Sunday, January 19, 2025

နိုင်ငံတော်၏အနာဂတ်ကောင်းမွန်အောင် ရည်မှန်းချက်အောင်မြင်အောင်ဆောင်ရွက်

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားရေးရည်မှန်းချက်မှာ တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးဖြစ်သည်။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများ၏ လိုလားချက်မှာ အေးချမ်းသာယာဝပြောသည့် တိုင်းပြည်အတွင်း စားရေရိက္ခာများအတွက် မပူပင်ရဘဲ ဖူဖူလုံလုံလောက်လောက်ငငဖြင့် စားသောက်နေထိုင်နိုင်ရေးပင်ဖြစ်သည်။ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းဖြစ်၍ ရည်မှန်းချက်များအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်က ချမှတ်ထားသည့် ဦးတည်ချက်(၉)ရပ်ကို ကြည့်လျှင် အမျိုးသားရေးရည်မှန်းချက်များကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် ချမှတ်ထားခြင်းဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်သည် နိုင်ငံတော်၏ရည်မှန်းချက်၊ နိုင်ငံရေးမျှော်မှန်းချက်များဖြစ်သည်ကို တွေ့မြင်နိုင်သည်။ နိုင်ငံတော်အစိုးရ နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့သည့် လေးနှစ်တာကာလအတွင်း ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ကို အဆင့်လိုက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ အောင်မြင်မှုများ အတိုင်းအတာတစ်ခုအထိရရှိခဲ့ပြီး ယခုအခါ နောက်ဆုံးရည်မှန်းချက်ကိုပင် အကောင်အထည်ဖော်နေပြီ ဖြစ်သည်။

မိမိတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပွားခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ ခေတ္တဝင်ရောက်တာဝန်ယူရသည့် အစိုးရတစ်ရပ်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းသည် ၎င်းတို့နိုင်ငံတိုးတက်ရေးအတွက် အမြဲတမ်းစဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်နေကြကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်လည်း နောက်တွင်မကျန်ရစ်ခဲ့စေရန်အတွက် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေရခြင်းဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထို့ပြင် “နိုင်ငံရေးသည် စီးပွားရေးမဟုတ်သော်လည်း စီးပွားရေးသည် နိုင်ငံရေးနှင့် နိုင်ငံ့အရေးပင်ဖြစ်ကြောင်း၊ စီးပွားရေးအားကောင်းမှသာလျှင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကာကွယ်ရေးအဘက်ဘက်မှ အားကောင်းလာမည်ဖြစ်သဖြင့် နိုင်ငံ့စီးပွားရေးအားကောင်းအောင် အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း” ဖြည့်စွက်မှာကြားခဲ့သည်။ မျက်မှောက်ကာလတွင် နိုင်ငံတော်အနေဖြင့် အခက်အခဲ၊ အကျပ်အတည်း အနှောင့်အယှက်အမျိုးမျိုးကြားမှ ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိခဲ့ခြင်းသည် စီးပွားရေးပြန်လည်ဦးမော့လာအောင်၊ တိုးတက်ကောင်းမွန်အောင် တက်ညီလက်ညီ ဆောင်ရွက်နိုင်ခဲ့သောကြောင့် ဖြစ်သည်။

ယခုအခါ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ နောက်ဆုံးအချက်ဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ပေါ်ထွက်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ လွတ်လပ်၍တရားမျှတသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးအတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။ ကောက်ခံရရှိသည့်အချက်အလက်များအရ လူဦးရေအနေဖြင့် ကျဆင်းလျက်ရှိပြီး ၂၀၁၄ ခုနှစ် လူဦးရေသန်းခေါင်းစာရင်းနှင့် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကောက်ယူစဉ်က ရရှိသည့်လူဦးရေထက်လျော့နည်းပြီး လူဦးရေ ၅၁ သန်းကျော်သာရှိသည်ကို တွေ့နိုင်သည်။ အကြောင်းမှာ မွေးဖွားနှုန်းကျဆင်းခြင်း၊ ပြည်ပနိုင်ငံများသို့ ထွက်ခွာသူများလာခြင်း၊ သေဆုံးသူတိုးလာခြင်းတို့ကြောင့်ဖြစ်သည်။

လူဦးရေကျဆင်းခြင်းကြောင့် ပြည်တွင်း၌ လုပ်သားအင်အားရှားပါးလာခြင်း၊ ရွေးကောက်ပွဲကျင်းပရာ၌ အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိခြင်းတို့ကို ကြုံတွေ့နိုင်သည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတော်၏ အန္တိမရည်မှန်းချက်ကို အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေသည်။ ရွေးကောက်ပွဲကျင်းပရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိသည်။ ရွေးကောက်ပွဲကျင်းပနိုင်သည့် အခြေအနေသို့ရောက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များပေါ်ပေါက်လာပြီး ဂုဏ်သိက္ခာရှိသည့် နိုင်ငံရေးအခင်းအကျင်းကို တည်ဆောက်ရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရက နိုင်ငံတော်နှင့် ပြည်သူများအပေါ် မှန်ကန်သော စေတနာထားရှိပြီး (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်ကို ခေတ္တတာဝန်ယူဆောင်ရွက်သည့် လေးနှစ်တာကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ အထူးသဖြင့် စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ခဲ့ခြင်းသည် လက်ရှိကာလနှင့် ဒီမိုကရေစီအစိုးရကာလ နိုင်ငံတော်၏ အနာဂတ်အေးချမ်းသာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်လာအောင် မျှော်မှန်းဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း။        

No comments:

Post a Comment