Saturday, February 22, 2025

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့်အဖွဲ့ ပြင်သစ်နိုင်ငံ၌ ကျင်းပသည့် ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ မျက်နှာစုံညီအစည်းအဝေးတက်ရောက်

 

နေပြည်တော် ဖေဖော်ဝါရီ ၂၁

ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force - FATF) မျက်နှာစုံညီအစည်းအဝေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့ (International Cooperation Review Group - ICRG) အစည်းအဝေးတို့ကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၁ ရက် အထိ ပြင်သစ်နိုင်ငံပါရီမြို့၌ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။

အစည်းအဝေးများတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံအနေဖြင့် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် လူအများအပြားသေကျေစေသည့် လက်နက်များ ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းများအား နိုင်ငံတကာစံနှုန်းများ၊ FATF အကြံပြုချက်များနှင့်အညီ စဉ်ဆက်မပြတ် အပြည့်အဝအကောင် အထည်ဖော်ဆောင်ရွက်မှု၊ အကောင်အထည်ဖော်ဆောင်ရွက်ရေး အစီအမံပါအချက်များအား ပြည်တွင်းလူ့စွမ်းအားအရင်းအမြစ်များဖြင့် ဆောင်ရွက်ခဲ့ရာကြီးမားစွာ လိုက်နာဆောင်ရွက်ခြင်း အဆင့်သတ်မှတ်ချက် အချက်(၉)ချက်အထိ တိုးမြှင့်ရရှိလာမှု၊ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျန်ရှိသည့် အချက်(၆)ချက်အား အချိန်ကာလ သတ်မှတ်ထားရှိ၍ ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ ဥပဒေပိုင်းဆိုင်ရာမူဘောင်များ ပိုမိုခိုင်မာမှုရှိစေရန် FATF ၏ အကြံပြုချက် များနှင့်အညီ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ယုံကြည် အပ်နှံမှုအက်ဥပဒေများကို ပြင်ဆင်ထုတ်ပြန်ခဲ့မှု၊ သက်သေခံပစ္စည်းများ စီမံထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးဥပဒေကိုလည်း ပြဋ္ဌာန်း ထုတ်ပြန်ခဲ့မှုတို့ကို အသေးစိတ်ဆွေးနွေးသည်။

ဆက်လက်၍ ဗဟိုဘဏ်ဥက္ကဋ္ဌက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအား ပြင်ဆင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ AML/ CFT ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ(၂၀၂၄-၂၀၂၈)ကို ရေးဆွဲ၍ အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိခြင်းကြောင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ကုန်တွင် ကျန်ရှိသည့်အစီအမံ (Action Plan) များကို အပြည့်အဝလိုက်နာ ဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွား မည်ဖြစ်ကြောင်း၊ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့လာနိုင်သည့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ပြည်ပမှကျွမ်းကျင်ပညာရှင်များ၏ နည်းပညာအကူ အညီများရယူနိုင်ရေး ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ စိတ်အားထက်သန်မှု (Political Will) နှင့် နိုင်ငံရေးအရ အဆင့်မြင့်အရာရှိကြီးများ၏ သန္နိဋ္ဌာန် ချမှတ်ထားမှု (High-level Political Commitment) တို့အပါအဝင် တိုးတက်ဆောင်ရွက်ခဲ့မှုများစွာ ဆောင်ရွက်ခဲ့ပါကြောင်း ဆွေးနွေးသည်။

အလားတူ ICRG အစည်းအဝေးတွင် အာရှပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group – APJG) တွဲဖက်သဘာပတိက မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ (၁၃) ကြိမ်မြောက်တင်ပြသည့် တိုးတက်မှုအစီရင်ခံစာတွင် လက်ငင်းရလဒ် (၁၀/၁၁.၁) ဖြစ်သည့် လူအများအပြားသေကျေစေသည့် လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုအား တားဆီးအရေးယူဆောင်ရွက်နိုင်ရန် ဘဏ္ဍာရေးအရ ပစ်မှတ်ထား အရေးယူဆောင်ရွက်ရာတွင် ဥပဒေပိုင်းဆိုင်ရာစည်းနှောင်မှုရှိစေရန် အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ခြင်းကြောင့် တစ်စိတ်တစ်ပိုင်း လိုက်နာဆောင်ရွက်ခြင်းအဆင့်မှ ကြီးမားစွာလိုက်နာဆောင်ရွက် ခြင်းအဆင့်သို့ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း ဆွေးနွေးခဲ့သည်။

ယင်းနောက် အာရှပစိဖိတ်ဒေသငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (Asia Pacific Group- APG) မှ သုတေသနနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှု ဒုတိယညွှန်ကြားရေးမှူးက မြန်မာနိုင်ငံအနေဖြင့် FATF နှင့် APG အပါအဝင် အခြားနိုင်ငံအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လိုမှု အပြည့်အဝရှိကြောင်းနှင့် အားနည်းချက်များကို ပြုပြင်ရန်နိုင်ငံရေးအရ အဆင့်မြင့်အရာရှိ ကြီးများကိုယ်တိုင် စိတ်အားထက်သန်မှုရှိကြောင်းကို ပြသခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကပင် APG နှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ နည်းပညာအကူအညီ မရရှိသော်လည်း ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက်ရှိသည့်အတွက် မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များကို အသိအမှတ်ပြုရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

ICRG အစည်းအဝေးတွင် ဆွေးနွေးချက်များအရ မြန်မာနိုင်ငံဆိုင်ရာ တင်ပြချက်ကို FATF မျက်နှာစုံညီအစည်းအဝေး၌ ဆက်လက်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ရန် ကျန်ရှိသည့် အချက်များအပေါ် တိုးတက်လိုက်နာဆောင်ရွက်မှုများရှိခြင်းကြောင့် မြန်မာနိုင်ငံအား မူလအတိုင်း အလေးထားစိစစ်မှုများပြုလုပ်ရန် တောင်းဆိုခြင်းခံရသည့် နိုင်ငံနှင့် ဒေသများစာရင်းတွင်ပင် ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment