မြင့်မောင်(Phil-Q)
ယနေ့ခေတ် ဒစ်ဂျစ်တယ်အခင်းအကျင်းပြောင်းလဲဖြစ်ပေါ်မှုက မြန်ဆန်သည်။ MSMEs ခေါ် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ အောင်မြင်ရေးတွင် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုမှာ မလွဲမရှောင်သာ လိုအပ်လာပြီဖြစ်သည်။ ဒစ်ဂျစ်တယ်နည်းပညာပြောင်းလဲမှုသည် ခေတ်လူတို့၏ နေထိုင်ပုံ၊ အလုပ်လုပ်ပုံနှင့် လုပ်ငန်းဆောင်ရွက်ပုံတို့တွင် ကစားကွက်များ ပြောင်းလဲလာစေသည်။ ဒစ်ဂျစ်တယ်နည်းပညာက MSMEs များ လုပ်ငန်းတိုးတက်ရေး၊တိုးချဲ့ရေးအတွက် ကြီးမားသော အခွင့်အလမ်းများပေးနေသည်။ သို့သော် စစ်မှန်သည့် ကျွမ်းကျင်မှု၊ အသိပညာတို့ဖြင့် ကျော်လွှားရမည့် စိန်ခေါ်မှုများလည်းရှိနေသည်။
MSMEs များအပေါ်သက်ရောက်မှု
စတုတ္ထမြောက်စက်မှုတော်လှန်ရေး
ပေါ်ထွန်းလာမှုက စီးပွားရေးကဏ္ဍကြီးတစ်ရပ်လုံး လျင်မြန်လှသည့် ဒစ်ဂျစ်တယ်အသုံးချမှု
ဖြစ်စဉ်ကြီးကို ဆောင်ကြဉ်းလာ၏။ အဆိုပါဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုသည် MSMEs များအတွက်
ဝင်ပေါက်သစ်များ ပွင့်လာစေသည်။ ယခင်က စိတ်ပင်မကူးရဲသည့် ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်ခွင့်များ
လက်တစ်ကမ်းသို့ ရောက်လာ၏။ စီးပွားရေး ကစားကွင်း၌ လုပ်ငန်းကြီးများနှင့် တစ်ပြေးညီ
ကစားနိုင်စွမ်းရှိလာစေသည်။
သို့သော်
MSMEs လုပ်ငန်းများအနေဖြင့်
ဒစ်ဂျစ်တယ်နည်းပညာ လက်တွေ့အသုံးချနိုင်စွမ်းမရှိလျှင် လုပ်ငန်းတိုးတက်ကြီးပွားရေးအတွက်
အခွင့်အလမ်းအလားအလာများ လက်လွှတ်ရကာ လုံးပါးပါးသွားမည့် အခြေအနေမျိုးသို့
ဆိုက်ရောက်လိမ့်မည်ဟု လေ့လာသူများကဆိုကြ၏။
MSMEs အောင်မြင်မှုအတွက် ဒစ်ဂျစ်တယ်နည်းပညာ
ယနေ့
ဒစ်ဂျစ်တယ်စီးပွားရေးခေတ်ကြီးတွင် MSMEs လုပ်ငန်းများ ရှင်သန်နိုင်စွမ်းရှိရေးအတွက်
ဆိုလျှင် ဒစ်ဂျစ်တယ်နည်းပညာပိုင်း ကျွမ်းကျင်လာစေရေးလိုအပ်ချက်နှင့်ပတ်သက်၍
မိမိတို့ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရေးက
သေရေးရှင်ရေးတမျှ အရေးကြီးသည်။
MSMEs လုပ်ငန်းများ ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှုရှိလာရေးနှင့် ပတ်သက်သည့်
အစီရင်ခံစာတစ်ရပ်၌ MSMEs လုပ်ငန်းများ ဒစ်ဂျစ်တယ်နည်းပညာကို ထဲထဲဝင်ဝင်
အသုံးပြုလိုစိတ်များ ရှိလာရေးအတွက် လက်တွေ့ကျသော အဆိုပြုချက်များ၊ အားထုတ်လိုစိတ်များ
ဖြစ်ပေါ်စေမည့် အဆိုပြုချက်များ လိုအပ်သည်ဟု မီးမောင်းထိုးပြထားသည်။
ထိုလိုအပ်ချက်နှင့်
အံဝင်ခွင်ကျရေးဆွဲထားသည့် သင်တန်းများပေးခြင်း၊ လက်တွေ့ကျသည့် စီမံချက်များဖြင့်
ကနဦးပံ့ပိုးပေးခြင်းတို့ဖြင့် အတားအဆီးများ ကျော်လွှားကာ ဒစ်ဂျစ်တယ်နည်းပညာ
နယ်ပယ်အတွင်းသို့ အင်ပြည့်အားပြည့် ဝင်ရောက်နိုင်မည်ဖြစ်၏။
ကျွမ်းကျင်မှုကွာဟချက်နှင့်
အကောင်းဆုံးအလေ့အကျင့်
သုတေသနတစ်ခု
ကျယ်ကျယ်ပြန့်ပြန့်လုပ်ခြင်း၊ လုပ်ငန်းလုပ်ကိုင်နေသူများနှင့် တိုင်ပင်ဆွေးနွေးခြင်းတို့မှ
ရရှိလာသည့် အဖိုးတန်အသိအမြင်တို့ဖြင့် ဒစ်ဂျစ်တယ်စီးပွားရေး၌ MSMEs များ
ယှဉ်ပြိုင်နိုင်ရေးနှင့် ကြီးပွားတိုးတက်ရေးအတွက် လိုအပ်သော ကျွမ်းကျင်မှုများကို ဖော်ထုတ်ရရှိခဲ့၏။
AI၊ ကလောက်ဒ်၊ ဆိုက်ဘာလုံခြုံရေးနှင့် ဒေတာသိပ္ပံကဲ့သို့သော
နည်းပညာပိုင်းတတ်ကျွမ်းနားလည်မှုသည် တစ်ဟုန်ထိုးတိုးတက်လာနေသည့် အလုပ်ကမ္ဘာကြီးတွင်
လုပ်ငန်းများ စနစ်တကျလည်ပတ်ရေးအတွက် အရေးပါအရာရောက်သည်။
သို့သော်
လက်ရှိကျွမ်းကျင်မှုများနှင့် နည်းပညာဆိုင်ရာ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုတို့အကြား
ကွာဟချက်ကြီးမားနေသည်ဆို၏။ ယနေ့လုပ်ငန်းခွင်များ၌ ဒစ်ဂျစ်တယ်ပိုင်းကျွမ်းကျင်မှု
ပို၍လိုအပ်လာသလို ဒစ်ဂျစ်တယ်မဟုတ်သော ကျွမ်းကျင်မှုများလည်း လိုအပ်ချက်ကြီးမားသည်။
ဒစ်ဂျစ်တယ်မဟုတ်သော ကျွမ်းကျင်မှုများဟူသည် ခေါင်းဆောင်မှု၊ တီထွင်ဖန်တီးမှု၊ စိတ်ခံစားချက်ထိန်းချုပ်မှု၊
ပြဿနာဖြေရှင်းမှု၊ ခွဲခြမ်းစိတ်ဖြာစဉ်းစားမှု၊ လိုက်လျောညီထွေကျင့်သုံးနိုင်မှု၊
ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်သွယ်ရေးတို့ဖြစ်ပြီး ယင်းတို့ကို Non-digital skills သို့မဟုတ်
Transversal skills ဟု သုံးနှုန်း၏။
ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု
မဖြစ်မနေလိုအပ်သည်ဆိုပြီး ထိုအပိုင်းကချည်း ဖိမလုပ်ဘဲ ဒစ်ဂျစ်တယ်မဟုတ်သော
ကျွမ်းကျင်မှုအတွက်လည်း အာရုံစိုက်ပေးရန်လိုမည်။ တစ်ဖက်တွင်လည်း ဒစ်ဂျစ်တယ်ကျွမ်းကျင်လုပ်သားအင်အားစုများ
ပျိုးထောင်မွေးထုတ်ပေးရန်လိုသလို ထိုကျွမ်းကျင်မှုနှစ်မျိုးကြား
ကွာဟချက်ကိုပေါင်းကူးပေးရန် သင်တန်းများနှင့် အရည်အသွေးမြှင့်တင်ရေးတို့ကို
စဉ်ဆက်မပြတ်လုပ်ဆောင်ရန်လိုမည်ဖြစ်၏။
အကျိုးကျေးဇူးများ
ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို
မောင်းနှင်ပေးမည့် ရင်းမြစ်စွမ်းအားစုများအတွက် အခက်အခဲအချို့ ရှိနိုင်သော်လည်း ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်ပိုင်နိုင်ခြင်းဖြင့်
ရရှိလာမည့် အကျိုးကျေးဇူးကမူ ထိုနည်းပညာအတွက် ကောင်းကောင်းကြီး
ရင်းနှီးမြှုပ်နှံထိုက်သည်။ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုသည် MSMEs လုပ်ငန်းများကို
အခြေခံကျကျပြုပြင်ပြောင်းလဲနိုင်မည်။ ဒစ်ဂျစ်တယ်နည်းပညာမြင့်မားသည့် MSMEs သည် ပွင့်လင်းမြင်သာမှု၊ စီမံခန့်ခွဲရေးဆိုင်ရာ အဆုံးအဖြတ်များအပေါ်
သဘောတူလက်ခံသည့်နှုန်းထား မြင့်မားသည်ဆို၏။
ထို့အပြင်
ဒစ်ဂျစ်တယ်နည်းပညာမြင့်မားသည့် လုပ်ငန်းများမှ အလုပ်သမားများသည် ယင်းတို့၏
အနာဂတ်အလုပ်အကိုင်အတွက် ပို၍အကောင်းမြင်ကြောင်းလည်း လေ့လာတွေ့ရှိရ၏။ ယင်းမှာ
အသက်မွေးဝမ်းကျောင်းဘဝတိုးတက်ရေးအပေါ် ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှု၏ အပြုသဘောသက်ရောက်မှုကို
ထင်ဟပ်နေခြင်းဖြစ်၏။ ဒစ်ဂျစ်တယ်ပိုင်းကျွမ်းကျင်မှုသည် အလုပ်သမားများ၏
တစ်ဦးချင်းလုပ်နိုင်စွမ်း မြင့်တက်လာစေသကဲ့သို့ MSMEs လုပ်ငန်းများ၏
အလုံးစုံယှဉ်ပြိုင်နိုင် စွမ်းအတွက်လည်း များစွာအထောက်အကူဖြစ်စေသည်။
ဒစ်ဂျစ်တယ်နည်းပညာပိုင်းကို
အရှိန်မြှင့်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းများသည် မိမိတို့၏ လုပ်ငန်းလည်ပတ်မှုကို
သွက်လက်မြန်ဆန်စေသည်။ ရင်းမြစ်စွမ်းအားစုကို အကျိုးအရှိဆုံးအသုံးချကာ
အမြင့်ဆုံးထုတ်လုပ်မှုစွမ်းအား ရရှိစေနိုင်သည်။ ဖောက်သည်များအပေါ်
ပို၍အာရုံစိုက်လာနိုင်သည်။ သာဓကအားဖြင့် ဈေးကွက်ရှာဖွေရေးတွင် ဒစ်ဂျစ်တယ်
နည်းပညာအသုံးပြုခြင်းဖြင့် မိမိ၏ရည်မှန်း ဖောက်သည်များနှင့်
ပို၍ထိတွေ့နိုင်စွမ်းရှိစေသည်။ အချက်အလက်သရုပ်ခွဲကျွမ်းကျင်မှုသည် ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့်
ရေရှည်နှင့် ဆက်စပ်လွှမ်းခြုံသည့် လုပ်ငန်းအောင်မြင်ရေး ရည်မှန်းချက်များ
ချမှတ်ရာတွင် အဖိုးမဖြတ်နိုင်သော ထိုးထွင်းသိမြင်မှုများ ရရှိစေ၏။
အတားအဆီးများ
ကျော်လွှားခြင်းနှင့် လက်ကမ်းကြိုဆိုခြင်း
ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို
အပြည့်အဝလက်ခံအသုံးပြုရန်အတွက် MSMEs တို့သည် ဒစ်ဂျစ်တယ်နည်းပညာ ရယူအသုံးချရေး အဟန့်အတားများကို
ကျော်လွှားရန်လိုအပ်သည်။ ဒစ်ဂျစ်တယ်ပညာ အမှန်တကယ်တတ်ကျွမ်းသည့်
အလုပ်သမားများမရှိခြင်းက များစွာသောလုပ်ငန်းများအတွက် ကြီးမားသော အတားအဆီးတစ်ခုဖြစ်၏။
ဥရောပနိုင်ငံများ၌ပင် အခြေခံဒစ်ဂျစ်တယ် နည်းပညာပိုင်းကျွမ်းကျင်မှုတွင် အားနည်းမှုရှိနေသည်ဟု
၎င်းတို့၏ လေ့လာသူများကဆိုသည်။ ထိုအချက်က အလုပ်အင်အားစုများအတွင်း
ထိုနည်းပညာပိုင်းကျွမ်းကျင်မှုမြှင့်တင်ရန် အလောတကြီးလိုအပ်နေကြောင်း
မီးမောင်းထိုးပြနေခြင်းဖြစ်သည်ဟုလည်း ဆို၏။
ဒစ်ဂျစ်တယ်အတွက်
ရက်ရွေးမနေသင့်
MSMEs လုပ်ငန်းများ
ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျွမ်းကျင်ကျင် အသုံးပြုရေးကို မြန်နိုင်သမျှ
မြန်မြန်စတင်သင့်သည်။ ယနေ့ဒစ်ဂျစ်တယ်ကမ္ဘာကြီးတွင် မိမိလုပ်ငန်းရှင်သန်အောင်မြင်ရေးအတွက်
မဖြစ်မနေလိုအပ်သည်မှာ ခေတ်မီနည်းပညာဖြစ်၏။ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို
ယုံကြည်မှုရှိရှိဖြင့် လုပ်ရမည်။ အမှန်တကယ် လိုအပ်သော၊ အရေးပါအရာရောက်သော အဆိုပါအရည်အသွေးဖြင့်
စွမ်းရည်မြှင့်တင်ရမည်။ သို့မှသာ MSMEs များသည်
အခွင့်အလမ်းသစ်များ ရယူခြင်းဆိုသည့် ရွှေတံခါးကိုဖွင့်နိုင်မည်။ ယှဉ်ပြိုင်မှုများ
အောင်မြင်နိုင်မည်။ မိမိလုပ်ငန်းကို ရှေ့သို့လှမ်းချီနိုင်မည်။ ဒစ်ဂျစ်တယ်နည်းပညာအသုံးချမှု၏
အကျိုးကျေးဇူးကို တစ်ဦးချင်းစီ၏ စွမ်းပကား၊ အဖွဲ့အစည်းလိုက် အလေ့အထ၊ အလုပ်သမားကျေနပ်မှုနှင့်
အလုံးစုံလုပ်ငန်းစွမ်းဆောင်ရည်တို့အထိ ဆက်လက်ချဲ့ထွင်ရမည်။
ဒစ်ဂျစ်တယ်နည်းပညာပိုင်း
ကျွမ်းကျင်မှုတည်ဆောက်ရာ၌ အတားအဆီးများကို ကျော်လွှားရန် MSMEs များသည်
သင့်တော်သော လေ့ကျင့်သင်ကြားရေးအစီအစဉ်များ ရေးဆွဲသင်ကြားရန် လိုအပ်သည်။
နည်းပညာအခြေခံသင်တန်းများနှင့် ကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်းများအတွက်
ငွေသုံးသင့်သည်။ သို့မှသာ လုပ်ငန်းထိရောက်မှုနှင့် ထုတ်လုပ်မှုစွမ်းအား
မြင့်တက်မည်။ ရှေ့မှဦးဆောင်ယှဉ်ပြိုင်နိုင်မည်။ ဒစ်ဂျစ်တယ်စီးပွားရေးတွင်
ရေရှည်အောင်မြင်စွာ ရပ်တည်နိုင်မည်ဖြစ်သည်။
အနှစ်ချုပ်ဆိုရလျှင်
ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှုသည် ရွေးစရာတစ်ခုမဟုတ်ပါ။ ဒစ်ဂျစ်တယ်ခေတ်တွင် MSMEs တို့ ရှင်သန်ကြီးထွားရေးအတွက်
လုပ်ကိုလုပ်ရမည့် နည်းပညာဖြစ်၏။ ဒစ်ဂျစ်တယ်နည်းပညာ အသုံးချရေးကို
မြန်နိုင်သမျှမြန်မြန် စတင်လိုက်ခြင်းက အကောင်းဆုံးဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။
။
No comments:
Post a Comment