နေပြည်တော် မတ် ၁၃
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူအများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ယခင်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့မှစ၍ စတင်ခွင့်ပြုပေးခဲ့ရာ ပြည်တွင်း ပြည်ပမှ ဘုရားဖူးလာရောက်သူများဖြင့် နေ့စဉ်မပြတ် စည်ကားလျက်ရှိသည်။
ထိုသို့
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ရဟန်း၊ ရှင်လူ အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန်
စတင်ဖွင့်လှစ်ပေးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့မှစ၍ ဘုရားဖူးပြည်သူအများအပြား နေ့စဉ်လာရောက်ဖူးမြော်ကြည်ညိုကြရာ
ယနေ့ထိ ဘုရားဖူးလာသူပြည်သူ ၂ ဒသမ၅ သန်းကျော်အနက်မှ ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ဥက္ကလာပမြို့နယ်မှ
ဒေါ်သန်းသန်းဌေးသည် မိသားစုများနှင့်အတူ ဘုရားဖူးလာရောက်ရာမှ ဦးရေ ၂ ဒသမ ၅ သန်းပြည့်
ကံထူးသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြသူများအနက် ဦးရေ ၂ ဒသမ ၅ သန်းပြည့်မြောက်သူအဖြစ်
လာရောက်ဖူးမြော်သည့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်မှ ဒေါ်သန်းသန်းဌေးနှင့်
မိသားစုများအား ဘုရားကြီးဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ဘုရားကြီးမုခ်ဦးတွင် ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက်
ဒေါ်သန်းသန်းဌေး မိသားစုသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်အတွင်းရှိ
ကျောက်စာရုံစေတီတော်များ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်၊ ဂန္ဓကုဋိတိုက်များ၊ မုစလိန္ဒကန်၊
နဂါးရုံဘုရား၊ မာရဝိဇယကျောင်းတော်၊ သုဓမ္မာဇရပ်များအား လှည့်လည်ဖူးမြော်ကြည်ညိုကြသည်။
ယင်းနောက် ယာယီရှင်းလင်းဆောင်၌ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မာရဝိဇယရုပ်ပွားတော်မြတ်ကြီးနှင့်
သာသနိကအဆောက်အဦများ တည်ထားကိုးကွယ်မှုဆိုင်ရာများနှင့် ဦးရေ ၂ ဒသမ ၅ သန်းမြောက် ဘုရားဖူးပြည်သူဖြစ်လာရသည့်
အကြောင်းအရင်းကို ရှင်းလင်းပြောကြားသည်။ ၎င်းနောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုနှင့်အညီ
ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဦးရေ ၂ ဒသမ ၅ သန်းမြောက် ဘုရားဖူးပြည်သူ ဒေါ်သန်းသန်းဌေးအား
ဓမ္မလက်ဆောင်အဖြစ် ဉာဏ်တော် ၉ လက်မအမြင့်ရှိသော စကျင်ကျောက်ဖြင့် ထုဆစ်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး
ပုံတော်တူဆင်းတုတော်တစ်ဆူ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မှန်ဘောင်သွင်းဓာတ်ပုံတစ်ပုံ၊
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသမိုင်းကြောင်း စာအုပ်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment