လက်ရှိကာလတွင် တပ်မတော်သည် ပြည်သူလူထုလိုလားသော စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းပေါ်တွင် ခိုင်မာစွာလျှောက်လှမ်းနိုင်ရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။
ထိုအချိန်တွင် လက်နက်ကိုင်လမ်းစဉ်က မစွန့်လွှတ်လိုသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့သည် NUG ၊ CRPH ၊ PDF အမည်ခံအကြမ်းဖက်သမားများနှင့်ပူးပေါင်းပြီး ပြည်သူများကို အကြောက်တရားလွှမ်းမိုးလာစေရေးနှင့် ၎င်းတို့ထိန်းချုပ်နယ်မြေများ ချဲ့ထွင်နိုင်ရေးအတွက် နိုင်ငံရေးအကြောင်းပြပြီး အကြမ်းဖက်လက်နက်ကိုင်နည်းလမ်းကို တရားလက်လွတ်ဥပဒေမဲ့လုပ်ဆောင်နေကြရာ နယ်မြေဒေသအချို့တွင် မတည်မငြိမ်မှုများဖြစ်ခဲ့ရပြီး ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝများနှင့် အသက်အန္တရာယ်များ ထိခိုက်ဆုံးရှုံးမှုများနှင့်ကြုံတွေ့လျက်ရှိသည်။
အကြမ်းဖက်သောင်းကျန်းသူများသည် ထာဝရငြိမ်းချမ်းရေးရရှိပြီး ပြည်ထောင်စုနှင့်အတူ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပါဝင်လျှောက်လှမ်းရေးထက် နယ်မြေအလိုက်အာဏာထူထောင်ရေးကို လုပ်ဆောင်နေကြသည်။ အထူးသဖြင့် အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လိုပြီး ဆင်ခြင်တုံတရားရှိသည့် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများကို ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ဖိအားပေးခြင်းများပြုလုပ်သကဲ့သို့ နိုင်ငံတစ်ဝန်း၌ အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုပြုလုပ်နေကြသဖြင့် အေးချမ်းစွာနေထိုင်လိုကြသည့် ပြည်သူများ၏ အသက်အိုးအိမ်ပစ္စည်းဥစ္စာများနှင့် ပြည်သူပိုင်အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးလျက်ရှိရာ ပြည်သူအများစုသည် အကြမ်းဖက်သောင်းကျန်းသူများကို လွန်စွာစက်ဆုပ်နေကြသည်။
ဒေသတစ်ခု တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကြသူများနှင့် ဒေသတည်ငြိမ်အေးချမ်းမှုပျက်ပြားကာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျအောင် လုပ်ဆောင်ကြသူများသည် အဆိုပါဒေသများတွင်နေထိုင်ကြသော ဒေသခံများနှင့် အကြမ်းဖက်သမားများဖြစ်နေသည်မှာ ငြင်း၍မရသော အဓိကကျသည့်အချက်များဖြစ်နေသည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။ မိမိဒေသကို ထိန်းသိမ်းမြှင့်တင်ကာကွယ်စောင့်ရှောက်ကြရမည့်တာဝန်မှာ ဒေသခံများအားလုံးဖြစ်သည်ကို သတိမူရမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ယင်းဒေသများမှ လက်နက်ကိုင်သောင်းကျန်းသူများ၏ ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်များ၊ နယ်မြေချဲ့ထွင်ရေး တိုက်ပွဲဖော်ဆောင်မှုများကို တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေးကိုလိုလားသည့် ဒေသခံပြည်သူများနှင့်ပူးပေါင်းပြီး တရားသောစစ်ကို ဆက်လက်ဆင်နွှဲသွားမည်ဖြစ်သည်။
“တပ်မတော်သည် ပြည်သူလူထုမှ ပေါက်ဖွားသည့် ပြည်သူ့တပ်မတော်ဖြစ်ပြီး နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရန်၊ နိုင်ငံတော်ကိုကာကွယ်ရန် အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ပြီး တပ်မတော်ကဆင်နွှဲနေသည့် တရားသောစစ်အပေါ် တည်ငြိမ်အေးချမ်းရေးကိုလိုလားသည့် ပြည်သူလူထုတစ်ရပ်လုံးက ဝန်းရံထောက်ခံအားပေးနေသကဲ့သို့ သောင်းကျန်းသူအမြစ်ပြတ်ချေမှုန်းရေးနှင့် အကြမ်းဖက်မှုနှိမ်နင်းတိုက်ဖျက်ရေးအတွက် ပြည်သူလူထု၊ အစိုးရ၊ တပ်မတော်ပေါင်းစည်းအား၊ ညီညွတ်သောစိတ်ဓာတ်တို့နှင့် အတူတကွလုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၈) သူရတပ်ခွဲ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် ပြောကြားခဲ့သည်။
တပ်မတော်သည် မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက်တွင် တိုင်းပြည်အပေါ်ကျရောက်လာသည့် ပြည်တွင်းပြည်ပအန္တရာယ်ရန်စွယ်ဟူသမျှကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် ရဲစွမ်းသတ္တိ စွန့်လွှတ်စွန့်စားမှုများစွာဖြင့် ကာကွယ်စောင့်ရှောက်ပေးနိုင်ခဲ့သည်။ အစဉ်အလာကြီးမားသည့် တပ်မတော်သည် နိုင်ငံတော်နှင့် ပြည်သူအကျိုးကိုရှေးရှု၍ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ပန်ဆင်ကာ ကျေပွန်စွာထမ်းဆောင်လျက်ရှိသည်။ ပြည်သူများ၏ ဝိုင်းဝန်းကူညီပူးပေါင်းလက်တွဲဆောင်ရွက်မှုများဖြင့် တိုင်းပြည်တွင် ကျရောက်လာသည့် ရန်စွယ်အန္တရာယ်ဟူသမျှကို တွန်းလှန်ဖယ်ရှားနိုင်ခဲ့သည်။
သို့ဖြစ်ရာ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်၊ တိုင်းပြည်ပြိုကွဲပျက်စီးစေရန် ပြည်ပမှ သွေးထိုးလှုံ့ဆော်မြှောက်ပင့်အားပေးမှုများနှင့် ပြည်တွင်းမှနိုင်ငံရေးအစွန်းရောက်များ၊ အမျိုးသားသစ္စာဖောက်များ၊ နိုင်ငံရေးပယောဂမှိုင်းမိကြသူများနှင့် ဒေသအချို့မှ တိုင်းရင်းသားလက်နက်ကိုင်များ၏ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်များအားလုံးကို အမြစ်ပြတ်ချေမှုန်းပြီး ဒေသတည်ငြိမ်အေးချမ်းရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူအတူလက်တွဲပြီး တရားသောစစ်ကို ဆက်လက်ဆင်နွှဲသွားကြရမည်ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment