နေပြည်တော် မတ် ၁၃
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ (၂၅) နှစ်ပြည့် ငွေရတုသဘင်အခမ်းအနားကို ယမန်နေ့ ညပိုင်းတွင် စစ်ကိုင်းတောင်ရိုးရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ သီတဂူသံဃသန္နိပါတကျောင်းဆောင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ နိုင်ငံတော်ဩဝါဒစရိယ၊ ရွှေကျင်နိကာယသာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု သီတဂူအဓိပတိဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရအမှူးပြုသော သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အသီးသီးမှ ပါမောက္ခ/ ကထိက ဆရာတော်များ၊ ကျောင်းထိုင်/ကျောင်းပိုင်ဆရာတော်၊ ဆရာကြီးများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြသည်။
ဦးစွာ
နမောတဿ မဟာပဏာမသုံးကြိမ်ရွတ်ဆိုဘုရားရှိခိုး၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက်
အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်နှင့် ဓမ္မဒူတဆေကိန္ဒာရာမတက္ကသိုလ်၏
ပါမောက္ခချုပ်၊ အဂ္ဂမဟာကမ္မဋ္ဌာနစရိယဆရာတော် ဘဒ္ဒန္တဆေကိန္ဒ၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်
ပါမောက္ခချုပ်၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ကမ္ဘာ့ဗုဒ္ဓသာသနာပြု၊
အောက်စ်ဖို့ဒ် ဆရာတော် ပါမောက္ခ ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ၊ သီတဂူဗုဒ္ဓတက္ကသိုလ်အသီးသီးမှ
ကျောင်းအုပ်ဆရာတော်များ၊ အခြားသီလရှင် ဗုဒ္ဓတက္ကသိုလ်များမှ သီလရှင်ဆရာကြီးများက သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏
ငွေရတုသဘင်အခမ်းအနားသို့ တက်ရောက်လာကြသည့် ဘွဲ့ခံကျောင်းသား / ကျောင်းသူများကို ပညာရေးဆိုင်ရာ
အသိပညာဗဟုသုတများကို မျှဝေပို့ချခဲ့ကြသည်။
ဆက်လက်၍
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု သီတဂူအဓိပတိဆရာတော် ဒေါက်တာ
ဘဒ္ဒန္တဉာဏိဿရက နိဂုံးချုပ်ဆုံးမဩဝါဒမိန့်ကြားပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ (၂၅)
နှစ်ပြည့် ငွေရတုသဘင်အခမ်းအနားကို သီတဂူအဓိဋ္ဌာန်ရွတ်ဆို၍ ရုပ်သိမ်းခဲ့သည်။
ထို့ပြင်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ (၅) ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်
စစ်ကိုင်းတောင်ရိုးရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ သီတဂူသံဃသန္နိပါတကျောင်းဆောင် ဘွဲ့နှင်းသဘင်ခန်းမ၌
ကျင်းပရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ နိုင်ငံတော်ဩဝါဒစရိယ၊ ရွှေကျင်နိကာယသာသနာပိုင်
အဘိဓဇမဟာရဋ္ဌဂုရု သီတဂူအဓိပတိဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရအမှူးပြုသော သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊
တက္ကသိုလ်ပညာရေးအဖွဲ့ဝင် ဆရာတော်များ၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊
ဖိတ်ကြားထားသည့် ဧည့်သည်များနှင့် ဘွဲ့ခံ ကျောင်းသား/ကျောင်းသူများ၏ မိဘဆွေမျိုးများ
တက်ရောက်ကြသည်။
ဦးစွာ
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ နိုင်ငံတော်ဩဝါဒစရိယ၊ ရွှေကျင်နိကာယသာသနာပိုင်
အဘိဓဇမဟာရဋ္ဌဂုရု သီတဂူအဓိပတိဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော သီတဂူကမ္ဘာ့ဗုဒ္ဓ
တက္ကသိုလ်အသီးသီးမှ ပါမောက္ခ/ကထိက ဆရာတော်များ၊ ကျောင်းထိုင်/ ကျောင်းပိုင် ဆရာတော်၊
ဆရာကြီးများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက နမောတဿမဟာပဏာမ
သုံးကြိမ်ရွတ်ဆိုဘုရားရှိခိုး၍ အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ သီတဂူအဓိပတိ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရက
အဖွင့်ဩဝါဒကထာမိန့်ကြားသည်။ ဆက်လက်၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ ပါမောက္ခချုပ်၊
ရွှေကျင်နိကာယဥပဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဩဝါဒကထာကို လက်ထောက်ပါမောက္ခချုပ်ဆရာတော်က
ဖတ်ကြားသည်။ ယင်းနောက် ဘွဲ့ယူမည့်သူများ စောင့်ထိန်းရမည့် ကျင့်ဝတ်များကို လိုက်နာကျင့်သုံးရန်
ကတိခံဝန်မှုပြုခြင်းကို ဆောင်ရွက်ကြသည်။
ဆက်လက်၍
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ သီတဂူအဓိပတိဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရက
ဗုဒ္ဓဒေသနာပါရဂူ PhD ဘွဲ့ရ ၂ ဦး၊ ဗုဒ္ဓဒေသနာမဟာဝိဇ္ဇာ MA ဘွဲ့ရရှိ ၈၆ ဦးနှင့် ဗုဒ္ဓဒေသနာဝိဇ္ဇာ
BA ဘွဲ့ရရှိသူ ၂၅၉ ဦး၊ စုစုပေါင်း ၃၄၇ ဦးတို့အား ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းသည်။
ယင်းနောက်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ သီတဂူအဓိပတိဆရာတော်က ဘွဲ့ရရှိသူများအား ဘွဲ့များနှင့်လျော်ညီသော
အမှတ်လက္ခဏာဖြစ်သည့် ဘွဲ့တံဆိပ်များကို သုံးစွဲခွင့်ပြုခဲ့ပြီး သီတဂူကျောင်းသား/ ကျောင်းသူများ
ထားရှိရမည့် ခံယူချက် ၁၅ ချက်ကို သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်ပညာရေးအဖွဲ့ဝင် ဒေါက်တာဘဒ္ဒန္တ
တိက္ခသာရကဦးဆောင်၍ ဘွဲ့ရကျောင်းသား/ကျောင်းသူများက သံပြိုင်ရွတ်ဆိုကြသည်။ ဆက်လက်၍ အဝေးရောက်ဘွဲ့အပ်နှင်းခြင်းကို
အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သီတဂူအဓိပတိဆရာတော်နှင့် ပါမောက္ခချုပ်ဆရာတော်တို့က
ဘွဲ့နှင်းသဘင်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးကြသည်။
၎င်းနောက်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ သီတဂူအဓိပတိဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရက
ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ ပါမောက္ခ/ကထိက
ဆရာတော်များ၊ ဘွဲ့ရ ကျောင်းသား/ကျောင်းသူများနှင့် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက
သီတဂူအဓိဋ္ဌာန်ကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် မတ်တပ်ရပ်ရွတ်ဆို၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏
ပဉ္စမအကြိမ်ဘွဲ့နှင်းသဘင်အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment