လာမည့်မတ်လ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပမည့် KG+12 တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် လျှောက်လွှာတင်သွင်းထားသူစုစုပေါင်း ၂ ဒသမ ၂ သိန်းကျော်ရှိသည်။ ယမန်နှစ် ၂၀၂၄ ခုနှစ်မတ်လတွင်ဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ဧပြီလနှင့် မေလတို့တွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် တစ်နိုင်ငံလုံးမှ စာမေးပွဲဖြေဆိုသူစုစုပေါင်း ၁၂၈၈၂၀ ဦးရှိသည့်အနက် ၇၄၅၉၂ ဦးအောင်မြင်ခဲ့ရာ အောင်ချက် ၅၈ ရာခိုင်နှုန်းခန့်ရှိခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းမှု ၁ ဒသမ ၄၆ သန်းကျော်ရှိခဲ့ရာ ယခုနှစ်တွင် ပိုမိုများပြားလာခြင်းဖြစ်သည်။
မိမိတို့နိုင်ငံတွင် ကျောင်းနေသူအများစုတို့သည် မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်သွားကြရာ ဤအခြေအနေသည် နိုင်ငံ၏အနာဂတ်အတွက် စိုးရိမ်ဖွယ်ရာပင်ဖြစ်သည်။ ၂၀၁၉ ခုနှစ်ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၅ နှစ်နှင့်အထက် လူဦးရေ ၄၆ ဒသမ ၄၆၃ သန်းရှိပြီး အဆိုပါလူဦးရေ၏ ၈ ဒသမ ၁ ရာခိုင်နှုန်းမှာ ကျောင်းလုံးဝမတက်ဖူးသူများဖြစ်ကြသည်။ အသက် ၂၅ နှစ်အထက် အတန်းလုံးဝမရှိသူ ၉ သိန်းကျော်၊ မူလတန်းနှင့် မူကြိုအဆင့် ၁၂ ဒသမ ၈၃ သန်း၊ အလယ်တန်းအဆင့် ၅ ဒသမ ၄၆ သန်း၊ အထက်တန်းအဆင့်ပြီးသူ ၃ ဒသမ ၃ သန်းခန့်တို့ရှိပြီး ဘွဲ့ရသူဦးရေမှာ ၂ ဒသမ ၆၈ သန်းသာရှိသည်။ ပြည်တွင်းဒေသအများအပြားတွင် မတည်မငြိမ်မှုများနှင့် အကြမ်းဖက်ခြိမ်းခြောက်မှုများကြောင့် ကျောင်းနေအရွယ်ကလေးများ ပညာသင်ယူမှုအခွင့်အလမ်းများ ဆုံးရှုံးနေမှုတို့မှာလည်း များပြားလျက်ရှိနေသည်။
ပညာရေးသည် လူတစ်ဦးချင်းစီ၏ ဘဝတိုးတက်ရေးအတွက် လွန်စွာအရေးကြီးသကဲ့သို့ နိုင်ငံတော်တွင် ဘက်စုံကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အသိပညာ၊ အတတ်ပညာများပြည့်စုံသည့် ပညာတတ်အရေအတွက် များစွာလိုအပ်သည်။ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ခွင့်ရရေးနှင့် ပညာသင်ကြားနိုင်ရေးတို့သည် အရေးကြီးသည့် ကိစ္စရပ်ပင်ဖြစ်ပြီး ကျောင်းသား ကျောင်းသူများအားလုံး ပညာရေးဆုံးခန်းတိုင်သည်အထိ သင်ကြားနိုင်ရေး၊ တန်းစဉ်မှန်မှန်ကူးပြောင်းနိုင်ရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ၊ အဆင့်မြင့်ပညာများ သင်ယူပြီးမြောက်နိုင်ရေးတို့အတွက်လည်း ကျောင်းသားမိဘ၊ အုပ်ထိန်းသူများနှင့် တာဝန်ရှိသူများအားလုံးက အလေးအနက်ထားဆောင်ရွက်ကြရန်လိုသည်။ ကျောင်းနေအရွယ်ကလေးများ ကျောင်းမတက်နိုင်ခြင်းသည် ယင်းကလေး၏ အနာဂတ်အတွက်ရော နိုင်ငံ၏အနာဂတ်ကိုပါ နစ်နာဆုံးရှုံးစေသည်။
မကြာမီ KG+12 တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြရတော့မည့် ကျောင်းသား ကျောင်းသူများမှာ ယခုအချိန်တွင် စာမေးပွဲအတွက်ပြင်ဆင်မှုများ၊ လေ့ကျင့်မှုများပြီးပြည့်စုံ၍ ပြန်လှန်လေ့ကျင့်ကျက်မှတ်မှုများ ပြုလုပ်နေကြချိန်ဖြစ်သည်။ ကျန်ရှိသည့် ရက်သတ္တပတ်အနည်းငယ်ကို စနစ်တကျစီမံခန့်ခွဲကာ အောင်မြင်မှုမြင့်မြင့်မားမားရရှိနိုင်ရေး ကြိုးစားကြရမည်ဖြစ်သလို ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းနေစေရန်အတွက်လည်း ဂရုပြုနေထိုင်စားသောက်ကြရန်လိုသည်။ တက္ကသိုလ်ဝင်စာမေးပွဲသည် အခြေခံပညာသင်ယူမှုများ အောင်မြင်ပြီးမြောက်၍ အဆင့်မြင့်ပညာများ တက်လှမ်းသင်ယူနိုင်ရန် မှတ်ကျောက်တင်ခံရခြင်းပင်ဖြစ်ရာ လုံ့လ၊ ဝီရိယ၊ ပညာ၊ စိတ်ဓာတ်ခွန်အားတို့ဖြင့် မိမိတို့၏အရည်အသွေးကို အမြင့်မားဆုံးမြှင့်တင်ထားရမည်လည်းဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်တည်ဆောက်ကြရာတွင် အဓိကလိုအပ်ချက်မှာ လူသားအရင်းအမြစ်ပင်ဖြစ်ပြီး လူသားအရင်းအမြစ်ကို “ပညာ”ဖြင့် တည်ဆောက်ကြရခြင်းဖြစ်သည်။ လူတစ်ဦးချင်းစီအနေဖြင့်လည်း မိမိတို့၏ ဘဝအရည်အသွေးမြင့်မားစေရန် ပညာဖြင့်ပင်မြှင့်တင်ကြရသည်ဖြစ်ရာ ကျောင်းသား ကျောင်းသူတိုင်း ပညာရေးခရီးဆုံးပန်းတိုင်ရောက်သည်အထိ မဆုတ်မနစ်ကြိုးပမ်း လျှောက်လှမ်းကြရပါမည့်အကြောင်း။ ။
No comments:
Post a Comment