Sunday, July 20, 2025

အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်ကြည့်ရှုလေ့လာသည့် ရဟန်းရှင်လူပြည်သူများ၊ ကျောင်းသား ကျောင်းသူများဖြင့် အထူးစည်ကား


ရန်ကုန် ဇူလိုင် ၁၉

၂၀၂၅ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် (၇၈)နှစ်မြောက် အာဇာနည်နေ့၌ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်ချုပ်ပြတိုက် လမ်း (ယခင်တာဝါလိန်းလမ်း) ရှိ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် သို့ ရဟန်းရှင်လူ ပြည်သူများ၊ ကျောင်းသား ကျောင်းသူများ စိတ်ဝင်တစားလာရောက်ကြည့်ရှုလေ့လာကြသည်။

မြန်မာ့လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့ သော နေအိမ်ပြတိုက်တွင် အာဇာနည်နေ့၌ နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ အထူးပြပွဲ အပါအဝင် ပြခန်းများကို ခင်းကျင်း ပြသထားပြီး တနင်္လာနေ့နှင့် အများပြည်သူ ရုံးပိတ်ရက်တို့မှ အပ ကျန်နေ့ရက်တို့တွင် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ပြသလျက်ရှိသည်။

ယခုနှစ် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်တွင် အများပြည်သူတို့အား ပြကွက်သုံးမျိုးဖြင့် ခင်းကျင်းပြသ ခဲ့ရာ ပြကွက်တစ်အဖြစ် ပြတိုက် ၏အတက်လမ်း၌ နတ်မောက် မြို့တွင်ရှိသည့် ဗိုလ်ချုပ် အောင်ဆန်းနေအိမ်၊ ရန်ကုန်မြို့ တွင်ရှိသည့် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်၊ ဗိုလ်ချုပ်၏ ကျောင်းသား ဘဝ၊ နိုင်ငံရေးသမားဘဝ၊ တပ်မတော်ခေါင်းဆောင် ဘဝ၊ နိုင်ငံ့ခေါင်းဆောင်ဘဝ၊ မိသားစု ဘဝ၊ဈာပနအခမ်းအနား၊ ဗိုလ်ချုပ်ကျဆုံးခဲ့သည့် အတွင်းဝန်များရုံး၊ ဗိုလ်ချုပ်ကျဆုံးချိန်တွင် ကျန်ရှိခဲ့ သောပစ္စည်းများ၊ ဗိုလ်ချုပ် အောင်ဆန်းပုံပါ ငွေစက္ကူနှင့် အကြွေစေ့များ၊ တံဆိပ်ခေါင်းများ နှင့် ပြတိုက်အတွင်း ခင်းကျင်း ပြသထားသည့်ပစ္စည်းများ စသည့် သမိုင်းအချက်အလက် ဆိုင်ရာ ပြကွက်ပေါင်း (၃၀) ကို All in one board များဖြင့် ပြသထား သည်။

ပြကွက်နှစ်အဖြစ် ပြတိုက် အထွက်လမ်း၌ မြန်မာပြည်မြေပုံ နှင့် အာဇာနည် (၉) ဦးပုံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မှတ်တမ်းဓာတ်ပုံများ၊ မေယုစစ်သင်္ဘောမှတ်တမ်း ဓာတ်ပုံများ၊ ရဲဘော်သုံးကျိပ် အဖွဲ့ဝင်များ သွေးသစ္စာဆိုခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်နေအိမ်ထမင်းစားခန်းတွင် အသုံးပြုခဲ့သည့် အသုံးအဆောင် ပစ္စည်းပုံများ၊ ဗိုလ်ချုပ်အိပ်ခန်း အတွင်းမှ ခရီးဆောင်သားရေ သေတ္တာနှင့် ဗိုလ်ချုပ်ဝတ်ဆင်ခဲ့သော အဝတ်အစားမှတ်တမ်း ဓာတ်ပုံများ၊ ကလေးများအခန်း ဗီရိုအတွင်းရှိ အောင်ဆန်းလင်း ဝတ်ဆင်ခဲ့သည့် အဝတ်အစား မှတ်တမ်းဓာတ်ပုံများ စသည် တို့ကို Permanent Board ပေါ်၌ UV Sticker Vinyl များဖြင့် ပြသထားသည်။

ပြကွက်သုံးအဖြစ် IT နည်းပညာများဖြစ်သည့် Holographic နည်းပညာနှင့် ဖန်တီးပြသထားသော သမိုင်းဝင်မြန်မာ့ရေတပ်မေယုစစ်သင်္ဘော၏ မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်၏ ဈာပနအခမ်းအနား၊ ဝန်ကြီးများရုံးအတွင်းရှိ ဗိုလ်ချုပ်တို့ နောက်ဆုံး ပြုလုပ်ခဲ့သော အစည်းအဝေးခန်းမ မှတ်တမ်းပြကွက်များ၊ ဗိုလ်ချုပ်ဝတ်ဆင်ခဲ့သည့် ကုတ် အင်္ကျီအား အဘက်ဘက်မှ ကြည့်ရှုလေ့လာနိုင်သောပြကွက်၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်၏ ဗီရိုများအတွင်းရှိ ပစ္စည်းများအား Offline Web Page ဖြင့် ပြသထားသော ပြကွက်နှင့် လူငယ်များ အတွက် ဉာဏ်စမ်းပ​ဟေဠိကဏ္ဍ တို့ကို Touch Screen များနှင့် ပြသသည့် ပြကွက်များဖြင့် ဖန်တီးပြသထားသည်။

“(၇၈)နှစ်မြောက် အာဇာနည် နေ့မှာ အများပြည်သူ အမြဲအမှတ် တရရှိစေဖို့နဲ့ အသိပညာဗဟုသုတ ရရှိကြစေဖို့ရည်ရွယ်ပြီး ပြတိုက်ပိုင်းဆိုင်ရာ ပြကွက်များကို ခင်းကျင်း ပြသထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကို လာရောက်လေ့လာတဲ့ အခါမှာပုံမှန်အထူးပြပွဲမှာ ပြသလေ့ရှိတဲ့ ယာယီပြကွက်တွေနဲ့ ခေတ်မီ နည်းစနစ်နဲ့ ပေါင်းစပ်ထားတဲ့ ပြကွက်တွေအပြင် ဒီနှစ်မှာ ထူးထူးခြားခြား တစ်နှစ်ပတ်လုံး လေ့လာကြည့်ရှုနိုင်အောင် Per-manent Board ပေါ်မှာ UV Sticker Vinyl တွေနဲ့ အမြဲပြသသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် လာရောက် လေ့လာကြည့်ရှုသူ တွေအတွက် အသိပညာဗဟုသုတများစွာ ရရှိစေမှာဖြစ်ပါတယ်”ဟု အမျိုးသားပြတိုက် (ရန်ကုန်) မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မိမိလေးက ပြောသည်။

ပြတိုက် မြေညီထပ်တွင် ဗိုလ်ချုပ် ထမင်းစားခန်းနှင့် ဧည့်ခန်း၊ ပြတိုက်အပေါ်ထပ်၌ ဗိုလ်ချုပ်တို့ ဇနီးမောင်နှံအိပ်ခန်း၌ ခုတင်၊ မှန်တင်ခုံ၊ သစ်သားဗီရို၊ ဗိုလ်ချုပ်၏ အသုံးအဆောင် ပစ္စည်းများ၊ ဗိုလ်ချုပ်အိပ်ခန်းနံရံတွင် ဗိုလ်ချုပ်ပုံတူပိုးပန်းချီ၊ ဇနီးမောင်နှံပုံ၊ ဘေးတစ်ဖက်၌ စာဖတ် ခန်းတို့ကိုပြသထားပြီး ကလေး များ အိပ်ခန်း၌ ခုတင်သုံးလုံး၊ အဝတ်ထည့်ဗီရိုနှင့် မှန်တင်ခုံ တို့ကို ပြသထားသည်။ ထိုအခန်း ခေါင်းရင်း၌ ကြောင်လိမ်လှေကား ဖြင့်တက်ရသည့် တတိယထပ်တာဝါရှိ ဘုရားခန်းအတွင်း ဗိုလ်ချုပ်မိသားစု ပူဇော်ခဲ့သည့် ဒက္ခိဏသာခါ ဆင်းတုတော်နှင့် ကျောင်းဆောင်ပုံတော်၊ ဗိုလ်ချုပ်ဝတ်ဆင်ခဲ့သည့် အဝတ်အစားများနှင့် ခရီးဆောင်သားရေအိတ် တို့ကို ပြသထားသည်။

ဗိုလ်ချုပ်၏ သားသမီးများ အိပ်ခန်းအနီးတွင်ရှိသည့် အထူး အစည်းအဝေးခန်း၌ ဆက်တီတစ်စုံနှင့် နံရံတွင် ဗိုလ်ချုပ်မိန့်ခွန်း များ ကောက်နုတ်ချက်တို့ကို မြန်မာ/ အင်္ဂလိပ် နှစ်ဘာသာဖြင့် ပြသထားပြီး ကလေးအိပ်ခန်း အနောက်ဘက်တံခါးရှိပြတိုက် စင်္ကြံလမ်းမှ ပြတိုက်အောက်သို့ကွေ့၍ ပြန်ဆင်းပါက ရေကန် အနီး၌ စိုက်ခင်းပြကွက်တွင် သီးပင်စားပင် စိုက်ပျိုးနေသည့် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်တုပုံကို ပြသထားသည်။

ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် (ရန်ကုန်) ၏ အထွက်လမ်းရှိ နည်းပညာပြကွက် (Digital Exhibition) တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် ပတ်သက်သည့် မေးခွန်းပေါင်း(၂၀)ကို ဖြေဆိုခြင်း ဖြင့် အမှတ်တရလက်ဆောင် ခြောက်မျိုးကို ချီးမြှင့်ပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူများ စိတ်ဝင်တစား ပါဝင်ဖြေကြား ကြသည်။

ယနေ့ (၇၈) နှစ်မြောက်အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)အား ပြတိုက်အတွင်းခင်းကျင်းပြသမှုအပြင် နည်းပညာပြကွက်နှင့် ဉာဏ်စမ်းပဟေဠိ အစီအစဉ်တို့ ဖြင့် ကြည့်ရှုလေ့လာသူများအတွက် စုံလင်စွာဆောင်ရွက်ထားသည့်အတွက် ရဟန်းရှင်လူပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ စိတ်ဝင်တစား လာရောက်လေ့လာကြသည်။

သတင်းစဉ်

No comments:

Post a Comment