မြစ်ကြီးနား နိုဝင်ဘာ ၂၂
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံပိုင်အခန်းရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစာရင်း ရေးဆွဲတင်ပြနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်
ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၅-၂၀၂၆
ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များ
ရေးဆွဲတင်ပြရာတွင် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် အကောင်အထည်ဖော်ရမည့်
လုပ်ငန်းစီမံကိန်းများကို အဆိုပြုတင်ပြစဉ်ကတည်းက အချက်အလက်၊ အထောက်အထားများ၊ စီမံကိန်းဆိုင်ရာအချက်အလက်များ
ပြည့်စုံရေး၊ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း၊ အထွေထွေပိုလျှံရန်ပုံငွေသို့
အပ်နှံ၍ ပြန်လည်ထုတ်ယူသုံးစွဲခြင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးများ
ပြောင်းလဲခြင်းစသည့်ကိစ္စရပ်များ ဖြစ်ပွားမှုလျှော့နည်းစေရေးနှင့် ကြိုတင်စိစစ်ရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊
ထို့အပြင် ပြည်နယ်၏ စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို
ဦးစားပေးအစီအစဉ်ဖြင့် လျာထားရေးဆွဲတင်ပြကြရေး၊ မဖြစ်မနေဆောင်ရွက်ရမည့်
လုပ်ငန်းများ၊ ပြည်သူကို ထိရောက်စွာ အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများ၊
မြေပြင်အမှန်တကယ်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကိုသာ ညွှန်ကြားချက်များနှင့်အညီ အဆိုပြုရေးဆွဲတင်ပြကြရန်နှင့်
စိစစ်ဆောင်ရွက်သွားကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက်
ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သည့် ဌာန/
အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းစီမံကိန်းများ အဆိုပြုရေးဆွဲရာတွင် မူဝါဒ၊
လမ်းညွှန်ချက်များနှင့်အညီ၊ သတ်မှတ်ချိန်အတွင်း ရေးဆွဲပေးပို့နိုင်ရေးတင်ပြဆွေးနွေးပြီး
ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်အမ်ဂျာရော်က
နိုင်ငံပိုင်အခန်းရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစာရင်း
ရေးဆွဲတင်ပြရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်များအပေါ်
လိုက်နာဆောင်ရွက်နိုင်ရေးနှင့် ကြိုတင်စိစစ်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကို
ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက
သိလိုသည်များနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြမှုများအပေါ်
ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းစီမံကိန်းကိုရေးဆွဲတင်ပြရာတွင် မူဝါဒ၊ ညွှန်ကြားချက်နှင့်အညီ
ဖြစ်စေရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင်
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာ ၂၀ ရက် ညနေ ၃ နာရီခွဲက
မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်အတွင်းရှိ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ကချင်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ
(Clean and Green Schools)အဖြစ်
အကောင်အထည်ဖော်ဆောင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က အခြေခံပညာကျောင်းများအား
ပံ့ပိုးငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင်
ပြည်နယ်ဝန်ကြီးချုပ်က သန့်ရှင်းပြီး စိမ်းလန်းစိုပြည်သော ကျောင်းများ
ကျယ်ကျယ်ပြန့်ပြန့်ပေါ်ထွန်းလာစေရေး ကချင်ပြည်နယ်အနေဖြင့်လည်း ပညာသင်နှစ်အလိုက်
နှစ်စဉ်အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ထိုသို့ Clean and Green Schools အစီအစဉ်ကို ထိရောက်အောင်မြင်အောင်
ဆောင်ရွက်နိုင်သည်နှင့်အမျှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ညီညွတ်သည့် ကျောင်းများမှတစ်ဆင့်
ပြည်သူလူထုအတွင်း ပတ်တန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အလေ့အကျင့်ကောင်းများရရှိပြီး
ရပ်/ရွာအခြေပြု ရေရှည်တည်တံ့ဖွဲ့ဖြိုးသည့် သန့်ရှင်းသာယာလှပသော ပြည်နယ်တစ်ခုဖြစ်လာမည်ဖြစ်ပါကြောင်း
ပြောကြားသည်။
ထို့နောက်
ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်ဆန်းနိုင်က ပြည်နယ်အတွင်း
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ အစီအစဉ်အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများအား
ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက်
မြစ်ကြီးနားခရိုင်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အမှတ်(၁)
အခြေခံပညာမူလတန်းကျောင်းအတွက် ပံ့ပိုးငွေကျပ် (၁၀) သိန်း၊ အမှတ် (၇)
အခြခံပညာအလယ်တန်းကျောင်းအတွက် ပံ့ပိုးငွေကျပ် (၁၅) သိန်းနှင့် အမှတ် (၆)
အခြေခံပညာအထက်တန်းကျောင်းအတွက် ပံ့ပိုးငွေကျပ် (၂၅) သိန်းကို ကျောင်းအုပ်များထံ
လွှဲပြောင်းပေးအပ်သည်။
ယင်းနောက်
ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက
အဆိုပါကျောင်း၌ သန့်ရှင်း၍ စိမ်းလမ်းစိုပြည်ရေးခေါင်းစဉ်ဖြင့်
လှုပ်ရှားဆောင်ရွက်မှုများတွင် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံး၊
ပန်းချီနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ဆုရရှိသူများအား
ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို
အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ ကဗျာရွတ်ပြိုင်ပွဲတွင် ပထမဆုရ ကျောင်းသူလေးက
ဆုရကဗျာအား ရွတ်ဆိုခဲ့သည်။
ထို့နောက်
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းခန်းမအပြင်ဘက်၌ ခင်းကျင်းပြသထားသည့်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးပြခန်းနှင့် ကျောင်းသား/ ကျောင်းသူများ၏
တီထွင်ဆန်းသစ်ထားသည့် လက်မှုပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း
သိရသည်။
ပြည်နယ် (ပြန်/ဆက်)
No comments:
Post a Comment