လွတ်လပ်ရေးရပြီးနောက် ၇၇ နှစ်တာကာလအတွင်း မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ခွင့်မရခဲ့။ ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားပြီးနောက် ကိုလိုနီဘဝမှ လွတ်မြောက်ခဲ့သော နိုင်ငံများစွာရှိသည့် အနက် နိုင်ငံရေးတည်ငြိမ်ပြီး ပြည်တွင်းပဋိပက္ခများ နည်းပါးသည့်နိုင်ငံများမှာ တစ်ဆင့်ပြီးတစ်ဆင့် ဖွံ့ဖြိုးတိုးတက်ခဲ့ကြရာ ယခုအချိန်တွင် မိမိတို့နိုင်ငံထက် များစွာသာလွန်သွားခဲ့ကြ ပြီဖြစ်သည်။
စင်စစ်မြန်မာနိုင်ငံသည် ဖန်ဆင်းရှင်က မျက်နှာသာပေးခဲ့သည်ဟု ဆိုရလောက်အောင်ပင် ရေ၊ မြေ၊ ရာသီဥတု၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတများစွာ ပိုင်ဆိုင်ထားသည်။ ယင်းသယံဇာတများကိုအသုံးချကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည့် လူသားအရင်းအမြစ်များလည်းရှိသည်။ သို့ရာတွင် မိမိတို့နိုင်ငံသည် လွတ်လပ်ရေးနှင့်အတူတွဲကာ ကျိန်စာပါလာသည့်နှယ် အကွဲအပြဲများနှင့် ပဋိပက္ခများက လွတ်လပ်ရေးရပြီး မရှေးမနှောင်း ကာလအနည်းငယ်အတွင်း ဖြစ်ပေါ်လာသည်။ နယ်ချဲ့လက်အောက်တွင် ပြည်မနှင့်ယှဉ်ပါက အဆင့်နှိမ့်အုပ်ချုပ်ခြင်းကိုခံခဲ့ရသည့် တောင်တန်းပဒေသရာဇ် အကြွင်းအကျန်များ၊ လက်ဝဲအယူသီး ကွန်မြူနစ်များ၊ မျက်နှာဖြူ အလိုတော်ရိ တိုင်းရင်းသားခေါင်းဆောင်များနှင့် ဒုတိယကမ္ဘာစစ်လက်ကျန် လက်နက်များကိုင်ဆောင်ကာ ကိုယ့်အယူအဆနှင့်ကိုယ် ပုန်ကန်ကြသူများ စသည်ဖြင့် ရောင်စုံသောင်းကျန်းသူတို့ ထကြွသောင်းကျန်းခဲ့ကြရာ ဆယ်စုနှစ်များနှင့်ချီ၍ ကြာသည်။
၁၉၇၀ ပြည့်လွန်နှစ်များတွင် မြစ်ဝကျွန်းပေါ်၊ ပဲခူးရိုးမတို့ အပါအဝင် ပြည်တွင်းဒေသအများအပြားတို့တွင် တည်ငြိမ်အေးချမ်းမှုရရှိခဲ့သော်လည်း နယ်စပ်ဒေသများနှင့် ဝေးလံခေါင်သီဒေသများတွင် ကွန်မြူနစ်အကြွင်းအကျန်များ၊ လူမျိုးစုအမည်ခံဘိန်းရာဇာနှင့် မူးယစ်ဆေးဝါး မှောင်ခိုလက်နက်ကိုင်များ၊ မှောင်ခိုပစ္စည်းအကောက်ဂိတ်ဖွင့် စီးပွားရှာနေသည့် လူမျိုးစုသောင်းကျန်းသူအဖွဲ့အစည်းတို့ ကျန်ရှိနေခဲ့သည်။ ကမ္ဘာတွင် စစ်အေးကာလအတွင်း ဘက်မလိုက်နိုင်ငံအဖြစ်ရပ်တည်ခဲ့သည့် မိမိတို့နိုင်ငံမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ့်အားကိုယ်ကိုးခဲ့ရပြီး တားဆီးပိတ်ဆို့မှုများနှင့် ရင်ဆိုင်ခဲ့ရခြင်း၊ စီမံကိန်းစီးပွားရေးစနစ်အတွင်း စီမံခန့်ခွဲမှုများအားနည်း ချွတ်ချော်ခဲ့ခြင်းအပါအဝင် အခြားအကြောင်းတရားများကြောင့် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးအခြေအနေသို့ ကျရောက်သွားခဲ့ရသည်။
ထိုကာလသည် ကမ္ဘာပေါ်တွင် လက်ဝဲဝါဒကျဆုံးကာ စစ်အေးတိုက်ပွဲပြီးဆုံးသွားချိန်ဖြစ်ပြီး တစ်ချိန်က ဆိုရှယ်လစ်၊ ကွန်မြူနစ်နှင့် စီမံကိန်းစီးပွားရေးကျင့်သုံးခဲ့သည့် နိုင်ငံများစွာတို့ ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးလမ်းကြောင်းပေါ်သို့ လိုက်လာကြသည့်ကာလလည်းဖြစ်ကာ မိမိတို့နိုင်ငံတွင်လည်း ပြည်သူတို့၏ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခြင်းအပါအဝင် လိုအပ်သော အခင်းအကျင်းများ ဖြစ်ပေါ်လာစေရေးအတွက် တပ်မတော်အစိုးရက ဦးဆောင်အကောင်အထည်ဖော်ခဲ့ချိန်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်အဆက်ဆက်အစိုးရတို့ ဆောင်ရွက်ခဲ့ရာတွင် ပြည်တွင်းမှ အဖျက်အမှောင့်များအပြင် ပြည်ပမှ တားဆီးပိတ်ဆို့မှုများကြောင့် ခရီးမတွင်ခဲ့။ ထို့အပြင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပအကူအညီ နည်းပါးခြင်းကြောင့်လည်း ဖွံ့ဖြိုးမှုအတွက် ရုန်းထအားကိုမရနိုင်ခဲ့။
၇၇ နှစ်တာကာလအတွင်း မိမိတို့နိုင်ငံခေါင်းဆောင် အဆက်ဆက်၊ အစိုးရအဆက်ဆက်နှင့် ပြည်သူအဆက်ဆက်တို့ မျှော်လင့်တောင့်တခဲ့ကြသည့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းသာယာဝပြောမှုတို့ကို ယနေ့မိမိတို့မျိုးဆက်များလည်း မျှော်မှန်းကြရမည်ဖြစ်သလို နိုင်ငံတော်အစိုးရနှင့်လည်း အတူတကွပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ကမ္ဘာ့အချက်အချာ အပြောင်းအလဲတွင် မိမိတို့မြန်မာနိုင်ငံ၏ မိတ်ရင်းဆွေရင်း၊ မိတ်ကောင်းဆွေကောင်းနိုင်ငံများမှာ ကမ္ဘာ့ထိပ်တန်းနိုင်ငံများအဖြစ် ပေါ်ထွက်လာနေပြီဖြစ်ရာ ပြည်တွင်း၌ ငြိမ်းချမ်းရေးကို မဖြစ်မနေတည်ဆောက်ပြီး ခေတ်သစ်ကမ္ဘာကို အမီလိုက်ကြရပါမည့်အကြောင်း။ ။
No comments:
Post a Comment