မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးသည့်အချိန်မှစ၍ လူမျိုးစွဲ၊ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲများကိုအကြောင်းပြု၍ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့သည်မှာ နှစ်ပေါင်း ၈၀ နီးပါးရှိပြီဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများကြောင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး ပဋိပက္ခဒေသများရှိ ပြည်သူများမှာ ဒုက္ခဆင်းရဲမျိုးစုံကြုံတွေ့ခဲ့ကြကာ အဆိုပါဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျကျန်နေ သည်ကို တွေ့ရမည်ဖြစ်သည်။
ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ငြိမ်းချမ်းရေးခရီးနှင့် အလှမ်းဝေးကွာနေဆဲဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကိုချမှတ်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိနိုင်ရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်ကချမှတ်ထားသည့် နိုင်ငံရေးဦးတည်ချက်တွင် “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ပါအတိုင်း အလေးထားလုပ်ဆောင်ရေး”၊ “ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်ရေး” ကို ချမှတ်ထားပြီး ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် “နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့်ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ် မှုရှိစေရေးအတွက်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်” ဟူသည့်အချက်ကို အလေးထားဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုကြီးနှင့်တိုင်းရင်းသားပြည်သူများ အကျိုးစီးပွားကိုရှေးရှု၍ ငြိမ်းချမ်းရေးကို မျက်ခြည်မပြတ် အလေးထားဆောင်ရွက်နေသော်လည်း တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့အချို့သည် ဖြစ်ပေါ်လာသော နိုင်ငံရေးအခြေအနေကို အခွင့်ကောင်းယူလျက် ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် အကြမ်းဖက်လက်နက်ကိုင် လုပ်ငန်းစဉ်များကို အခြေအနေပေးလျှင်ပေးသလို ဇွတ်တိုးလုပ်ဆောင်လာကြသည်။ တိုင်းရင်းသားလူမျိုးအားလုံး စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုကြီးဖရိုဖရဲဖြစ်အောင် နှောင့်ယှက်ဖျက်ဆီးနေကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ နိုင်ငံတော်အစိုးရနှင့် တပ်မတော်သည် မိမိတို့သည် တိုင်းရင်းသားညီအစ်ကို မောင်နှမများဖြစ်သည်ဟူသောခံယူချက်ဖြင့် စိတ်ရှည်သည်းခံအနစ်နာခံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မျက်ကွယ်မပြုဘဲ ရှေးရှု ဆောင်ရွက်နေသည်။ တိုင်းရင်းသားပြည်သူများ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။ တိုင်းရင်းသားပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝမြင့်မားတိုးတက်လာရေးကို မျက်ခြည်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်သူများ၏လိုလားချက်ဖြစ်သည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ်လ ၁၀ ရက်နေ့က အထူးလေယာဉ်ပေါ်၌ မီဒီယာများ၏ သီးသန့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ရာတွင် “လက်တွဲလုပ်ဖို့ အသင့်တော်ဆုံးအချိန်ရောက်နေပါပြီ။ EAO တွေကိုလည်း ကျွန်တော်ပြောချင်တာကတော့ ကိုယ်ဖြစ်ချင်တာကို မပြောပါနဲ့။ ဖြစ်သင့်တာတွေ၊ ဖြစ်နိုင်တာတွေပဲ ပြောဖို့ကောင်းတယ်။ လူဆိုတာကတော့ ဖြစ်ချင်တာကတော့ လူတိုင်းဖြစ်ချင်တာပဲ။ ကျွန်တော်လည်း ဖြစ်ချင်တာတွေအများကြီးရှိတာပဲ။ ဒါပေမဲ့ ကျွန်တော်ဖြစ်ချင်တာ ဖြစ်ချင်မှလည်း ဖြစ်လိမ့်မယ်။ ဖြစ်သင့်တာ၊ ဖြစ်နိုင်တာကိုပဲ ကျွန်တော်တို့ သွားတာကောင်းတယ်။ ကျွန်တော်တို့ပြောတယ်။ ကျွန်တော်တို့တစ်အချက် ဒီမိုကရေစီအခွင့်အရေးပေးတယ်။ တိုင်းရင်းသားနဲ့ပတ်သက်တဲ့ အခွင့်အရေးပေးတယ်။ ကမ္ဘာမှာကြည့်လိုက် အကုန်လုံးက မျှတတဲ့အခွင့်အရေးပဲ ကိုယ်ရတယ်။ တစ်ဖက်သတ်အခွင့်အရေးကို သွားပေးလို့မရဘူး။ တိုင်းရင်းသားဘက်က စဉ်းစားဖို့သင့်တယ်ဆိုတာ ကျွန်တော်ပြောလိုတယ်။ ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားတွေဘက်ကိုလည်း ဦးစားပေးပြီးတော့ ဆောင်ရွက်ပေးမယ်။ ကျွန်တော်ဆုံးဖြတ်ထားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ကျပြီးကျန်ခဲ့တဲ့ တိုင်းရင်းသားနယ်မြေတွေအားလုံးကို ဦးစားပေးပြီး ကျွန်တော်ဆောင်ရွက်ပေးမယ်” ဟု ပြောကြားခဲ့သည်။
နိုင်ငံတော်အကြီးအကဲ၏ နိုင်ငံတော်နှင့် တိုင်းရင်းသားများအပေါ်တွင် ထားရှိသည့်သဘောထားကို အားလုံးလည်း ကြားသိကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၈၀ နီးပါးကြာကာလအတွင်း ပဋိပက္ခပေါင်းစုံနှင့် ကြုံတွေ့ခဲ့ကြရသည်ကိုလည်း အားလုံးသိကြသည်။ နိုင်ငံတော်ဖွံ့ဖြိုးမှုနောက်ကျခဲ့ရာ၌ အထူးသဖြင့်ပဋိပက္ခဖြစ်ပွားသော တိုင်းရင်းသားနယ်မြေများဖြစ်သည်ကို သတိချပ်ကြရမည်ဖြစ်သည်။ လေးလေးနက်နက်စဉ်းစားရန် လိုအပ်မည်ဖြစ်သည်။ ဖြစ်ချင်သည်များနှင့် ဖြစ်သင့်သည်တို့ကို မျှတစွာစဉ်းစားဆင်ခြင်ပြီး တိုင်းရင်းသားဒေသများအကျိုး၊ ပြည်ထောင်စုကြီးအကျိုးကို အားလုံးလက်တွဲပူးပေါင်း ဆောင်ရွက်သင့်သည့် အချိန်အခါကောင်းဖြစ်သည်ကို အသိပေးလိုပါကြောင်း။ ။
No comments:
Post a Comment