Saturday, January 18, 2025

MSME ထုတ်ကုန်များ ဆန်းသစ်တီထွင် နိုင်ငံတကာဈေးကွက်ဝင်ရေး ကြိုးပမ်း

 


အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များ အောင်မြင်စေရန်၊ ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိစေရန်၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ MSME လုပ်ငန်းများ ရေရှည်တည်တံ့နိုင်ရန်ဟူသော ရည်ရွယ်ချက်များနှင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို လာမည့် ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၄ ရက်အထိ ငါးရက်တိုင်တိုင် ကျင်းပသွားရန် ပြင်ဆင်မှုများပြုလုပ်နေပြီဖြစ်သည်။ အဆိုပါပြပွဲနှင့် ပြိုင်ပွဲသို့ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင်ရှိသော MSME လုပ်ငန်းများက လာရောက်ယှဉ်ပြိုင်ပြသရောင်းချခြင်းအားဖြင့် MSME များ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်ရန်၊ တန်ဖိုးမြှင့်ထုတ်ကုန်အသစ်များကို ပြည်တွင်းမှ ပိုမိုသုံးစွဲနိုင်ရန်၊ ပြည်ပသို့ဈေးကွက်ချဲ့ထွင်နိုင်ရန် အစရှိသည့် အကျိုးကျေးဇူးများရရှိနိုင်ကြမည်ဖြစ်သည်။

မိမိတို့နိုင်ငံအပါအဝင် နိုင်ငံတကာတွင် MSME လုပ်ငန်းများသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကအခန်းကဏ္ဍ၌ပါဝင်နေပြီး MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ပေးနိုင်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ စားသုံးသူများ၏ စားပွဲပေါ်သို့ရောက်ရှိသည်အထိ ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်လျှောက်တွင် MSME လုပ်ငန်းများကဏ္ဍအလိုက် ပါဝင်နေပြီး စိုက်ပျိုးမွေးမြူသမားများ၊ ကုန်စည်ဒိုင်များ၊ သယ်ယူပို့ဆောင်သူများ၊ လက်လီလက်ကားရောင်းချသူများ၊ တစ်ပိုင်းကုန်ချောထုတ်လုပ်သူများ၊ တန်ဖိုးမြှင့်ထုတ်လုပ်သူများ စသည်တို့က ပါဝင်ဆောင်ရွက်နေကြခြင်းဖြစ်ရာ လုပ်ငန်းများလည်ပတ်နေခြင်း၊ အလုပ်အကိုင်အခွင့် အလမ်းများပေါ်ပေါက်နေခြင်း၊ ပြည်တွင်းလည်ပတ်စုစည်းမှုကို စဉ်ဆက်မပြတ် ဖြစ်ပေါ်နေစေခြင်းတို့ကြောင့် နိုင်ငံ၏ဂျီဒီပီတိုးတက်စေရန်လည်း အဓိကအထောက်အကူဖြစ်စေသည်။

လွန်ခဲ့သည့် ဆယ်နှစ်နီးပါးခန့်ကပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ရပ်အရ မြန်မာနိုင်ငံရှိ MSME လုပ်ငန်းများမှာ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းငယ်များက အများစုဖြစ်ကြောင်း၊ ထုတ်လုပ်မှုပိုင်းတွင် ပြည်ပမှ စက်ပစ္စည်းနှင့် နည်းပညာတင်သွင်းသုံးစွဲနိုင်မှု အနည်းငယ်သာရှိပြီး အများစုမှာ လက်ဖြစ်လုပ်ငန်းသုံးကိရိယာများ၊ စက်အိုစက်ဟောင်းများနှင့် တစ်ပတ်ရစ်စက်ယန္တရားများကိုသာ အသုံးပြုနိုင်ကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် လုပ်ငန်းကြီးအချို့မှလွဲလျှင် ကျန်လုပ်ငန်းများမှာ နိုင်ငံတကာစံချိန်မီထုတ်လုပ်နိုင်ခြင်းမရှိသောကြောင့် နိုင်ငံတကာဈေးကွက်သို့လည်း လက်လှမ်းမမီနိုင်ကြကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ပြည်တွင်း၌ ကုန်ကြမ်းသေချာစွာရရှိနိုင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်ရန် နိုင်ငံတော်အကြီးအကဲက အကြံပြုလမ်းညွှန်ထားသည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင်နေထိုင်ကြပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံစီးပွားရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေကြသူများဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများမှ ဆန်၊ ဂျုံ၊ ပြောင်း၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ၊ စက်မှုသီးနှံများ၊ မီးဖိုချောင်သုံးသီးနှံများ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ပန်းမန်များ၊ ဆေးဖက်ဝင်ပရဆေးပင်များ စိုက်ပျိုးထုတ်လုပ်ကြသကဲ့သို့ မွေးမြူရေးလုပ်ငန်းများမှ သား၊ ငါး၊ ပုစွန်၊ ကြက်ဥ၊ ဘဲဥ၊ နို့နှင့် နို့ထွက်ပစ္စည်းများ မွေးမြူထုတ်လုပ်လျက်ရှိသည်။

အထက်ပါ ကုန်ကြမ်းများကိုအခြေခံ၍ စားသောက်ကုန်အမျိုးမျိုးတို့ကို ထုတ်လုပ်ရာတွင် ပြည်တွင်းဈေးကွက်ကိုအခြေခံ၍ ပြည်ပဈေးကွက်များအထိ တင်ပို့နိုင်ရန် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဆန်းသစ်တီထွင်ကြရန်လိုသည်။ မိမိတို့နိုင်ငံ၏ ဈေးကွက်အတွင်းသို့ အိမ်နီးချင်းနိုင်ငံများမှထုတ်လုပ်သော စားသောက်ကုန်များ ဝင်ရောက်ရောင်းချနေကြရာတွင် အဓိကကုန်ကြမ်းများမှာ မိမိတို့နိုင်ငံတွင် ထုတ်လုပ်နေသော၊ ထုတ်လုပ်နိုင်စွမ်းရှိသော စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များသာဖြစ်ပြီး ကုန်ပစ္စည်းအရည်အသွေး၊ အနံ့အရသာ၊ အရောင်အဆင်း၊ ထုပ်ပိုးမှုတို့တွင်မူ စံနမူနာယူဖွယ်ရာများဖြစ်သည်ကို လေ့လာတွေ့ရှိနိုင်သည်။ MSME လုပ်ငန်းများ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးသည် အားပေးမြှင့်တင်မှု၊ ပံ့ပိုးကူညီမှုတို့လိုအပ်သကဲ့သို့ MSME လုပ်ငန်းရှင်များ ကိုယ်တိုင်ကလည်း စိတ်အားထက်သန် ဆန်းသစ်တီထွင်မှု အားမာန်အပြည့်ဖြင့် အားထုတ်ကြိုးပမ်းကြရပါမည့်အကြောင်း။ ။

No comments:

Post a Comment