မောင်သာယာ
ရန်ကုန်မြို့ အိန္ဒိယနိုင်ငံသံရုံးက အာဆီယံ - အိန္ဒိယ မီဒီယာဖလှယ်မှု ချစ်ကြည်ရေးခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့နှင့် မွမ်ဘိုင်းမြို့တို့သို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ သွားရောက်လေ့လာရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သတင်းမီဒီယာသမားများအား ဖိတ်ခေါ်ခဲ့ပါသည်။ အဆိုပါခရီးစဉ်ကို စာရေးသူအပါအဝင် မြန်မာနိုင်ငံမှ သတင်းမီဒီယာသမားနှစ်ဦး ပါဝင်တက်ရောက်ခွင့် ရရှိခဲ့ပါသည်။
အာဆီယံ
- အိန္ဒိယ မီဒီယာဖလှယ်မှု ချစ်ကြည်ရေးခရီးစဉ် (ASEAN-India Media Exchange Visits 2018-2024 )သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့အကြား သတင်းမီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုတိုးတက်စေရန်၊
ဒေသတွင်းစီးပွားရေး၊ ယဉ်ကျေးမှုနှင့် နည်းပညာတိုးတက်မှုများအပေါ်
နားလည်မှုများရရှိစေရန်နှင့် အာဆီယံနှင့် အိန္ဒိယတို့၏ ရင်းနှီးချစ်ကြည်သော
ဆက်ဆံရေးကို ပိုမိုတိုးတက်စေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပါသည်။ ယခုခရီးစဉ်သည်
အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သတင်းမီဒီယာသမားများ အိန္ဒိယနိုင်ငံသို့
သွားရောက်လေ့လာသည့်ခရီးစဉ်ဖြစ်ပြီး အပြန်အလှန်အားဖြင့် အိန္ဒိယနိုင်ငံမှ
သတင်းမီဒီယာသမားများသည်လည်း ၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း စင်ကာပူနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သို့
သွားရောက်လေ့လာခဲ့ကြောင်း သိရှိရပါသည်။
ယခုနှစ်
အာဆီယံ-အိန္ဒိယ မီဒီယာဖလှယ်ရေးခရီးစဉ်သို့ ကမ္ဘောဒီးယားနိုင်ငံမှ သတင်းမီဒီယာသမားနှစ်ဦး၊
အင်ဒိုနီးရှားနိုင်ငံမှ နှစ်ဦး၊ မလေးရှားနိုင်ငံမှ နှစ်ဦး၊ မြန်မာနိုင်ငံမှ
နှစ်ဦး၊ ဖိလစ်ပိုင်နိုင်ငံမှနှစ်ဦး၊ ဗီယက်နမ်နိုင်ငံမှ နှစ်ဦးနှင့်
စင်ကာပူနိုင်ငံမှတစ်ဦး စုစုပေါင်းသတင်းမီဒီယာသမား ၁၃ ဦး ပူးပေါင်းပါဝင်ခဲ့ကြသည်။
ခရီးစဉ်သည် နယူးဒေလီမြို့တွင် သုံးရက်၊ မွမ်ဘိုင်းမြို့တွင် သုံးရက်စုစုပေါင်းခြောက်ရက်ကြာမြင့်ခဲ့ပါသည်။
ခေတ်ဟောင်းနှင့်
ခေတ်သစ်ပေါင်းစပ်ထားသည့် နယူးဒေလီ
စာရေးသူတို့အဖွဲ့သည်
နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းတွင် နယူးဒေလီမြို့ အင်ဒီရာဂန္ဓီလေဆိပ်သို့
ရောက်ရှိခဲ့ကြသည်။ နယူးဒေလီမြို့သည် အိန္ဒိယနိုင်ငံ၏ ချမ်းသာကြွယ်ဝခဲ့သော
အတိတ်နှင့် တိုးတက်မှုအလားအလာကောင်းများ ပိုင်ဆိုင်ထားသော ပစ္စုပ္ပန်၏ သင်္ကေတဖြစ်သည်။
နယူးဒေလီမြို့သည် ခေတ်ဟောင်းနှင့် ခေတ်သစ်ကို အချိုးကျကျပေါင်းစပ်ပြီး ဖွံ့ဖြိုးတိုးတက်နေသည့်
မြို့လည်းဖြစ်သည်။
နယူးဒေလီမြို့တွင်
ရှေးဘုရင်များ ဖန်တီးခဲ့သည့် သမိုင်းဝင်အဆောက်အအုံများစွာရှိသည်။ အိန္ဒိယသမ္မတအိမ်တော်၊
ပါလီမန်အဆောက်အအုံနှင့် အိန္ဒိယဂိတ်တို့အပါအဝင် ဗြိတိသျှအုပ်ချုပ်ရေးခေတ်အဆောက်အအုံများကို
မြင်တွေ့ရသည်မှာ ကိုလိုနီခေတ်၏ အငွေ့အသက်များကို ခံစားရစေသည်။ India Gate (အိန္ဒိယဂိတ်)သည်
ပထမကမ္ဘာစစ်ပွဲ၊ အင်္ဂလိပ်-အာဖဂန်စစ်ပွဲများတွင် ကျဆုံးသွားသည့် သူရဲကောင်းစစ်သည်များကို
ဂုဏ်ပြုသည့်အနေဖြင့် တည်ဆောက်ခဲ့သော အဆောက်အအုံ ဖြစ်ကြောင်း သိရှိရသည်။
ပြည်ပရေးရာဝန်ကြီးဌာနနှင့်
အာရှသတင်းအင်တာနေရှင်နယ်
သတင်းမီဒီယာသမားများသည်
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ လေ့လာရေးခရီးစဉ် ပထမဆုံးနေ့ဖြစ်သည့် နိုဝင်ဘာ ၂၈
ရက်နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနသို့ သွားရောက် ခဲ့ကြသည်။ အခြားသောနိုင်ငံများတွင်
နိုင်ငံခြားရေးဝန်ကြီးဌာနဟု ခေါ်ဆိုသုံးနှုန်းသော်လည်း အိန္ဒိယနိုင်ငံတွင်
နိုင်ငံခြားရေးဝန်ကြီးဌာနကို ပြည်ပရေးရာဝန်ကြီးဌာနဟု ခေါ်ဆိုသည်။
သတင်း
မီဒီယာကိုယ်စားလှယ်အဖွဲ့အား ပြည်ပရေးရာဝန်ကြီးဌာနမှ အရှေ့ပိုင်းရေးရာဌာန အကြီးတန်းအရာရှိနှင့်
တာဝန်ရှိသူများက လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် အရှေ့ပိုင်းရေးရာဌာန အကြီး
တန်းအရာရှိက အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့အကြား နိုင်ငံရေး၊
စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှု စသည့်နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့်
အနာဂတ်တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို
ရှင်းလင်းပြောကြားပြီး သတင်းမီဒီယာသမားများ၏ မေးမြန်းမှုများကိုလည်း
ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် အိန္ဒိယနိုင်ငံရှိ သတင်းဌာနများအတွက်
သတင်းမီဒီယာလှုပ်ရှားမှုများ ဝန်ဆောင်မှုပေးလျက်ရှိသည့် Asian News International (ANI) (အာရှ
သတင်းအင်တာနေရှင်နယ် သတင်း အေဂျင်စီ)သို့ သွားရောက်လေ့လာကြသည်။
ANI သတင်းအေဂျင်စီကို
၁၉၇၁ ခုနှစ်တွင် စတင်တည်ထောင်ပြီး အိန္ဒိယနိုင်ငံတွင် ဗီဒီယိုသတင်းများကို သတင်းဌာနများသို့
ပထမဆုံးပေးပို့နိုင်ခဲ့သည့် သတင်းအေဂျင်စီဖြစ်သည်။ ANI သတင်း
အေဂျင်စီသည် အိန္ဒိယအစိုးရနှင့် ကောင်းမွန်သည့်ဆက်ဆံရေးကို အသုံးချကာ ၂၀၀၀
ပြည့်နှစ် အစောပိုင်းကာလများတွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ၂၀၁၉ ခုနှစ်တွင်
အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံးရုပ်သံသတင်းအေဂျင်စီအဖြစ် ထူထောင်နိုင်ပြီး ၂၀၂၄
ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံးသော သတင်းမီဒီယာဝန်ဆောင်မှုလုပ်ငန်းအဖြစ်
ရပ်တည်လျက်ရှိကြောင်း လေ့လာသိရှိရ သည်။
သတင်းမီဒီယာကိုယ်စားလှယ်အဖွဲ့အား
ANI သတင်းအေဂျင်စီမှ
တာဝန်ရှိသူများက ANI သတင်းအေဂျင်စီ၏ သမိုင်းမှတ်တမ်းဗီဒီယိုကိုပြသပြီး
သတင်းများရယူမှု၊ သတင်းထုတ်လွှင့်မှုနှင့် သတင်း ခန်း ဝန်ဆောင်မှုလုပ်ငန်းအခြေအနေများကို
ရှင်းလင်းပြောကြားသည်။
ဆက်လက်၍
အိန္ဒိယနိုင်ငံကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသို့ ရောက်ရှိရာ
တာဝန်ရှိသူများက အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့အကြား စီးပွားရေး၊
ကုန်စည်ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို
ရှင်းလင်းပြောကြားသည်။
ခေတ်သစ်အနုပညာပြခန်းနှင့်
သိပ္ပံနှင့် နည်းပညာဌာန
ထို့နောက်
နယူးဒေလီမြို့ရှိ အိန္ဒိယနိုင်ငံယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိ အထင်ကရအနုပညာပြတိုက်ဖြစ်သည့်
ခေတ်သစ်အနုပညာပြခန်း (National
Gallery of Modern Art - NGMA) သို့ လည်း သွားရောက်လေ့လာကြသည်။
အဓိကပြတိုက်သည် နယူးဒေလီမြို့ Jaipur House တွင်တည်ရှိပြီး
၁၉၅၄ ခုနှစ် မတ် ၂၉ ရက်တွင် အိန္ဒိယအစိုးရက စတင်တည်ထောင်ခဲ့သည်။ ထို့ပြင် မွမ်ဘိုင်း မြို့နှင့် အိန္ဒိယနိုင်ငံတောင်ပိုင်း
ဘင်္ဂလောမြို့တို့တွင် ပြတိုက်ခွဲများတည်ရှိသည်။ NGMA တွင် အနုပညာရှင် ၂၀၀၀ ကျော် ၏
အနုပညာလက်ရာ ၁၇၀၀၀ ကျော်ကို စုဆောင်းထားပြီး အိန္ဒိယပန်းချီကျော်
အနုပညာရှင်များနှင့် နိုင်ငံခြားအနုပညာ ရှင်များ၏လက်ရာများကို ပြသထားသည်။ ဤပြတိုက်သည်
ကမ္ဘာပေါ်ရှိ အကြီးမားဆုံးအနုပညာပြတိုက်များတွင် တစ်ခုအပါအဝင်ဖြစ်ခြင်းကြောင့် အနုပညာကို
ချစ်မြတ်နိုးသူများအတွက် လေ့လာလည်ပတ်ချင်စရာနေရာတစ်ခုဖြစ်သည်။
ညနေပိုင်းတွင်
အိန္ဒိယနိုင်ငံ၏ သိပ္ပံနည်းပညာနှင့်ဆိုင်သော လုပ်ငန်းများကို တိုးတက်စေရန်
အဓိကတာဝန်ယူထား သည့် အဖွဲ့အစည်းတစ်ခုဖြစ်သော သိပ္ပံနှင့် နည်းပညာဌာန (Department of Science and Technology
- DST) သို့ သွားရောက်လေ့လာကြသည်။
သိပ္ပံနှင့်
နည်းပညာဌာနသည် အိန္ဒိယနိုင်ငံအတွင်း သုတေသနလုပ်ငန်းများဆောင်ရွက်ပြီး သိပ္ပံနှင့်
နည်းပညာများကို စီးပွားရေးနှင့် နေ့စဉ်အသုံးချနိုင်သော နည်းပညာများဖြစ်လာအောင်
ဆောင်ရွက်လျက်ရှိသည်။ ပညာရေးနှင့် သုတေသနကူညီမှုအနေဖြင့် သိပ္ပံနှင့်ပတ်သက်သည့် စိတ်ဝင်စားမှုကို
တိုးတက်အောင် ဆောင်ရွက်ခြင်းနှင့် သုတေသနအတိုင်ပင်ခံအဖွဲ့များကို အစိုးရအနေဖြင့် မျှဝေပေးခြင်းများ
ဆောင်ရွက်ပေးလျက်ရှိသည်။ နေရောင်ခြည်စွမ်းအင်၊ အာကာသသိပ္ပံနှင့် ပတ်သက်သည့်
နည်းပညာများကိုလည်း တိုးတက်အောင်ဆောင်ရွက်လျက်ရှိသည်။
သိပ္ပံနှင့်
နည်းပညာဌာနသည် အိန္ဒိယနိုင်ငံ၏ သိပ္ပံနည်းပညာဆိုင်ရာ လုပ်ငန်းစဉ်များ၊
စီမံကိန်းများ၊ သုတေသနများအားလုံးကို ရှေးရှုဆောင်ရွက် သည့်အဖွဲ့ဖြစ်သောကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၊
နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးတိုးတက်မှုတို့အတွက် အထောက်အကူပြုလျက်ရှိသည်။
သိပ္ပံနှင့် နည်းပညာဌာနကို ၁၉၇၁ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ယနေ့အထိ အိန္ဒိယနိုင်ငံ၏
သိပ္ပံနည်းပညာတိုးတက်ရေးအတွက် ရှေ့ဆောင်လမ်းပြဖြစ်ကြောင်း လေ့လာသိရှိခဲ့ရသည်။
အာဆီယံ-အိန္ဒိယ
Startup ပွဲတော်
ခရီးစဉ်ဒုတိယနေတွင့်
အာဆီယံ-အိန္ဒိယ Startup ပွဲတော် ၂၀၂၄ ကျင်းပသည့်
နေရာသို့သွားရောက်၍ သတင်း ယူခွင့်ရရှိခဲ့ပါသည်။ အာဆီယံ-အိန္ဒိယ Startup ပွဲတော် ၂၀၂၄ (ASEAN-India
Startup Festival 2024) ကို နယူးဒေလီ မြို့ Dwarka မြို့နယ်ရှိ Taj Vivanta ၌ ကျင်းပခဲ့သည်။ အာဆီယံ-အိန္ဒိယ
Startup ပွဲတော်ကျင်းပရသည့် ရည်ရွယ်ချက်မှာ
အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့အကြား စီးပွားရေးနှင့်
နည်းပညာပံ့ပိုးရေးပူးပေါင်းမှုကို စတင်သည့် အစီအစဉ်တစ်ခုဖြစ်သည်။
ဤအထိမ်းအမှတ်ပွဲကို
နိုဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ကျင်းပခဲ့သည်။ အိန္ဒိယနှင့် အာဆီယံ ၁၀ နိုင်ငံမှ
လုပ်ငန်းရှင်များနှင့် နည်းပညာတီထွင်သူများကိုစုပေါင်းပြီး နယ်စပ်များကို
ကျော်လွှားကာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်နှင့်
တီထွင်ဆန်းသစ်မှုများကို တွန်းအားပေးရန် ရည်ရွယ်ထားသည်။ ပွဲတော်တွင် အိန္ဒိယ Startups ၆၀ နှင့်
အာဆီယံ Startups ၄၀ က လှုပ်ရှားမှုများနှင့် နည်းပညာနှင့်
ရေရှည်တည်တံ့သော ဆန်းသစ်မှုများကို အထူးအလေးထားသရုပ်ပြခဲ့ကြသည်။ ဤဆန်းသစ်မှုများသည်
ဒေသဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် လူမှုစီးပွားတိုးတက်မှုကို
အားပေးရန်ရည်ရွယ်ထားပြီး အဆင့်မြင့်နည်းပညာနှင့် တာရှည်တည်တံ့မှုဆိုင်ရာကို အထူးအလေးပေးထားသည်။
သုံးရက်တာအစီအစဉ်တွင်
ဆွေးနွေးပွဲများ၊ Startups
များ၏ နမူနာပြပွဲများ၊ Startups များ၏
အပြိုင်အဆိုင်ကတိပြုမှုများနှင့် တွေ့ဆုံပွဲများပါဝင်ပြီး စီးပွားရေးလုပ်ငန်းရှင်များနှင့်
အစိုးရအကြား ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်စေရန် ရည်ရွယ်ထားသည်။ အဆိုပါအစီအစဉ်တွင်
နည်းပညာဆန်းသစ်မှု၊ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ
ဆွဲဆောင်ရေး စသည့်အချက်များကို ဦးစားပေးပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်မျှော်လင့်ထားသည်။
Startup ပွဲတော်တွင် အာဆီယံနိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့မှ
စွမ်းဆောင်ရည်ရှိသော လုပ်ငန်းရှင်များကိုချိတ်ဆက်ပေးခြင်း၊ AI၊ FinTech၊ HealthTech၊ AgriTech
စသည့် နည်းပညာအကျုံးဝင်သော စွမ်းဆောင်ရည်များ တိုးတက်စေရန်
ကူညီမှုပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူစွာ ရရှိစေရန်အခွင့်အလမ်းများ
ဖော်ဆောင်ခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့်
စီးပွားရေးထိခိုက်မှုလျှော့ချခြင်းများကိုပါ ဦးစားပေးဖော်ဆောင်လျက်ရှိကြောင်း
လေ့လာသိရှိခဲ့ရသည်။
မြန်မာသတင်းမီဒီယာ
ကိုယ်စားလှယ်အဖွဲ့သည် အာဆီယံ-အိန္ဒိယ Startup ပွဲတော်တွင် လာရောက်ပူးပေါင်းပြသလျက်ရှိသည့်
မြန်မာနိုင်ငံမှ ဟိန်းရွှေအောင်ကုမ္ပဏီ ဓနိဖူးထုတ်လုပ်ရေးလုပ်ငန်းပြခန်း၊ စော်ဘွားကော်ဖီပြခန်း၊
Hturu သဘာဝဆိုးဆေးလုပ်ငန်းပြခန်းနှင့် Origin
Business Solution Company Limited ပြခန်းတာဝန်ရှိသူများနှင့်
တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ပြီး သတင်းထုတ်ပြန်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
နိုင်ငံတကာနေစွမ်းအင်
မဟာမိတ်
မွန်းလွဲပိုင်းတွင်
အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သတင်းမီဒီယာကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတကာနေစွမ်းအင်
မဟာမိတ် (International Solar
Alliance - ISA) သို့ သွားရောက်လေ့လာကြသည်။ ISA သည် နေစွမ်းအင်အသုံးချမှု တိုးတက်စေရန်ရည်ရွယ်ပြီး ၂၀၁၅ ခုနှစ် တွင်
အိန္ဒိယနှင့် ပြင်သစ်တို့၏ ဦးဆောင်မှုဖြင့် စတင်တည်ထောင်ခဲ့သည်။ ISA သည် လက်မှတ်ရေးထိုးထားသည့် နိုင်ငံ ၁၂၀ ကျော်ပါဝင်သည့် မဟာမိတ်အဖွဲ့ဖြစ်သည်။
မိတ်ဖက်နိုင်ငံအများစုမှာ နေရောင်ခြည်အလွန်ထွန်းကားသည့် နိုင်ငံများဖြစ်ကာ
အများအားဖြင့် အပူပိုင်းဒေသနိုင်ငံများဖြစ်သည်။
အဓိကရည်မှန်းချက်မှာ
ကမ္ဘာတစ်ဝန်းနေစွမ်းအင်အသုံးချမှုကို တိုးမြှင့်ခြင်း၊ စွမ်းအင်အသုံးပြုမှုများ
သဘာဝကျစေရန်နှင့် Paris
Agreement ၏အကျိုးများ ပြည့်မီစေရန်အတွက် လှုံ့ဆော်ခြင်းဖြစ်သည်။ နိုင်ငံတကာ
နေစွမ်းအင်မဟာမိတ်အဖွဲ့၏ ရည်ရွယ်ချက်များမှာ နေစွမ်းအင်ကို ထိရောက်စွာ
အသုံးပြုရန်လုပ်ဆောင်ခြင်းဖြင့် ရုပ်ကြွင်းလောင်စာဓာတ်ငွေ့များအပေါ် မှီခိုနေရမှုကို
လျော့နည်းစေရန်၊ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် မူဝါဒဆိုင်ရာကူညီမှုများဖြင့်
ကမ္ဘာတစ်ဝန်းနေစွမ်းအင်အသုံးချမှု တိုးတက်စေရန်၊ နိုင်ငံအများအပြားအကြား စွမ်းအင်ကွန်ရက်ဆက်သွယ်မှုနှင့်
ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်စေရန်၊ နေစွမ်းအင်ပစ္စည်းများကို စျေးနှုန်းချိုသာစေရန်၊
နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထူထောင်ခဲ့ခြင်းဖြစ်သည်။
ဤအစီအစဉ်ကို
၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် Wembley အားကစားကွင်း၌ ပြောကြားခဲ့သည့် အိန္ဒိယသမ္မတနာရင်ဒရာမိုဒီ၏
မိန့်ခွန်းတစ်ခုတွင် စတင်ထုတ်ဖော်ခဲ့ပြီး နေရောင်ခြည်ကောင်းစွာရရှိသော နိုင်ငံများကို
“Sons of the Sun” “နေ၏သားများ” ဟု ဖော်ပြခဲ့သည်။ နေရောင်ခြည်ကောင်းစွာ
မရရှိသည့် နိုင်ငံများကိုလည်း မဟာမိတ်အဖွဲ့တွင် ပါဝင်ခွင့်ပြုထားပြီး အခြားအဖွဲ့ဝင်များကဲ့သို့
အကျိုးခံစားခွင့်ရနိုင်သည်။ သို့သော် အစည်းအဝေးဆုံးဖြတ် ချက်များတွင် မဲပေးခွင့်ကို
ရရှိမည်မဟုတ်ကြောင်း လေ့လာသိရှိရသည်။
ISA သည် နေစွမ်းအင်အသုံးချမှုမှတစ်ဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းအင်လုံခြုံရေးတို့တွင်
အရေးပါသောအခန်းကဏ္ဍမှ အကျိုးသက်ရောက်မှုများ ရရှိနေသည်။ “နေစွမ်းအင်ဖြင့် အားလုံးအကျိုးတူစေခြင်း”
ဆိုသောရည်မှန်းချက်ဖြင့် ISA သည် ကမ္ဘာလုံးဆိုင်ရာ
စွမ်းအင်ပြဿနာများကို ဖြေရှင်းရန် ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း
လေ့လာသိရှိခဲ့ရသည်။
အာဆီယံ-အိန္ဒိယ
ဂီတပွဲတော်
ညနေပိုင်းတွင်
အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူနှင့် တွဲဖက်အတွင်းဝန် Mr. Randhir Jaiswal က
တည်ခင်းဧည့်ခံသည့်ညစာစားပွဲသို့ တက်ရောက်ပြီး အာဆီယံ-အိန္ဒိယ ဂီတပွဲတော် (ASEAN-India
Music Festival) ကို သွားရောက်ကြည့်ရှုကြသည်။ အာဆီယံ-အိန္ဒိယ ဂီတပွဲတော်ကို
နယူးဒေလီမြို့သမိုင်းဝင် ပူရာနာခီလာအဆောက်အအုံ၌ နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁
ရက်အထိကျင်းပခဲ့သည်။
ပွဲတော်တွင်
အာဆီယံအဖွဲ့ဝင်နိုင်ငံ များမှ အနုပညာရှင်များနှင့် အိန္ဒိယနိုင်ငံမှ
အနုပညာရှင်များက တေးသီချင်းများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ
အိန္ဒိယနိုင်ငံမှ ဂီတအနုပညာကို ချစ်မြတ်နိုးကြသူများက တစ်ခဲနက်
လာရောက်အားပေးကြည့်ရှုခဲ့ကြသည်။ အဆိုပါပွဲတော် ပထမနေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားခေတ်ပေါ်တေးဂီတအဖွဲ့က ခေတ်ပေါ်တေးသီချင်းများဖြင့်
ဖျော်ဖြေတင်ဆက်ခဲ့သည်။ အဆိုပါဂီတပွဲတော်ကို အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက
အိန္ဒိယအစိုးရ၏ အရှေ့တောင်အာရှနိုင်ငံများနှင့် ဆက်ဆံရေးမြှင့်တင်မှုမူဝါဒ
(၁၀)နှစ်ပြည့် အထိမ်းအမှတ်နှင့် အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့အကြား မဟာဗျူဟာမြောက်ဆက်ဆံရေးကို
မြှင့်တင်ရန် စီစဉ်ကျင်းပခြင်းဖြစ်သည်။
အဆိုပါပွဲတော်သည်
အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့အကြား အနုပညာနှင့် ယဉ်ကျေးမှုပေါင်းစည်း
ဆက်နွှယ်မှုမှတစ်ဆင့် ရင်းနှီးချစ်ကြည်သော ဆက်ဆံရေးကို တိုးတက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း
မှတ်သားခဲ့ရပါသည်။ ။
No comments:
Post a Comment