စောအောင်လင်း (မန္တလေး)
လူတိုင်းဟာ
ဘဝရှင်သန်နေရတဲ့အချိန်မှာ ကျန်းကျန်းမာမာနဲ့နေချင်တယ်၊
စည်းစိမ်ဥစ္စာတွေပြည့်စုံပြီး ချမ်းချမ်းသာသာနဲ့နေချင်တယ်။
အေးအေးချမ်းချမ်းနဲ့နေချင်တယ်။ ဒီအတွက် နေ့စဉ်လုပ်ကိုင်နေကြတဲ့ စားရေး၊ ဝတ်ရေး၊
နေထိုင်ရေးဆိုတဲ့ အလုပ်သုံးပါးကို ခွန်အား၊ ဇွဲ လုံ့လဝီရိယတွေ
ရင်းနှီးလုပ်ကိုင်နေကြတယ်။ လူတိုင်းအလုပ်လုပ်နေကြတာမှန်ပေမယ့်
ကြီးပွားတိုးတက်မှုတွေကိုတော့ တန်းတူမခံစားကြရပါဘူး။
ကြီးပွားတိုးတက်တဲ့သူတွေရှိသလို ဆင်းရဲနိမ့်ကျတဲ့သူတွေလည်း ရှိပါတယ်။
ဒီလိုကွဲပြားမှုတွေမဖြစ်ရအောင် လုပ်သင့်တာကိုလုပ်ပြီး မလုပ်သင့်တာကိုမလုပ်မိဖို့
အရေးကြီးပါတယ်။
တချို့က
လုပ်သင့်တာကိုမလုပ်၊ မလုပ်သင့်တာတွေလုပ်နေကြလို့ ကောင်းကျိုးထက် ဆိုးကျိုးတွေကိုသာ
ခံစားကြရတယ်။ တချို့ဆိုးကျိုးတွေက ကာယကံရှင်တစ်ဦးတည်းသာ ခံစားရတာမဟုတ်ဘဲ
ပတ်ဝန်းကျင်ကိုပါ ထိခိုက်နစ်နာစေပါတယ်။ လူတွေက အတ္တကို အခြေခံပြီး
လုပ်ကိုင်နေကြတာဖြစ်ပေမယ့် လွန်ကဲတဲ့အတ္တတွေ မသုံးမိအောင်
သတိပြုဆင်ခြင်လုပ်ကိုင်သင့်ပါတယ်။
လူ့ဘဝရပ်တည်ရှင်သန်နေချိန်မှာ
ကြီးပွားတိုးတက်စေနိုင်တဲ့ နည်းလမ်းတွေများစွာရှိပါတယ်။ အဲဒီနည်းလမ်းတွေထဲက
ကိုယ်တိုင်လည်း ကြီးပွားတိုးတက်စေ၊ ပတ်ဝန်းကျင်အကျိုးကိုလည်း မထိခိုက်စေတဲ့
နည်းလမ်းတွေနဲ့လုပ်ကိုင်နိုင်တာက အကောင်းဆုံးဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားက လူသားတွေ
ကြီးပွားတိုးတက်စေနိုင်တဲ့ သမ္ပဒါတရားလေးပါးကို ဟောကြားညွှန်ပြခဲ့ပါတယ်။ အဲဒါတွေ
ကတော့ -
- ဥဋ္ဌာန သမ္ပဒါ = မပျင်းမရိ ထကြွလုံ့လဝီရိယရှိမှုနှင့် ပြည့်စုံခြင်း၊
- အာရက္ခ သမ္ပဒါ = ရရှိသည့် ပစ္စည်းဥစ္စာတို့ကို လိမ္မာကျွမ်းကျင်စွာ
စောင့်ရှောက်ထိန်းသိမ်းတတ်မှုနှင့် ပြည့်စုံခြင်း၊
- ကလျာဏမိတ္တ သမ္ပဒါ = မှီခိုကိုးစား အားထားလောက်သည့်
မိတ်ဆွေကောင်းရှိမှုနှင့်ပြည့်စုံခြင်း၊
- သမဝိသမ္ပဒါ = စနစ်တကျ မျှတစွာ အသက်မွေးသုံးစွဲနေထိုင်တတ်မှုနှင့်
ပြည့်စုံခြင်းတို့ ဖြစ်ပါတယ်။
သမ္ပဒါတရားလေးပါးနဲ့အညီ
လိုက်နာကျင့်ကြံကြရင် ကြီးပွားတိုးတက်မှုတွေ မလွဲမသွေခံစားနိုင်ကြမှာဖြစ်ပါတယ်။
တချို့က လိုက်နာသင့်တယ်ဆိုတာသိပြီး လိုက်နာကျင့်ကြံကြတယ်။ တချို့ကမသိလို့
မလိုက်နာမိကြဘူး၊ တချို့ကသိတော့သိတယ် မလိုက်နာကြဘူး၊ တချို့ကသိသလိုလို
မသိသလိုလိုနဲ့ ဖြစ်နေတတ်ပါတယ်။ အဆိုးဆုံးကတော့ သိပြီး မလိုက်နာတာက စားရအောင်
စိုက်ထားတဲ့အပင်က အသီးတွေ မှည့်နေတာတောင် ခူးဆွတ်မစားဘဲ ပစ်ထားလို့အမှည့်လွန်
ပုပ်ပြီးမြေမှာ ကြွေကျနေသလို ဖြစ်နေတတ်ပါတယ်။ သိထားရင် လိုက်နာပြီး မသိသေးရင်
သိအောင်လုပ် ကျင့်ကြံအားထုတ်သင့်တဲ့ အကြောင်းတရားတွေ ဖြစ်ပါတယ်။
နောက်တစ်ခုကတော့
ဗုဒ္ဓမြတ်စွာဘုရား သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေစဉ်က သူဌေးတစ်ဦးနဲ့
အသက်ခုနစ်နှစ် အရွယ်သားဖြစ်သူတို့က ဇေတဝန်ကျောင်းကို ရောက်ရှိလာပါတယ်။
အကြောင်းကတော့ သားဖြစ်သူက စီးပွားဥစ္စာတိုးတက်မှုရဲ့ အခြေခံအကြောင်းကို သိချင်လို့
ဖခင်ဖြစ်သူကိုမေးတဲ့အခါ မဖြေနိုင်လို့ မြတ်စွာဘုရားထံကို ခေါ်လာတာဖြစ်ပါတယ်။
မြတ်စွာဘုရားထံ လျှောက်ထားတဲ့အခါ ကြီးပွားတိုးတက်ဖို့အတွက်
စီးပွားဥစ္စာဖြစ်ထွန်းစေနိုင်တဲ့ အခြေခံအကြောင်းတရားငါးမျိုးကို
ဖြေကြားတော်မူခဲ့ပါတယ်။ အဲဒါတွေကတော့ (၁) ကျန်းမာရေးကောင်းမွန်မှု (၂)
ကိုယ်ကျင့်သီလ စောင့်ထိန်းမှု (၃) ပညာရှိတို့၏ အဆုံးအမသြဝါဒကို လိုက်နာမှု (၄)
အကြားအမြင် ဗဟုသုတနှင့် ပြည့်စုံမှု (၅) မပျင်းမရိ ကြိုးစားမှုတို့ ဖြစ်ပါတယ်။
ကျန်းမာရေးကောင်းမွန်မှု
လူတစ်ဦး
အသက်ရှင်ရပ်တည်နေထိုင်နေစဉ်မှာ အရေးပါဆုံးအချက်ကတော့ ကျန်းမာနေဖို့ဖြစ်ပါတယ်။
တစ်ဦးကိုတစ်ဦးမေတ္တာပို့ ဆုတောင်းတဲ့အခါ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊
ဘေးအန္တရာယ်ကင်းပါစေ၊ လိုရာဆန္ဒပြည့်ပါစေလို့ဆိုတဲ့အခါ ကျန်းမာရေးကို ရှေ့ဆုံးက
ထားပြီး မေတ္တာပို့ဆုတောင်းကြပါတယ်။ ကျန်းမာမှ အလုပ်လုပ်နိုင် မယ်။
အလုပ်လုပ်နိုင်မှ ဥစ္စာဓနတွေ ရှာဖွေနိုင်ပါတယ်။ စီးပွားဥစ္စာတွေ
များများရှာဖွေနိုင်မှ ကြီးပွားတိုးတက်ကြမှာဖြစ်လို့ ကျန်းမာရေးဟာ
အလွန်အရေးကြီးပါတယ်။
အာရောဂျံ
ပရမံလာဘံ = ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဖြစ်တယ်ဆိုတဲ့စကားလို လူတိုင်းကျန်းမာအောင်နေထိုင်ခြင်းက
ဆုလာဘ်တစ်ခုချီးမြှင့်တာကို ခံစားရသလိုပါပဲ။ ကျန်းမာဖို့အတွက်
လမ်းလျှောက်တာမျိုးကအစ ကိုယ်လက်လှုပ်ရှားမှုတွေလုပ်တာ၊ ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်စားသောက်တာ၊
ဆေးလိပ်၊ ကွမ်း၊ အရက်၊ ဘီယာ၊ မူးယစ်ဆေးဝါးတွေကို ရှောင်ကြဉ်တာ၊ စိတ်ကိုအမြဲတမ်းကြည်လင်သန့်စင်အောင်နေထိုင်တာ၊
သောကဖြစ်စေတဲ့ တွေးတောကြံစည်မှုတွေ မပြုလုပ်တာ၊ ကိုယ်ချင်းစာစိတ်နဲ့ ပတ်ဝန်းကျင်ကို
ဆက်ဆံတာတွေ စသဖြင့်ကျင့်ကြံနေထိုင်ကြရင် စိတ်ချမ်းသာမှုတွေ ခံစားရပါတယ်။ စိတ်ချမ်းချမ်းသာသာနဲ့
နေထိုင်ရခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုစေပါတယ်။
ကျန်းမာတယ်ဆိုရာမှာ
ရုပ်ရောစိတ်ပါကျန်းမာဖို့လိုပါတယ်။ ကိုယ်ကတော့ ကျန်းမာပေမယ့် စိတ်ဆင်းရဲနေရရင်လည်း
ကျန်းမာရေးကို ထိခိုက်စေပါတယ်။ မကျန်းမာရင် စီးပွားဥစ္စာတွေရှာဖွေဖို့ ခက်ခဲပြီးရရှိပြီး
စည်းစိမ်ဥစ္စာတွေ ဆုံးရှုံးပျက်စီးနိုင်တာမို့ ကြီးပွားတိုးတက်အောင်
မလုပ်ဆောင်နိုင်ပါဘူး။
လူတိုင်းဟာ
ရုပ်နဲ့နာမ်တွဲပြီး ရပ်တည်နေကြရတာ ဖြစ်ပါတယ်။ ရုပ်နဲ့စိတ်က အပြန်အလှန်အကျိုးပြုနေကြပါတယ်။
ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာဖို့ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်းတရားတွေ
သဟဇာတဖြစ်အောင် နေထိုင်စားသောက်ကြဖို့လည်း လိုပါမယ်။ တစ်ခုခုဖောက်ပြန်ရင်
ကျန်းမာရေးကို ထိခိုက်နိုင်တာမို့ ညီညွတ်မျှတအောင် နေထိုင်စားသောက်ဖို့ကိုတော့
ကိုယ်တိုင်ကျင့်ကြံအားထုတ်ကြရပါမယ်။ ကျန်းမာနေမှသာ ကိုယ်ဖြစ်ချင်တဲ့အလုပ်တွေကို နောက်ဆံမတင်းဘဲ
လုပ်ကိုင်နိုင်မှာဖြစ်တဲ့အတွက် ကျန်းမာအောင်နေထိုင်ကြရမှာ ဖြစ်ပါတယ်။
ကိုယ်ကျင့်သီလစောင့်ထိန်းမှု
ကိုယ်ကျင့်တရား
ကောင်းမွန်သူတွေဟာ စောင့်ထိန်းရမယ့် ကျင့်ဝတ်စည်းကမ်းတွေကို တိတိကျကျ
လိုက်နာကျင့်သုံးကြပါတယ်။ ကိုယ်ကျင့်တရားကို ကိုယ်၊ နှုတ်၊ နှလုံးစောင့်စည်းမှု၊
အကျင့်သိက္ခာလို့ဆိုပါတယ်။ ကိုယ်ကျင့်တရားဆိုတာ သီလစောင့်ထိန်းခြင်းဖြစ်ပါတယ်။
သီလဆိုတာ ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါး စတဲ့စောင့်ထိန်းအပ်တဲ့
ကျင့်ဝတ်လို့အဓိပ္ပာယ်ရပါတယ်။ သီလဆိုတာ ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတွေ
စင်ကြယ်ခြင်းဖြစ်ပါတယ်။ အရှက်တရားနဲ့ အကြောက်တရားဖြစ်တဲ့ ဟီရိသြတပ္ပတရားတွေဟာ သီလရဲ့
အနီးဆုံးသော အကြောင်းတရားဖြစ်ပါတယ်။ ကိုယ်ကျင့်တရားနဲ့ သီလကိုပေါင်းစပ်ပြီး
ကိုယ်ကျင့်သီလလို့လည်း ပြောကြပါတယ်။
ကိုယ်ကျင့်သီလကို
စာရိတ္တသီလနဲ့ ဝါရိတ္တသီလအပါအဝင် သီလ အမျိုးအစားပေါင်း ၅၇ မျိုး
ထပ်မံခွဲခြားနိုင်တာကြောင့် သီလရဲ့အနက်အဓိပ္ပာယ်ဟာ နက်ရှိုင်းကျယ်ဝန်းလှသလို လိုက်နာစောင့်ထိန်းဖို့
သာမန်အားဖြင့် မလွယ်ကူပါ။ ကိုယ်ကျင့်တရားကောင်းမွန်သူတွေဟာ သီလကို
စောင့်ထိန်းကြပါတယ်။
ကိုယ်ကျင့်သီလစောင့်ထိန်းသူတွေဟာ
သုစရိုက်တရား ၁၀ ပါးကို လိုက်နာကျင့်ကြံကြပါတယ်။ သုစရိုက် ၁၀ ပါးဆိုတာ သူ့အသက်မသတ်ခြင်း၊
သူတစ်ပါးက ကိုယ်နှုတ်တို့နဲ့ မပေးအပ်တဲ့ဥစ္စာကို မခိုးယူခြင်း၊ ကာမဂုဏ်တို့မှာ
ယုတ်ယုတ်မာမာမကျင့်ခြင်း၊ မဟုတ်မမှန်မပြောဆိုခြင်း၊ ချောပစ်ကုန်းမတိုက်ခြင်း၊
ကြမ်းကြမ်းတမ်းတမ်းအယုတ်တမာမဆဲဆိုခြင်း၊ သိမ်ဖျင်းတဲ့စကားမပြောဆိုခြင်း၊ သူတစ်ပါးစည်းစိမ်ကို
မတရားမကြံစည်ခြင်း၊ သေကျေပျက်စီးသွားတာ ကောင်းလေစွလို့ သူတစ်ပါးကို
မပြစ်မှားခြင်းနဲ့ အယူမမှားခြင်း၊ ကံကံ၏ အကျိုးကိုယုံကြည်ခြင်း၊ ကောင်းသောအယူကို
ယူခြင်းတို့ဖြစ်ပါတယ်။ ကိုယ်ကျင့်သီလပျက်ယွင်းသူတွေကတော့ သုစရိုက်တရား ၁၀ ပါးရဲ့
ဆန့်ကျင်ဘက်ဖြစ်တဲ့ ဒုစရိုက်တရား ၁၀ ပါးကို ကျူးလွန်ကြပါတယ်။ ဒါကြောင့်
ဘဝတိုးတက်ကြီးပွားချင်ရင် ကိုယ်ကျင့်သီလကို စောင့်ထိန်းကျင့်ကြံသွားကြရမှာ
ဖြစ်ပါတယ်။
ပညာရှိတို့၏
အဆုံးအမ သြဝါဒခံယူမှု
လူတိုင်းဟာ
အရာရာမှာ ပြီးပြည့်စုံမှုမရှိနိုင်သလို အမှားတွေလည်း မကင်းနိုင်ကြပါဘူး။ ဘဝခရီးကို
ဖြတ်သန်းနေစဉ်ကာလတစ်လျှောက်မှာ ပညာရှိတို့ရဲ့ဆိုဆုံးမမှုတွေ၊ လက်ဦးဆရာဖြစ်တဲ့ မိဘတွေနဲ့
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေရဲ့ အဆုံးအမသြဝါဒတွေကို လိုက်နာကြဖို့လိုပါတယ်။ ပညာရှိတွေ၊
မိဘ၊ ဆရာတွေဟာ သူတို့ ဖြတ်သန်းခဲ့တဲ့ဘဝထဲက အတွေ့အကြုံတွေနဲ့ရင်းနှီးပြီး မမှားသင့်တာ
မမှားအောင်၊ မလုပ်သင့်တာတွေ မလုပ်အောင်၊ မပြောသင့်တာ တွေမပြောအောင် ဆုံးမသွန်သင်ကြတာဖြစ်လို့
ခံယူကျင့်သုံးရပါမယ်။
ဒါ့အပြင်
စာပေတွေ ဖတ်ရှုလေ့လာတာ၊ တရားဒေသနာတွေ နာယူတာမျိုးတွေဆီကလည်း
မှတ်သားလိုက်နာနိုင်ပါတယ်။ ပညာရှိတွေ၊ မိဘ၊ ဆရာတွေရဲ့ သွန်သင်ဆုံးမမှုအောက်မှာ
လိုက်နာရှင်သန်ခဲ့ရတဲ့သူတွေဟာ သာမန်လူတွေထက် အသိဉာဏ်ပညာတွေသုံးပြီး မိမိဘဝမှာ
ကြီးပွားတိုးတက်မှု အသီးအပွင့်တွေကို ခံစားရပါတယ်။ ဒါကြောင့် ပညာရှိတွေ၊ မိဘ၊
ဆရာတွေရဲ့ ဆုံးမသြဝါဒတွေကို လိုက်နာကျင့်ကြံခြင်းဟာ တိုးတက်ကြီးပွားမှုတွေကို
ခံစားရနိုင်ပါတယ်။
အကြားအမြင်
ဗဟုသုတနှင့် ပြည့်စုံမှု
လူချင်းတူကြပေမယ့်
စရိုက်တွေကွဲပြားနေကြတာ ဓမ္မတာပါပဲ။ အကြားအမြင် ဗဟုသုတတွေနဲ့ ပြည့်စုံသူတွေဟာ
တခြားသူတွေထက် အရည်အချင်းအရည်အသွေးတွေ မြင့်မားကြပါတယ်။ အဓိက အကြောင်းရင်းကတော့
ပညာတတ်မြောက်ဖို့ လိုပါတယ်။ ပညာဆိုတာ ခွဲခြားသိမြင်နိုင်တဲ့ အသိဉာဏ်၊
အတတ်လို့ဆိုပါတယ်။ ပညာကြောင့် လူနေမှုဘဝတွေ တိုးတက်ပြောင်းလဲခဲ့ပါတယ်။ ဥစ္စာဟူသည်
မျက်လှည့်မျိုး၊ ပညာဟူသည် မြတ်ရွှေအိုး၊ ပညာရဲရင့်ပွဲလယ်တင့်၊ ပညာရှိအမျက်
အပြင်မထွက်၊ ပညာရှိသတိဖြစ်ခဲ၊ ပညာရွှေအိုးလူမခိုးဆိုတဲ့ မြန်မာစကားပုံတွေဟာ ရှေးပညာရှိကြီးတွေက
ပညာရဲ့အရေးပါပုံတွေကို ထုတ်ဖော်ဆုံးမခဲ့ကြတာ ဖြစ်ပါတယ်။
ပညာကို
အသိပညာနဲ့ အတတ်ပညာဆိုပြီး ထပ်မံခွဲခြားနိုင်ပါ တယ်။ အသိပညာတွေကို
မွေးကင်းစအရွယ်ကစပြီး လူလားမြောက်တဲ့အထိ လက်ဦးဆရာ မိဘတွေဆီက သင်ယူကြရပါတယ်။
ကျောင်းနေအရွယ်မှာ ဆရာတွေဆီက ဆက်လက်သင်ယူကြရပါတယ်။ အရွယ်ရောက်လို့
စားဝတ်နေရေးအတွက် အတတ်ပညာတွေကို ဆက်လက်သင်ယူကြရပြန်ပါတယ်။
လုပ်ငန်းခွင်တွေထဲရောက်ကြတဲ့ အခါမှာအကြီးအကဲတွေ၊ ဝါရင့်တဲ့သူတွေနဲ့
လုပ်ငန်းခွင်အတွေ့အကြုံတွေကို လက်တွေ့ဆက်လက်သင်ယူကြရပါတယ်။ ဒါ့အပြင် စာပေဖတ်ရှုလေ့လာတာ၊
နည်းပညာတွေသုံးပြီး သင်ယူလေ့လာတာ၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲ၊ စကားဝိုင်းတွေ
တက်ရောက်လေ့လာ သင်ယူတာတွေကို လုပ်ဆောင်နိုင်ပါတယ်။
ပညာတတ်မြောက်မှသာ
အကြားအမြင်ဗဟုသုတတွေပြည့်စုံပြီး အမှန်နဲ့အမှား၊ အကောင်းနဲ့အဆိုးတွေကို မှန်မှန်ကန်ကန်ဝေဖန်ဆုံးဖြတ်နိုင်ပါမယ်။
ဒါကြောင့် ပညာတတ်ဖို့၊ အကြားအမြင်ဗဟုသုတ ပြည့်စုံဖို့အတွက် ပညာရှိတွေရဲ့အဆုံးအမ
သြဝါဒတွေကို ခံယူကျင့်သုံးဖို့ လိုပါတယ်။
မပျင်းမရိကြိုးစားမှု
ဘဝတစ်ခုတည်ဆောက်ရာမှာ
တိုးတက်အောင်မြင်ခြင်းရဲ့ အခြေခံလိုအပ်ချက်ဟာ ကြိုးစားအားထုတ်မှု၊ ဝီရိယစိုက်ထုတ်မှု
ဖြစ်ပါတယ်။ ကြိုးစားအားထုတ်မှုရဲ့ ဆန့်ကျင်ဘက်က ပျင်းရိခြင်းဖြစ်ပါတယ်။
ပျင်းရိခြင်းခြောက်ပါးဟာ တိုးတက်ကြီးပွားခြင်းရဲ့အတားအဆီးတွေ ဖြစ်ပါတယ်။
ပျင်းရိခြင်းက
လွတ်ကင်းစေနိုင်တာကတော့ ဇွဲ၊ လုံ့လ၊ ဝီရိယတွေကို မွေးမြူနိုင်ခြင်းဖြစ်ပါတယ်။
အသုံးမလိုတော့တဲ့အခါ စွန့်ပစ်ရတဲ့ ပစ္စည်းကို အမှိုက်လို့ဆိုပါတယ်။
ပျင်းရိခြင်းကို စက်ဆုပ်ရွံရှာစရာ အမှိုက်လိုသဘောထားပြီး စွန့်ပစ်ကြရပါမယ်။ ပျင်းရိသူတွေဟာ
တိုးတက်ကြီးပွားမှု အသီးအပွင့်တွေကို မစားသုံးနိုင်ပါဘူး။ ရှိထားပြီးသား
စည်းစိမ်ဥစ္စာတွေကိုတောင် ဆုတ်ယုတ်ပျက်စီးစေတတ်ပါတယ်။
လောကီလောကုတ္တရာအကျိုး
ပျက်စီးကြောင်းအမှုခြောက်ပါးဖြစ်တဲ့ နိဒ္ဒဆိုတဲ့ နေ့ညမစဲအမြဲအိပ်ခြင်း၊ ဘန္တဆိုတဲ့
ထိုင်မိလဲမိတဲ့ နေရာကမထချင်၊ မကြွချင်ခြင်း၊ ဘယဆိုတဲ့ မကြောက်တန်ဘဲ
ကြောက်ရွံ့ခြင်း၊ ကောဓဆိုတဲ့ စိတ်မဆိုးတန်ဘဲ စိတ်ဆိုးခြင်း၊ အလဿဆိုတဲ့
လွန်စွာပျင်းရိခြင်း၊ ဒီဃသုတ္တဆိုတဲ့ အလုပ်ကိစ္စကို နေ့ရက်ဆွဲငင်၍
ဖင့်နွှဲခြင်းဆိုတဲ့အထဲမှာ ပျင်းရိခြင်းရဲ့အကြောင်းတွေ ပါဝင် နေတာ
မှတ်သားဖူးပါတယ်။ ပျင်းရိခြင်းဆိုတာ ထက်သန်တက်ကြွမှုမရှိတာကို ဆိုလိုပါတယ်။ ပညာရှိ
သူတော်ကောင်းတွေက မပျင်းမရိကြိုးစားမှုကို စိတ်၏ မပျင်းရိခြင်း၊ မတွန့်တိုခြင်း၊
မဆုတ်မနစ်ခြင်း၊ မွန်မြတ်ခြင်း၊ တက်ကြွခြင်းလို့ ဆိုခဲ့ကြပါတယ်။
ကြီးပွားတိုးတက်အောင်မြင်နေသူတွေဟာ အလုပ်တွေကို ပျင်းရိခြင်းကင်းပြီး နိုးကြားတက်ကြွစွာနဲ့
အားသွန်ခွန်စိုက် ကြိုးစားလုပ်ကိုင်သူတွေဖြစ်ပါတယ်။ ဒါကြောင့်
ကြီးပွားတိုးတက်ဖို့အတွက် ပျင်းရိမနေဘဲ ဇွဲ၊ လုံ့လ၊ ဝီရိယတွေ
စိုက်ထုတ်ကြိုးစားဖို့လိုပါတယ်။
အချုပ်အားဖြင့်
လူ့ဘဝရှင်သန်ရပ်တည်နေရချိန်မှာ လူတိုင်းဟာ ကောင်းကျိုးလိုရာအဝဝကို ပြည့်စုံအောင် လုပ်ကိုင်နေထိုင်ကြတာဖြစ်ပါတယ်။
အလုပ်လုပ်နေကြသူတွေချင်းအတူတူ ကြီးပွားတိုးတက်သူနဲ့ ဆင်းရဲသူတွေဆိုပြီး
ကွဲပြားခြားနားနေတာ မြင်တွေ့နေရပါတယ်။ ကြီးပွားတိုးတက်လိုသူတိုင်းဟာ သမ္ပဒါတရားလေးပါးနဲ့
ကြီးပွားတိုးတက်စေကြောင်းတရားငါးမျိုးကို လိုက်နာကျင့်သုံးခြင်းဖြင့်
ကြီးပွားတိုးတက်အောင်မြင်မှုတွေ ပိုင်ဆိုင်ခံစားနိုင်မှာဖြစ်ကြောင်း
တင်ပြလိုက်ရပါတယ်။ ။
ကိုးကား
-
- မြန်မာအဘိဓာန်၊
မြန်မာစာအဖွဲ့ဦးစီးဌာန
- ဗုဒ္ဒဘာသာကောင်းတစ်ယောက်၊
သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန
- မှတ်အပ်၊
မှတ်ရာ မှတ်စုပဒေသာ သုခမှတ်စု၊ ဆဋ္ဌမအကြိမ် (၂၀၁၈ ခုနှစ်)
- နေ့စဉ်ထုတ်
သတင်းစာများ
No comments:
Post a Comment