Sunday, January 19, 2025

ဘားအံမြို့၌ အထပ်မြင့်အဆောက်အအုံမီးငြှိမ်းသတ်ရေး ခေတ်မီမီးသတ်ယာဉ်များဖြင့် သရုပ်ပြ

 


ဘားအံ ဇန်နဝါရီ ၁၈

မီးဘေးလုံခြုံရေး၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာနှင့် ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းစွမ်းဆောင် ရည်မြင့်မားစေရန်နှင့် လေ့ကျင့်သားပြည့်ဝစေရန် ကရင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ အထပ်မြင့်အဆောက်အအုံမီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသဏ္ဌာန်တူသရုပ်ပြ လေ့ကျင့်မှုကို ဇန်နဝါရီ ၁၈ ရက်က ဘားအံမြို့ လှာကမြင်ကွက်သစ်အားကစားသမား တည်းခိုဆောင်(၅) ထပ် အဆောက်အဦ၌ ကျင်းပသည်။



ကရင်ပြည်နယ် မီးသတ်ဦးစီးမှူးရုံး၊ ဘားအံခရိုင် မီးသတ်စခန်း၊ ဘားအံမြို့နယ် မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင် ၄၀၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အသင်း၂၀၊ မီးငြှိမ်းသတ်ယာဉ်ခြောက်စီး၊ မီးသတ်ရေသယ်ယာဉ်သုံးစီး၊ နိုင်ငံတကာအဆင့်မီ Hydraulic Platform Vehicle 48 meter အထပ်မြင့်မီးငြှိမ်းသတ်ရေးယာဉ်တစ်စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်တစ်စီး၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမှ လူနာတင်ယာဉ်နှစ်စီး စုစုပေါင်း ယာဉ်/စက် ၁၃ စီးတို့ဖြင့် မီးလောင်မှုသတင်းကို ရရှိသည်နှင့် ယာဉ်အုပ်စုများ ထွက်ခွာ၍ မီးငြှိမ်းသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပိတ်မိသူများအား ဝင်ရောက်ရှာဖွေကယ်ဆယ်ကာ အနီးစပ်ဆုံးဆေးရုံသို့ ပို့ဆောင်ပေးခြင်း၊ မီးကိုအပြီးသတ်ငြှိမ်းသတ်နိုင်ရေးအတွက် အဆောက်အဦအတွင်း ဝင်ရောက်၍ အထပ်အလိုက် မီးငြှိမ်းသတ်ခြင်း၊ သက်ဆိုင်ရာယာဉ်အုပ်စုများက မီးကိုအပြီးသတ်ငြှိမ်းသတ်ပြီးနောက် မီးလောင်မှုအကြောင်းရင်း ရှာဖွေခြင်း၊ မီးလောင်ဆုံးရှုံးမှုများကို တွက်ချက်ခြင်း၊ မီးသတ်ပစ္စည်းကိရိယာများ ပြန်လည်စုစည်း၍ တပ်ဖွဲ့ဝင်များအား ပြန်လည်စိစစ်ခြင်းများကို သဏ္ဌာန်တူသရုပ်ပြ လေ့ကျင့်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ကရင်ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် ခေတ်မီ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများကို ဘဏ္ဍာနှစ်အလိုက် နှစ်စဉ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး အကျိုးရှိရှိ ထိရောက်စွာအသုံးပြုနိုင်ရေး အမြဲလေ့ကျင့်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ မီးသတ်သမား ကောင်းတစ်ယောက်တွင် ရှိရမည့် ခိုင်မာတည်ကြည်သော စိတ်ဓာတ်၊ လုပ်ငန်းစွမ်းဆောင် ရည်နှင့်အတွေ့အကြုံ၊ နည်းပညာကြွယ်ဝမှုတို့နှင့်အတူ ပြည်သူကို ဘေးအန္တရာယ်များမှ ကာကွယ်စောင့်ရှောက်ပြီး ရှာဖွေကယ်ဆယ်ရေးနည်းပညာများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူး၍ မိမိနိုင်ငံအတွက် အသုံးချနိုင်ရန် အားထုတ်ကြိုးပမ်းကာ ပြည်သူမှ အားကိုးယုံကြည်ရသော မီးသတ်သမားကောင်းများဖြစ်ရန် ကြိုးစားလေ့ကျင့်သွားကြစေလိုကြောင်း ပြောကြားပြီးနောက် သဏ္ဌာန်တူသရုပ်ပြ လေ့ကျင့်ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းဝင်များအတွက် ငွေကျပ် ၁၀ သိန်းကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)

No comments:

Post a Comment