နေပြည်တော်
နိုဝင်ဘာ ၅
ဆဋ္ဌမအကြိမ် ပုဂံဒေသအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (BAGAN COM) အစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် ပုဂံဒေသ အမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (BAGAN COM) အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အချိန်မီပြီးစီးအောင်ဆောင်ရွက်
အစည်းအဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ၏ State of Conservation Report ကို ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ အချိန်မီတင်ပြနိုင်ရေးအတွက် Bagan Com အဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ဝန်ထမ်းများအနေဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။ ပုဂံရှေးဟောင်း အမွေအနှစ်ဒေသတွင် ရှေးဟောင်းအဆောက်အအုံပေါင်း ၃၈၃၇ ခု ရှိပါကြောင်း၊ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသနှင့် ပတ်သက်သည့် State of Conservation Report ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမတိုင်မီ ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ တင်ပြနိုင်ရေးနှင့်တိုးပွားလာသည့် လူဦးရေအတွက် မပြီးပြတ်သေးသည့် Conceptual Regional Plan ကိုလည်း ပြီးပြတ်အောင် ဆက်လက်ရေးဆွဲရန် ယခုအစည်းအဝေး တက်ရောက်လာသူများက ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ဆွေးနွေးပြောကြား
ယင်းနောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များကို ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ ဆောင်ရွက်နေမှု၊ ရွှေစည်းခုံစေတီတော် Master Plan ရေးဆွဲနိုင်ရေးဆောင်ရွက်နေမှု၊ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ၏ State of Conservation Report ကို ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ အချိန်မီတင်ပြနိုင်ရေး ဆောင်ရွက်နေမှု၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး ဒေသခံပြည်သူများအတွက် စီးပွားရေးအခွင့်အလမ်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမှုနှင့် တန်ဖိုးမဖြတ်နိုင်သည့် ပုဂံယဉ်ကျေးမှုအမွေအနှစ် ပြယုဂ်များကို ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် လိုအပ်မှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားကြသည်။
ပေါင်းစပ်ညှိနှိုင်း
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပဉ္စမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက် ၁၉ ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ အစည်းအဝေးအမှာစာများ၊ ဆက်စပ်ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တင်ပြခဲ့ကြပြီး တက်ရောက်လာကြသူများက သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်နေမှုများကို ဝိုင်းဝန်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment