Sunday, January 19, 2025

သတင်းတု၊ သတင်းမှား ကွဲကွဲခြားခြား သိနားလည်

 


လူမှုကွန်ရက်ပေါ်မှ သတင်းတု၊ သတင်းမှားနှင့် အမုန်းစကားတို့မှာ နိုင်ငံအတွက် အန္တရာယ်ကို ဖန်တီးနေကြခြင်းဖြစ်သည်။ ဆိုရှယ်မီဒီယာများသည် အသုံးပြုသူများ၏ ရည်ရွယ်ချက်အပေါ်တွင် မူတည်၍ ကောင်းကျိုးဖြစ်ထွန်းနိုင်သကဲ့သို့ မကောင်းသည့် ရည်ရွယ်ချက်ဖြင့် အသုံးချသူများ၊ အမှားအမှန်ကို ခွဲခြားနိုင်စွမ်းမရှိမှုများကြောင့် ဆိုးကျိုးကိုဖြစ်ပေါ်စေနိုင်သည်။ မျက်မှောက်ကာလတွင် သတင်းအမှန်နှင့် သတင်းအမှားကိုခွဲခြားနိုင်ရန် ခက်ခဲလာသည့်အပြင် သတင်းတု၊ သတင်းအမှားများ၊ အမုန်းစကားများကို နိုင်ငံအတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် အုံနှင့် ကျင်းနှင့် ထုတ်လွှင့်နေကြရာ နိုင်ငံအတွက် အန္တရာယ်ကြီးမားသည်။

သတင်းတု၊ သတင်းမှားနှင့် အမုန်းစကားတို့မှာ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ကိုယ်စီရင်ဆိုင်နေကြရသည့် ပြဿနာဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရှယ်မီဒီယာခေတ်၏ ရောဂါဆိုးဟုဆိုရမည်ဖြစ်ပြီး အဓိကကုထုံးမှာ ပြည်သူတို့၏ အမှားအမှန်ကို ဆင်ခြင်ခွဲခြားနိုင်သည့် စွမ်းရည်သာဖြစ်သည်။ မိမိတို့နိုင်ငံတွင် ၂၀၁၅ ခုနှစ်က ဆိုရှယ်မီဒီယာသုံးစွဲသူ ၇ သန်းခန့်ရှိရာမှ နောက်ငါးနှစ်အကြာတွင် သုံးဆတိုးပြီး ၂၁ သန်းခန့်အထိ ဖြစ်လာသည်။ လက်ရှိမိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးမတည်ငြိမ်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများအတွင်း ဆိုရှယ်မီဒီယာကို လက်နက်တစ်ခုအဖြစ် အသုံးချလာခဲ့ကြရာ ပြည်သူလူထုအတွင်း အကြောက်တရား၊ စိုးရိမ်ထိတ်လန့်မှု၊ လူမျိုးတစ်မျိုး၊ ကိုးကွယ်ရာဘာသာတစ်ခု၊ အဖွဲ့အစည်းတစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦး စသည်တို့အပေါ် မုန်းတီးမှုစသည့် ခံစားမှုများကို ဖြစ်ပေါ်စေခဲ့သည်။ လူတို့၏စိတ်သဘာဝတွင် ခံစားချက်သည် ဦးစွာဖြစ်ပေါ်လေ့ရှိပြီး ပြင်းပြင်းထန်ထန်ဖြစ်ပေါ်တတ်သလောက် စဉ်းစားဆင်ခြင်မှုမှာနောက်မှပေါ်လာကာ ဖြည်းဖြည်းမှန်မှန်သာ တွေးဆလေ့ရှိကြခြင်းပင်ဖြစ်သည်။

သတင်းတု၊ သတင်းမှားများကို ခွဲခြားဆန်းစစ်နိုင်ရေးအတွက် အသိပညာပေးမှုများစွာရှိသော်လည်း နေ့စဉ်နှင့်အမျှ ထွက်ပေါ်နေသည့် အမျိုးမျိုးသော သတင်းတု၊ သတင်းမှားများကို ကျော်လွန်နိုင်ရန် ခက်ခဲလှသည်။ အထူးသဖြင့် မိမိတို့နိုင်ငံတွင် ဆိုရှယ်မီဒီယာအသုံးပြုသူအများစုမှာ သတင်းထုတ်ပြန်မှုစတင်သည့် သတင်းဌာနကို ဆန်းစစ်နိုင်မှုအားနည်းခြင်း၊ သတင်းအပေါ်တွင်လည်း ဆန်းစစ်နိုင်မှုအားနည်းခြင်း၊ သတင်းသည် ဘက်လိုက်ထားသည့် သတင်းမျိုးလား၊ သတင်း၏ရည်ရွယ်ချက်ကဘာလဲ စသည်ဖြင့် မဆန်းစစ်နိုင်ခြင်း၊ သတင်းတွင် ဖော်ပြပါရှိသည့် အချက်အလက်၊ ကိန်းဂဏန်းများ၏ ဇာစ်မြစ်ဘယ်ကလဲ၊ ဘယ်လိုရယူခဲ့သလဲဆိုသည်ကို မဆန်းစစ်နိုင်ခြင်း စသည်ဖြင့် အားနည်းချက်များစွာရှိနေသည့်အပြင် မိမိတို့တွေ့ရှိသမျှကို အလွယ်တကူထပ်ဆင့်ဖြန့်ဝေတတ်ကြခြင်းကြောင့်လည်း မမှန်မကန်သတင်းများ၏ အဆိပ်သင့်မှုကို ပိုမိုခံစားရလေ့ရှိသည်။ ဆိုရှယ်မီဒီယာပေါ်တွင် တွေ့ရှိသည်တို့အပေါ် ခံစားမှုပြင်းထန်ပြီး စိတ်နောက်ကိုယ်ပါဆိုသလို ပြုမူတတ်ကြခြင်းကြောင့် သူတစ်ပါးရော၊ မိမိကိုယ်တိုင်ပါ ဆိုးကျိုးနှင့် ရင်ဆိုင်ကြရသည်။ သတင်းတု၊ သတင်းမှားနှင့် အမုန်းစကားများ တွင်တွင်ဖြန့်ကာ ဆိုရှယ်မီဒီယာတွင် လုပ်စားရင်းဝင်ငွေလမ်းဖြောင့်၍ ကြီးပွားလာကြသူများကို စေ့စပ်သေချာစွာရှုမြင်ကြပြီး ပြောသမျှယုံသင့်မယုံသင့်ချင့်ချိန်ကြရန် လိုသည်။

ယနေ့ မိမိတို့နိုင်ငံ၏အခြေအနေမှာ ခက်ခဲကြမ်းတမ်းသည့် အခြေအနေ၊ လှိုင်းလေထန်သည့် ကာလမျိုးဟု ဆိုရမည်ဖြစ်သည်။ နိုင်ငံနယ်နိမိတ် တစ်ခုတည်းအတွင်း၊ တစ်မြေတည်းနေ တစ်ရေတည်း သောက်ကြသူများအတွင်း စိတ်ဝမ်းကွဲခြင်း၊ မုန်းတီးခြင်း၊ မညီညွတ်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာမည့် မတည်ငြိမ်မှုများ၊ ပဋိပက္ခများနှင့် အန္တရာယ်ဘေးဒုက္ခများကို ခါးစည်းခံကြရမည့်လူများမှာ အခြားသူများမဟုတ်ဘဲ မိမိတို့အားလုံးသာလျှင်ဖြစ်သည်။ အိမ်ကြက်ချင်း အိုးမဲသုတ်၍ ခွပ်ခိုင်းသကဲ့သို့ သူတစ်ပါး၏ လှည့်ကွက်တွင် နာကျင်ဆုံးရှုံးမှုများ မဖြစ်စေရန်မှာ သတင်းတု၊ သတင်းမှား၊ အမုန်းစကားတို့ကို ဆင်ခြင်ရှောင်ရှားနိုင်ရန်လိုအပ်ပြီး မိမိတို့အားလုံးမှီတင်းနေထိုင်ရာ အမိနိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မာရေး၊ နိုင်ငံသူ နိုင်ငံသားအချင်းချင်း၊ ပြည်ထောင်စုဖွားအချင်းချင်း သံသယကင်းစွာ၊ ရင်းနှီးချစ်ကြည်စွာဖြင့် အေးအတူပူအမျှ နေထိုင်ကြရပါမည့်အကြောင်း။ ။

No comments:

Post a Comment