သစ်ပင်ပန်းမန်များ စိမ်းလန်းစိုပြည်သည့် ဥယျာဉ်များ၊ လမ်းများ တည်ဆောက်ဖောက်လုပ်ထားခြင်းက မြို့များကို သာယာလှပစေသလို သဘာဝပတ်ဝန်းကျင်ကိုလည်း ပိုမိုကောင်းမွန်စေသည်။ ထို့အပြင် ထိုမြို့နေပြည်သူများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတို့ကိုလည်း အထောက်အကူဖြစ်စေသည်ဟု ပညာရှင်များက ဆိုမိန့်သည်။
လူဦးရေထူထပ်သိပ်သည်းခြင်း၊ မော်တော်ယာဉ်များသွားလာမှု များပြားခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊
စက်ရုံ၊ အလုပ်ရုံများတည်ရှိခြင်း စသည့်အကြောင်းများကြောင့် မြို့ကြီးများတွင် လေထုညစ်ညမ်းမှုနှင့်
အပူချိန်မြင့်မားမှုတို့ဖြစ်ပေါ်နေလေ့ရှိရာ ယင်းအခြေအနေက မြို့နေလူထု၏ ကျန်းမာရေးနှင့်
သဘာဝပတ်ဝန်းကျင်တို့အပေါ် သက်ရောက်မှုဖြစ်ပေါ်စေနိုင်သည်။ ညစ်ညမ်းသည့် လေထုထဲတွင် PM
2.5၊ PM 10 စသည့် အမှုန်များ၊ မြေပြင်အနီးရှိ အိုဇုန်းဓာတ်ငွေ့၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်၊
ဆာလ်ဖာဒိုင်အောက်ဆိုဒ် စသည်တို့ပါဝင်သည်။ လေထုအရည် အသွေးအညွှန်းကိန်း (Air Quality
Index- AQI) ကို အဆိုပါလေထုညစ်ညမ်းစေသည့် အရာငါးခုပါဝင်မှုအဆင့်ဖြင့် တိုင်းတာခြင်းဖြစ်သည်။
PM 2.5 ဆိုသည်မှာ အချင်း ၂ ဒသမ ၅ မိုက်ခရွန်မီတာအောက်ရှိ အမှုန်များဖြစ်ပြီး PM 10
မှာ အချင်း ၁၀ မိုက်ခရွန်မီတာ အရွယ် အမှုန်များဖြစ်ရာ လူ့ဆံပင်၏အချင်း ၅၀ မိုက်ခရွန်မီတာမှ
၇၀ မိုက်ခရွန်မီတာနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ လေထုထဲရှိ အမှုန်များ ပို၍သေးငယ်လေ
လူ့ခန္ဓာကိုယ်အတွင်းပိုင်းသို့ ပို၍ဝင်ရောက်လေ၊ ပို၍အန္တရာယ်များလေဖြစ်သည်ဟုလည်း သိရသည်။
ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းမှုကြောင့် ၂၀၄၀ ပြည့်လွန်နှစ်များတွင် နှစ်စဉ်လူလေးသန်းခွဲခန့်
သေဆုံးနိုင်သည်ဟု ဆိုသည်။
မြို့ပြဒေသများတွင် အဆောက်အအုံများ ကျပ်တည်းစွာ ဆောက်လုပ်ထားခြင်း၊ လမ်းများကျဉ်းမြောင်းခြင်း၊
အိမ်တွင်း လျှပ်စစ်ပစ္စည်းများ၊ ယာဉ်ယန္တရားများ စသည်တို့ကြောင့် မြို့ပြ၏ လေထုအပူချိန်မှာ
မြင့်တက်လာသည်။ မြို့တွင်းလမ်းဘေးဝဲယာနှင့် လမ်းလယ်ကျွန်းများတစ်လျှောက် အရိပ်ရပင်များ၊
သစ်ပင်ပန်းမန်များ စိမ်းလန်းစွာ စိုက်ပျိုးထားခြင်း၊ ဥယျာဉ်များ ထူထောင်စိုက်ပျိုးထားခြင်းအားဖြင့်
အပူဓာတ်ကို ထိန်းထားနိုင်သည်။ သစ်ပင်များပြားလေလေ လေထုကို ပို၍အေးမြအောင် အကျိုးပြုလေလေဖြစ်သည်။
အပူချိန်မြင့်မားသည့်အချိန်တွင် သစ်ပင်အရိပ်ရသည့်နေရာက အပူချိန်ကို ၁၁ မှ ၂၅ ဒီဂရီစင်တီဂရိတ်အထိ
လျော့ကျနေစေသည်။ ထို့အပြင် သစ်ပင်က ရေငွေ့ပြန်ထုတ်မှု (Evapotran-spiration) ကြောင့်လည်း
အပူကိုသက်သာစေသည်။ သို့ဖြစ်ရာ မြို့ပြဒေသများ စိမ်းလန်းစိုပြည်အောင် သစ်ပင်များစိုက်ပျိုးခြင်းဖြင့်
ပတ်ဝန်းကျင်အပူဓာတ်ကို ကျဆင်းစေသကဲ့သို့ လေထုအရည် အသွေးကိုလည်း ကောင်းမွန်စေသည်။ စိမ်းလန်းစိုပြည်သာယာလှပသည့်
မြို့ပြဒေသများတွင် နေထိုင်ရသူများမှာ စိတ်ပိုင်း၊ ရုပ်ပိုင်းအရ ဘဝအရည်အသွေး
(Quality of life) ကောင်းမွန်ကြ သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က
နိုဝင်ဘာ ၁၉ ရက်တွင် ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး၌ အမှာစကားပြောကြားရာတွင်
“မြို့ပြဧရိယာများ၌ သုံးမိုင်ပတ်လည် အကွာအဝေးအတွင်း၌ (Green Zone) များ ဖော်ဆောင်ပေးထားရန်
လိုကြောင်း၊ အိမ်ခြံဝင်းများ၊ လမ်းဘေးဝဲယာများ၌ သစ်ပင်များ စိုက်ပျိုးစေရေး ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
မိမိတို့အစိုးရ တာဝန်ထမ်းဆောင်ချိန်အတွင်း Green Zone များကို ဖော်ဆောင်ပေးသွားရမည်ဖြစ်ကြောင်း၊
မကြာမီကာလအတွင်း ပွင့်လင်းရာသီသို့ ရောက်ရှိတော့မည်ဖြစ်သဖြင့် စိုက်ပျိုးထားသည့် သစ်ပင်များ
ဆက်လက်ရှင်သန် ဖြစ်ထွန်းစေရေး ဆောင်ရွက်ကြရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအတွင်း သစ်တောဧရိယာ ဒုတိယအများဆုံး ပိုင်ဆိုင်သည့်
နိုင်ငံဖြစ်ပြီး သစ်တောဖုံးလွှမ်းမှုမှာ အက်ဖ်အေအို၏ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာအရ နိုင်ငံဧရိယာ၏
၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိသည်။ ယခုနှစ်မိုးရာသီတွင် နိုင်ငံတစ်ဝန်း သစ်ပင်ပေါင်း ၂၂
သန်းကျော် စိုက်ပျိုးခဲ့ရာ စိုက်ပျိုးသမျှ ရှင်သန်ပါက စိမ်းလန်းစိုပြည်သာယာလှပလာမည်ဖြစ်သည်။
မြို့ပြများ စိမ်းလန်း စိုပြည်သာယာလှပရေးသည် သက်ဆိုင်ရာဌာနများသာမက မြို့နေပြည်သူအားလုံး
တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြရမည့် တာဝန်ပင်ဖြစ်သည့်အကြောင်း။ ။

No comments:
Post a Comment