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်သော မြန်မာကိုယ်စားလှယ်
၁၄ ဦးနှင့် ထိုင်းနိုင်ငံမှ Pol. Lt. Gen. Phanurat Lukboon (ဖန်နုရတ် လုပ်ကဘွန်း)
ဦးဆောင်သော ကိုယ်စားလှယ် ၁၁ ဦးတို့ တက်ရောက် ပြီး နှစ်ဖက်ကိုယ်စားလှယ်များက နှစ်နိုင်ငံအကြား
လတ်တလောဖြစ်ပေါ်နေသည့် မူးယစ်ဆေးဝါးအခြေ အနေနှင့် တားဆီးနှိမ်နင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊
အနာဂတ်ပူးပေါင်းဆောင်ရွက် နိုင်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဖြစ်စဉ်များ၊
ပရီကာဆာဓာတုပစ္စည်း များ ထိန်းချုပ်ရေး၊ မူးယစ်ဆေးဝါးစိစစ်လေ့လာရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှုလျှော့ချရေးဆိုင်ရာ
ပူးပေါင်းဆောင်ရွက်မှုများ၊ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေးကိစ္စရပ်များနှင့်
(၂၇) ကြိမ်မြောက် အစည်းအဝေးကို ထိုင်းနိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပနိုင်ရေးကိစ္စရပ်များအား
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment