မြင့်စိုး(နတလ)
ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြခန်းကို MSME လုပ်ငန်းရှင်များ ပြည်တွင်းဈေးကွက်ရရှိစေရေး၊ ပြည်ပဈေးကွက်ထိုးဖောက်နိုင်စေရေး၊ ရင်းနှီးမတည်ငွေ ချိတ်ဆက်ရရှိနိုင်စေရေး၊ အစိုးရဌာနများနှင့် ဆက်စပ်ဆောင်ရွက်ရသည့် လုပ်ငန်းများတွင် One Stop Service ပေးနိုင်ရေးရည်ရွယ်ဖွင့်လှစ်ပြသထားခြင်း ဖြစ်သည်။
အဆိုပါပြခန်းတွင် ပြည်တွင်းဈေးကွက်ရရှိစေရန်အတွက် MSME လုပ်ငန်းရှင်များမှ ဈေးကွက်တွင် ဖြန့်ချိလိုသော ထုတ်ကုန်နမူနာများကို ယူဆောင်ပြသပြီး လက်လီလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးသည့်အတွက် တစ်ချိန်တည်းတွင် မိမိတို့ထုတ်ကုန်များဈေးကွက်သို့ တင်ပို့နိုင်ပြီး ပြည်တွင်းဈေးကွက်၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့်အပြင် သွင်းကုန်အစားထိုးလာနိုင်ခဲ့ကြောင်း တွေ့ရသည်။
ပြည်ပဈေးကွက်ထိုးဖောက်နိုင်စေရန်အတွက် တရုတ်-ဟောင်ကောင်၊ တရုတ်-ကူမင်း၊ တရုတ်-နန်နင်း၊ တရုတ်-ပေကျင်း၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ စင်ကာပူ၊ အိန္ဒိယ-ဒေလီ၊ အိန္ဒိယ-ကာလကတ္တား၊ ဂျပန်၊ ကိုရီးယား၊ ဂျာမနီ၊ ရုရှားအမေရိကန်၊ UAE နိုင်ငံတို့ရှိ စီးပွားရေးသံမှူး ၁၆ ဦးတို့က ပြည်ပစီးပွားဈေးကွက်ထိုးဖောက်လိုသော MSME လုပ်ငန်းရှင်များနှင့် Zoom Application ဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးသည့်အတွက် ပြည်ပဈေးကွက်၏ လိုအပ်ချက်များကို သိရှိစေခြင်း၊ MSME လုပ်ငန်းရှင်များ စီးပွားရေးအမြင် ကျယ်လာပြီး ပြည်ပဈေးကွက် ထိုးဖောက်နိုင်ရန်နည်းလမ်းများ ရရှိစေခဲ့ပါသည်။
ရင်းနှီးမတည်ငွေ ချိတ်ဆက်ရရှိနိုင်စေရန်အတွက် MEB ၊ MCB ၊ SME Development ၊ A Bank ၊ KBZ ၊ AYA ၊ uab ၊ Shwe Bank စသည့်ဘဏ် ရှစ်ဘဏ်နှင့် MSME လုပ်ငန်းရှင်များအား ချိတ်ဆက်ဆောင်ရွက်ပေးခြင်းဖြင့် စီးပွားရေးလုပ်ငန်းတိုးချဲ့ဆောင်ရွက်လိုသော MSME လုပ်ငန်းရှင်များအတွက်လိုအပ်သည့် ရင်းနှီးမတည်ငွေများ ချေးယူနိုင်သည့် လုပ်ငန်းစဉ်များကို သိရှိစေနိုင်သည်။
ဦးစီးဌာနအလိုက် ဝန်ဆောင်မှုများ
အစိုးရဌာနများနှင့် ဆက်စပ်ဆောင်ရွက်ရသည့် လုပ်ငန်းများတွင် One Stop Service တွင် မူပိုင်ခွင့် ဦးစီးဌာနအနေဖြင့် ကုန်အမှတ်တံဆိပ်၊ ဒီဇိုင်း၊ တီထွင်ဆန်းသစ်မှုဖော်မြူလာများကို မူပိုင်ခွင့်တင်နိုင်ရေး အသိပညာပေးခြင်းနှင့် မူပိုင်ခွင့်မှတ်ပုံတင် လျှောက်ထားမည်ဆိုပါက မှတ်ပုံတင်လက်မှတ်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် လုပ်ငန်းရှင်များ၏ ကုမ္ပဏီအသစ်များ မှတ်ပုံတင် ခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့်လည်း ပို့ကုန်/သွင်းကုန်များ တင်ပို့/သွင်းနိုင်ရေး မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း စိုက်ပျိုးရေးထုတ်ကုန်များ Export လုပ်မည်ဆိုပါက ဆောင်ရွက်ရမည့် နည်းလမ်း၊ နိုင်ငံများ၏ ကန့်သတ်ချက်များ၊ ပိုးမွှားကင်းစင်ကြောင်း စစ်ဆေးချက်ထုတ်ယူရမည့်နေရာများ အစရှိသည်တို့ကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ပို့ကုန်/သွင်းကုန်များနှင့်ပတ်သက်ပြီး အကောက်ခွန်နှင့် သက်ဆိုင်သည့် အခွန်နှုန်းထားများ၊ အခွန်သက်သာခွင့်များကို ရှင်းလင်းဆွေးနွေးပေးလျက်ရှိပါသည်။ FDA အနေဖြင့် စားသောက်ကုန်မှတ်ပုံတင် ရရှိစေရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပေးလျက်ရှိပါသည်။ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန်/ သွင်းကုန်များနှင့်ပတ်သက်ပြီး Online စနစ်ဖြစ်သည့် ကုန်သွယ်မှုဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင် သည့်စနစ် (TradeNet 2.0)မှ လျှောက်ထားရမည့် လုပ်ငန်းစဉ်များကို သိရှိနိုင်စေရန်နှင့် Online Sale များ မှတ်ပုံတင်နိုင်ရန် ဆောင်ရွက်ရမည့်နည်းလမ်းများကို အသိပညာပေးလျက်ရှိပါသည်။
MSME နှင့် ဒစ်ဂျစ်တယ်နည်းပညာချိတ်ဆက်မှုအနေဖြင့် e-Commerce Platform ထားရှိပြီး လုပ်ငန်းရှင်များ၏ ထုတ်ကုန်များကို Platform တွင် အခမဲ့တင်ပေးပြီး ပြည်ပဈေးကွက်များ ချိတ်ဆက်ရှာဖွေပေးလျက်ရှိပါသည်။ ထို့ပြင်ကိုရီးယားနှင့်ပူးပေါင်း၍ Myanmar Pavilion ဈေးဝယ် Website တွင်လည်း SME ထုတ်ကုန်များကို ကြော်ငြာထားပြီး ကိုရီးယားလုပ်ငန်းရှင်များမှ ဝယ်ယူအားပေးခြင်းဖြင့်လည်း MSME ပြည်ပ ဈေးကွက်ကို ထိုးဖောက်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲမှတစ်ဆင့် ၁၀-၂-၂၀၂၅ ရက်နေ့မှ ၁၆-၂-၂၀၂၅ ရက်နေ့အထိ ပြည်တွင်းဈေးကွက်ချိတ်ဆက်ပေးနိုင်မှုအနေဖြင့် လုပ်ငန်းရှင် ၂၀၂ ဦး၊ ပြည်ပဈေးကွက် ချိတ်ဆက်ပေးနိုင်မှုအနေဖြင့် လုပ်ငန်းရှင် ၆၄ ဦး၊ ဘဏ်လုပ်ငန်း ချိတ်ဆက်ပေး နိုင်မှုအနေဖြင့် လုပ်ငန်းရှင် ၇၂ ဦး၊ အစိုးရဌာနများနှင့် ချိတ်ဆက်ပေးနိုင်မှုအနေဖြင့် လုပ်ငန်းရှင် ၃၀၀ ရှိပြီဖြစ်ကြောင်းသိရသည်။
လုပ်ငန်းစီးပွားချိတ်ဆက်မှုပြခန်း (Business Matching Hall)
လုပ်ငန်းစီးပွားချိတ်ဆက်မှုပြခန်းတွင် MSME လုပ်ငန်းများအတွက် အကျိုးကျေးဇူးရရှိစေမည့် ပြည်တွင်းဈေးကွက်ချိတ်ဆက်မှု၊ ပြည်ပဈေးကွက် ချိတ်ဆက်မှု၊ ဘဏ္ဍာငွေရရှိရေးအတွက် ချိတ်ဆက်မှုအပြင် သက်ဆိုင်ရာအစိုးရဌာနများမှ သတင်းအချက်အလက်များကို မျှဝေပေးမည့်အစီအစဉ်များ ပါဝင်ပါသည်။ ပြည်တွင်းဈေးကွက် ချိတ်ဆက်မှုအနေဖြင့် MSME လုပ်ငန်းများမှ ထုတ်လုပ်ထားသော ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်းရှိ Modern စတိုးဆိုင်များ၊ လက်လီ/လက်ကားဆိုင်များဖြစ်ကြသော City Mart ၊ AERON ၊ Makro ၊ G and G စသည့်ဆိုင်များတွင် ရောင်းချနိုင်ရေးအတွက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မှ ၁၆ ရက်နေ့အတွင်း မျက်နှာချင်းဆိုင် တွေ့ဆုံ ညှိနှိုင်းပေးခဲ့သည်။
ထို့အတူ ပြည်ပဈေးကွက် ချိတ်ဆက်မှုအနေဖြင့် ပြည်ပတင်ပို့နေသော Exporters များ၊ နိုင်ငံ ၁၂ နိုင်ငံမှ စေလွှတ်ထားသော စီးပွားရေးသံမှူး ၁၆ ဦးတို့နှင့် Video Conferencing စနစ်ဖြင့် ချိတ်ဆက်ပေးခဲ့သည်။ ဘဏ္ဍာငွေရရှိရေး ချိတ်ဆက်မှုအနေဖြင့် ပုဂ္ဂလိကဘဏ်ရှစ်ခုမှ ဘဏ်ချေးငွေရရှိရေး၊ ဘဏ်များ၏ ဝန်ဆောင်မှုများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များရရှိရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME လုပ်ငန်းရှင်များက Business Matching Hall တွင် မျက်နှာချင်းဆိုင် တွေ့ဆုံရှင်းလင်း ချိတ်ဆက်ဆောင်ရွက်ပေးခဲ့သည်။
စီးပွားရေးသံမှူးများနှင့် အဆင်ပြေစွာ တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ MSME လုပ်ငန်းများ၏ ထုတ်ကုန်များ FDA လက်မှတ်ရရှိရေးအတွက် လိုအပ်ချက်များနှင့် FDA လက်မှတ်ရရှိရေးလုပ်ငန်းစဉ်များ၊ ကုမ္ပဏီထူထောင် လိုသည့် MSME လုပ်ငန်းများအတွက် DICA အရာရှိက ကုမ္ပဏီထူထောင်ရေးလုပ်ငန်းစဉ်များ၊ စာရွက်စာတမ်းများ၊ လိုအပ်ချက်များကို ရှင်းလင်းဖြေကြား ပေးခဲ့သည်။
လုပ်ငန်းရှင်များအတွက် အကျိုးကျေးဇူး
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲဖြစ်သည့်အတွက် တစ်နေရာတည်းမှာပင် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ထုတ်ကုန်များကို တွေ့ရှိနိုင်ပြီး သတင်းအချက်အလက်များ ရရှိနိုင်ပြီ ဖြစ်သည်။ စီးပွားရေးလုပ်ငန်းအချင်းချင်း တွေ့ဆုံချိတ်ဆက်မှုများကြောင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာနိုင်မည်ဖြစ်သည်။ ယခု ပြပွဲပြိုင်ပွဲကြီးတွင် နိုင်ငံတော်မှ ချီးမြှင့်သည့်ဆုငွေများ ရရှိမည်ဖြစ်ပြီး MSME လုပ်ငန်းရှင်များအတွက် လက် မလွှတ်သင့်သော အခွင့်အရေးတစ်ရပ်ပင် ဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် MSME လုပ်ငန်းများအတွက် ပြည်ပ ကုန်စည်ပြပွဲများတွင် ပါဝင်ပြသနိုင်ရေး၊ ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များ အသုံးပြုနိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ အဓိကဈေးကွက်ဖြစ်သော တရုတ် နိုင်ငံသို့ တင်ပို့ရာတွင် ဈေးကွက်ဝင်ရောက်ခွင့် GACC လက်မှတ်ရရှိရေး၊ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းအပါအဝင် မူပိုင်ခွင့်ဆိုင်ရာဥပဒေ၊ စားသုံးသူအခွင့်အရေးကာကွယ်ရေးအတွက် သိသင့်သိထိုက်သောအချက်များ၊ ကုန်သွယ်မှုအပိုင်းမှ တစ်ဆင့် MSME လုပ်ငန်းများအတွက် ဆောင်ရွက်ပေးနေမှုများကို ဝန်ကြီးဌာနပြခန်း၌ပင် ဆောင်ရွက်ပေးလျက်ရှိသည်။
လုပ်ငန်း/ စီးပွား ချိတ်ဆက်မှုဆပ်ကော်မတီ ဖွဲ့စည်းဆောင်ရွက်
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရာတွင် လုပ်ငန်း/ စီးပွားချိတ်ဆက်မှုဆပ်ကော်မတီဥက္ကဋ္ဌအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းမင်းက တာဝန်ယူဆောင်ရွက်ပြီး အကောက်ခွန်ဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ ဘဏ်များအသင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ အဖွဲ့ဝင်များအဖြစ်လည်းကောင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက အတွင်းရေးမှူး အဖြစ်လည်းကောင်း တာဝန်ယူ ဆောင်ရွက်ကြပြီးအဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြသည်။
(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment