နေပြည်တော် ဧပြီ ၂၃
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် ပျဉ်းမနားမြို့ အမှတ်(၁) မြို့မဈေးနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပျဉ်းမနား) တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ
ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မန္တလေးငလျင်ကြီးနှင့် နောက်ဆက်တွဲငလျင်များကြောင့်
ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် ပျဉ်းမနားမြို့အမှတ်(၁)မြို့မဈေးရှိ ပြိုကျပျက်စီးခဲ့သည့်
အဆောက်အဦ A အဆောင်နှင့် B အဆောင်နေရာများတွင် တပ်မတော်သားများနှင့်ပူးပေါင်းအဖွဲ့ဝင်များ၊
ပရဟိတအဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းနေမှု၊ ထိခိုက်မှုအနည်းငယ်သာရှိသည့် ဈေးအဆောက်အဦ
C အဆောင်နှင့် D အဆောင်ရှိ ဆိုင်ခန်းများ၏ ကြံ့ခိုင်မှုအခြေအနေများကို လိုက်လံကြည့်ရှု
စစ်ဆေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ပျဉ်းမနား အမှတ်(၁)
မြို့မဈေးသည် ၁၉၉၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး မြေဧက ၄ ဒသမ ၃၇၅ ဧက ကျယ်ဝန်းပြီး
ဈေးအဆောက်အဦ A၊ B၊ C နှင့် D အဆောင်တို့မှ ဆိုင်ခန်းပေါင်း ၁၃၆၉ ခန်းရှိသည့်အနက် ငလျင်ဒဏ်ကြောင့်
A အဆောင်နှင့် B အဆောင်တို့ ဈေးဆိုင်ခန်းပေါင်း ၃၉၃ ခန်း ပျက်စီးသွားကြောင်း သိရသည်။
ထို့ပြင် ထိခိုက်မှုအနည်းငယ်သာရှိသည့် ဈေးအတွင်းမှ အဆောက်အဦ C အဆောင်နှင့် D အဆောင်ရှိ
ဆိုင်ခန်းများကို အခွန်ကင်းလွတ်ခွင့်ဖြင့် ဆက်လက်ရောင်းချခွင့်ပြုထားကြောင်း၊ မြို့မဈေးကြီးအသစ်ပြန်လည်တည်ဆောက်မည့်ကာလတွင်
ပျဉ်းမနားမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းအနီးရှိ အောင်မင်္ဂလာဝင်းအတွင်း ယာယီဈေးဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း
သိရသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ
ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပျဉ်းမနားမြို့ရွှေချီရပ်ကွက်ရှိ စိုက်ပျိုးရေးနှင့်
မွေးမြူရေးသိပ္ပံ (ပျဉ်းမနား) သို့ ရောက်ရှိကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အဆိုပါကျောင်းဝင်းအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့်
ရှေးဟောင်းသမိုင်းဝင်အဆောက်အဦများနှင့် အခြားကျောင်းအဆောက်အဦများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ
ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့်
လယ်ယာစက်မှုဌာန အဆောက်အဦ (ရာပြည့်အဆောက်အဦ)၊ ကျောင်းအုပ်ကြီးရုံး၊ ကရမက်ဆောင်၊ ဧည့်ရိပ်သာ၊
ယင်းမာဆောင်၊ သရဖီဆောင်၊ ရွှေရောင်ခြည်ခန်းမနှင့် စာသင်ဆောင်တို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး
ပျက်စီးခဲ့သည့် စာသင်ဆောင်များ ပြန်လည်ပြုပြင်တည်ဆောက်ရာတွင် မူလအဆောက်အဦ ပုံစံအတိုင်းဆောက်လုပ်ရေး၊
မဆောက်လုပ်မီ မြေအနေအထား စမ်းသပ်ပြီးမှ ဆောက်လုပ်ရေး၊ အနည်းငယ်ပြုပြင်ရမည့် စာသင်ဆောင်အဆောက်အဦများ
ကြံ့ခိုင်ရေးစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေး ပြုပြင်ခြင်းအား ဇွန်လကျောင်းဖွင့်ချိန်အမီ
ပြုပြင်သွားရန်၊ အရေးကြီးစာရွက်စာတမ်းများနှင့် သင်ထောက်ကူပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းထားရှိရန်နှင့်
အခြားလိုအပ်သည်များ မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ
ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါကျောင်းရှိ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊
ဝန်ထမ်းများနှင့်မိသားစုများကို တွေ့ဆုံအားပေးစကားပြောကြားပြီး ဆရာ၊ ဆရာမများနှင့်
ဝန်ထမ်းမိသားစုများက နေထိုင်စားသောက်မှုအခြေအနေနှင့် အခြားလိုအပ်သည်များတင်ပြရာ ဒုတိယဝန်ကြီးချုပ်က
အခြေခံစားသောက်ကုန် တစ်လစာထောက်ပံ့ပေးမည့်အခြေအနေနှင့် ယာယီကျောင်းရုံးခန်း အဆင်ပြေစေရေး
Modular House များဖြင့် စီမံဆောင်ရွက်ပေးမည့်အခြေအနေများကို ပြောကြားကာ တာဝန်ရှိသူများနှင့်
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ
(ပျဉ်းမနား) တွင် အဆောက်အဦ ၉၂ လုံးရှိသည့်အနက် ရှေးဟောင်းအဆောက်အဦ ၅ လုံးအပါအဝင်အခြားအဆောက်အဦ
၃ လုံးစုစုပေါင်း ၈ လုံး လုံးဝပျက်စီးဆုံးရှုံးခဲ့ပြီးနှစ် ၁၀၀ ပြည့် ရှေးဟောင်းအဆောက်အဦ
၁ လုံးအပါအဝင် အခြားအဆောက်အဦ ၄ လုံးစုစုပေါင်း ၅ လုံး အန္တရာယ်ရှိသည့်အဆင့်ထိခိုက်ပျက်စီးခဲ့ကြောင်းနှင့်
ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ် ကျောင်းသား၊ ကျောင်းသူ ၄၆၁ ဦးရှိပြီး စာသင်ဆောင်များ
လိုအပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါကျောင်းရှိ
လယ်ယာစက်မှုဌာန အဆောက်အဦ (ရာပြည့်အဆောက်အဦ)သည် အေဒီ ၁၉၂၃ ခုနှစ်တွင် ကျောင်းသစ်အဖြစ်ဆောက်လုပ်ခဲ့ပြီးကျောင်းသား၊ကျောင်းသူများကို
သံဂဟေဆက်ခြင်း၊ မော်တာစက်ပြင်ခြင်း၊ပန်းပဲလုပ်ငန်း၊ သစ်သားလုပ်ငန်းများကို ပစ္စည်းအပြည့်အစုံဖြင့်
သင်ကြားပေးခဲ့သည့်နေရာဖြစ်ကြောင်း၊ ကရမက်ဆောင်သည် အေဒီ ၁၉၂၆ ခုနှစ်တွင် ဆရာများနေထိုင်ရန်ဆောက်လုပ်ခဲ့ပြီး
ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) ပျဉ်းမနားတပ်ရင်းတပ်ခွဲရုံးခန်း စခန်းချခဲ့သည့် ရှေးဟောင်းအဆောက်အဦတစ်ခုဖြစ်ကြောင်း၊
ယင်းမာဆောင်သည် အေဒီ ၁၉၂၈ ခုနှစ်တွင် ကျောင်းသားများနေထိုင်ရန် ဆောက်လုပ်ခဲ့ပြီး ဗမာ့ကာကွယ်ရေးတပ်မတော်
(BDA) ပျဉ်းမနားတပ်ရင်းတပ်ခွဲရုံးစခန်းချခဲ့သည့် ရှေးဟောင်းအဆောက်အဦတစ်ခုဖြစ်ကြောင်း၊
သရဖီဆောင်သည်အေဒီ ၁၉၃၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ဗမာ့ကာကွယ်ရေးတပ်မတော်(BDA)ပျဉ်းမနားတပ်ရင်းတပ်ခွဲရုံး
စခန်းချခဲ့သည့် ရှေးဟောင်းအဆောက်အဦတစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment