တွေ့ဆုံမေးမြန်း
ညိုမောင်
ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီနှင့် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့တို့က ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ထိုစာပေဆုရှင်တို့၏ ရင်တွင်းစကားသံအချို့ကို စုစည်းဖော်ပြလိုက်ရပါသည်-
ပုလောစိုးနံ့သာ
အမျိုးသားစာပေဆု (ကလေးစာပေ)
ကျွန်တော်ကတော့
ပုလောစိုးနံ့သာဖြစ်ပါတယ်။ “စက္ကူလေယာဉ်ပျံ ကလေးကဗျာများ” စာအုပ်နဲ့ ၂၀၂၃ ခုနှစ်
အမျိုးသား စာပေဆု (ကလေးစာပေ) ရရှိခဲ့တာဖြစ်ပါတယ်။
တကယ်တော့
စက္ကူလေယာဉ်ပျံကလေးကဗျာများ စာအုပ်က ၂၀၂၁ ခုနှစ်တုန်းက စာပေဗိမာန်စာမူဆု (ကလေးစာပေ)
ပထမဆုရခဲ့တဲ့ စာမူလေးပါ။ အခု ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေဆု ထပ်မံရတဲ့အတွက်
ကျွန်တော့်အနေနဲ့ အလွန်ပဲဝမ်းသာရပါတယ်။
ကျွန်တော့်မှာ
သားသမီးသုံးယောက်ရှိပါတယ်။ သူတို့အတွက် ကလေးကဗျာလေးတွေ ရေးရင်းနဲ့ ကလေးကဗျာစပ်ရတာ
ပျော်လာတာပါပဲ။ ကျွန်တော်တို့ ငယ်ငယ်တုန်းကလည်း ဆရာကြီးမင်းသုဝဏ်၊ ဒေါက်တာမောင်ဖြူး၊
ဆရာကြီးတင်မိုးတို့ရဲ့ ကလေးကဗျာလေးတွေနဲ့ ကြီးပြင်းခဲ့ရပါတယ်။ ကျွန်တော်တို့ လူကြီးဖြစ်
လာတော့လည်း မျိုးဆက်သစ်ကလေးတွေကို ဦးနှောက်နဲ့ နှလုံးသားဖွံ့ဖြိုးသန်မာစေဖို့၊ ကိုယ်၊
နှုတ်၊ နှလုံးသုံးပါးစလုံး ယဉ်ကျေးသိမ်မွေ့ စေဖို့အတွက် ကဗျာလေးတွေကနေတစ်ဆင့် ခပ်ပါးပါးလေး
အသိပေးချင်တဲ့ စိတ်နဲ့ ကလေးကဗျာလေးတွေ ရေးဖြစ်ခဲ့ပါတယ်။ အခု ဆုရတဲ့စာအုပ်လေးထဲမှာ ကလေးတို့
အကြိုက်ကလေးကဗျာ အပုဒ် ၇၀ ကို ရောင်စုံသရုပ်ဖော်ပုံလေးတွေနဲ့ ဖော်ပြပေးထားပါတယ်။
ကလေးကဗျာမှာ အရေးအကြီးဆုံးဖြစ်တဲ့ စကားလုံး၊ အသံ၊ ကာရန်တို့ကို ကလေးနား၊ ကလေးအသိနဲ့
အံဝင်မှုရှိအောင် အတတ်နိုင်ဆုံးကြိုးစားရေးစပ်ထားပါတယ်။ ကလေးတွေအတွက် ရည်ရွယ်ရေးစပ်ထားတဲ့
စာအုပ်လေးမို့ အခုလိုမျိုး အမျိုးသားစာပေဆု ချီးမြှင့်ရွေးချယ်ပေးခဲ့ကြတဲ့
တာဝန်ရှိသူတွေကိုရော ကမ္ဘာပေါ် ရှိ ကလေးတွေအားလုံးကိုရော ကျေးဇူးတင်ပါတယ်။
ညိမ်းညိုစာပေဗိမာန်စာမူဆု(ဝတ္ထုရှည်) ပထမနှင့် (ကလေးစာပေ) တတိယ
ကျွန်တော်ကတော့
ညိမ်းညိုဖြစ်ပါတယ်။ “စာမျက်နှာတချို့” စာမူနဲ့ ၂၀၂၃ ခုနှစ် စာပေဗိမာန်စာမူဆု (ဝတ္ထုရှည်)
ပထမဆု၊ “ရင်သွေးရတနာကလေးကဗျာများ” စာမူနဲ့ ၂၀၂၃ ခုနစ် စာပေဗိမာန် (ကလေးစာပေ) တတိယဆုကို
ရရှိခဲ့တာဖြစ်ပါတယ်။
စာပေဆိုတာ
ဘဝရဲ့ပုံရိပ်တွေပါပဲ။ ခေတ်ရဲ့ စာမျက်နှာတွေပါပဲ။ “စာမျက်နှာတချို့” မှာ
မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်အနီး စခန်းကုန်းလေး တစ်ခုပေါ်က ဇာတ်ကောင်နှစ်ဦးရဲ့
စရိုက်သဘာဝအဖွဲ့ကနေ လူ့သဘာဝအဖွဲ့၊ လောကအဖွဲ့အထိ ဆိုက်ရောက်ဆင်ခြင်နိုင်အောင်
ကျွန်တော်တတ်နိုင်သမျှ ကြိုးစားအားထုတ်ထားပါတယ်။ စာဖတ်သူတွေအနေနဲ့ အနည်းငယ်စိမ်းသက်ကောင်းစိမ်းသက်နေမှာဖြစ်တဲ့
စာမျက်နှာတချို့ကို ဖွင့်လှစ်တင်ဆက်ထားခြင်း ဖြစ်ပါတယ်။
ရင်သွေးဆိုတာ
ကျွန်တော်တို့ မိဘတွေအတွက်သာမက တိုင်းပြည်အတွက်လည်း ရတနာလေးတွေ ဖြစ်ပါတယ်။ ဒီလို
အဓိပ္ပာယ်ရည်ညွှန်းချက်နဲ့ ရင်သွေးရတနာ ကလေးကဗျာများလို့ ခေါင်းစဉ်ပေးခဲ့တာဖြစ်ပါတယ်။
ဆရာကြီးမင်းသုဝဏ်၊ ဆရာကြီးတင်မိုးတို့က အစပြုလို့ ရှေးအစဉ်အဆက်က ရေးဖွဲ့ခဲ့ကြတဲ့
ဆရာ ဆရာမတွေရဲ့ ကျေးဇူးအထွေထွေကို ဆင်ခြင်အောက်မေ့ပြီး ကလေးကဗျာလေးတွေ ရေးဖွဲ့ဖြစ်ခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့
ရင်သွေးရတနာလေးတွေ အသံသာသာ၊ အဓိပ္ပာယ်ပေါ်ပေါ်လွင်လွင်နဲ့ ပျော်ပျော်ရွှင်ရွှင်
ရွတ်နိုင်၊ ဖတ်နိုင်၊ ဆိုနိုင်အောင် တတ်စွမ်းသမျှကြိုးစားရေးဖွဲ့ထားပါတယ်။
ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုအပေါ် ထိုက်သင့်တဲ့ ချီးမြှင့်မှုများ
ပေးအပ်တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
မောင်သာ
(ရှေးဟောင်းသုတေသန)
စာပေဗိမာန်စာမူဆု သုတပဒေသာ(ဝိဇ္ဇာ) တတိယ
ကျွန်တော်က
မောင်သာ (ရှေးဟောင်းသုတေသန)ဖြစ်ပါတယ်။ ရှေးဟောင်းသုတေသနသမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာဆောင်းပါးတွေကို
စာနယ်ဇင်းတွေမှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကစပြီး ယခုတိုင်အပတ်စဉ်၊ လစဉ်ရေးသားလျက်ရှိပါတယ်။
၂၀၂၃
ခုနှစ်အတွက် စာပေဗိမာန်စာမူဆုကို “ပရိုင်းမိတ်မှ ပျူသို့ ယဉ်ကျေးမှုအထောက်အထားများ”စာမူနဲ့သုတပဒေသာ(ဝိဇ္ဇာပညာရပ်)
ဘာသာရပ်မှာ တတိယဆုရရှိခဲ့ပါတယ်။
ကျွန်တော်တို့
မြန်မာနိုင်ငံသားတိုင်းရင်းသားတိုင်းက မြန်မာ့သမိုင်းကိုသာမက မြန်မာ့ယဉ်ကျေးမှု
ဖြစ်စဉ်သမိုင်းကြောင်း အခြေခံကိုပါ သိထားသင့်တယ်လို့ ယူဆလို့ ကိုယ်တိုင်ကွင်းဆင်း
သုတေသနပြုပြီး အထောက်အထား များစွာနဲ့အတူ စာမူကိုပြုစုခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့ယဉ်ကျေးမှု
သမိုင်းကိုသိရင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေကို ပိုမိုတန်ဖိုးထားထိန်းသိမ်းနိုင်မှာ
ဖြစ်ပါတယ်။ လူသားအစမြန်မာကလို့ အခိုင်အမာသက်သေပြနိုင်ခဲ့တဲ့ မြန်မာနိုင်ငံက
ပရိုင်းမိတ်ရုပ်ကြွင်းများက အစပြုပြီး မြန်မာ့သမိုင်းစဉ် တစ်လျှောက်မှာ
ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်တို့ကို ဖြတ်သန်းခဲ့ပြီး ယဉ်ကျေးမှုအထောက်အထားများစွာကို
တွေ့ရှိခဲ့ကြရပါတယ်။
ဆုရစာမူက
ပုဂံခေတ်မတိုင်မီဖြတ်သန်းခဲ့ရတဲ့ မြန်မာနိုင်ငံရှေးဟောင်းခေတ်ကာလတွေရဲ့
ယဉ်ကျေးမှုဖြစ်စဉ် အထောက်အထားတွေကို ခြုံငုံစုစည်းတင်ပြထားတဲ့ စာမူဖြစ်ပါတယ်။
ကျွန်တော်သုတေသနပြုပြီး ပြုစုထားတဲ့စာမူကို ဆုရွေးချယ်ချီးမြှင့်ပေးလို့ စာပေဗိမာန်စာမူဆု
ရွေးချယ်ရေးအဖွဲ့ကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။
အင်ကြင်းမေစာပေဗိမာန်စာမူဆု
(ကလေးစာပေ)
ဒုတိယ
ကျွန်မရဲ့
ကလောင်အမည်ကတော့ အင်ကြင်းမေဖြစ်ပါတယ်။ “စိတ်ကောင်းနှင့်ယှဉ်ရှေးရှုနှင်”
ဆိုတဲ့ခေါင်းစဉ်နဲ့ ၂၀၂၃ ခုနှစ် စာပေဗိမာန်စာမူဆု (ကလေးစာပေ) (ဝတ္ထု) ဒုတိယဆုကို
ရရှိခဲ့ပါတယ်။
မိခင်များထဲက
မိခင်တစ်ယောက်ဖြစ်လို့ သားသမီးအရွယ်ကလေးငယ်များကို ဂါရဝတရားထားတတ်တဲ့စိတ်၊ ရိုးရိုးကျင့်မြင့်မြင်ကြံစေလိုတဲ့
စိတ်၊ ကိုယ့်အားကိုယ်ကိုးတတ်တဲ့စိတ်၊ သူတစ်ပါးကိုကူညီဖေးမလိုသော စိတ်၊
ကလေးတွေနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေမှာ တက်ကြွစွာ ဦးဆောင်ပါဝင်လိုတဲ့ စိတ်၊
မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားလိုတဲ့ စိတ်၊ အမိ မြန်မာနိုင်ငံရဲ့ တောတောင်သဘာဝအလှတွေကို
မြတ်နိုးတတ်တဲ့စိတ် စတဲ့စိတ်ထားကောင်းတွေနဲ့ ပြည့်စုံပြီး ယဉ်ကျေးလိမ္မာတဲ့ လူချွန်လူမွန်လေးတွေဖြစ်စေလိုတဲ့ဆန္ဒနဲ့
ဒီဝတ္ထုလေးကို ရေးသားခြင်းဖြစ်ပါတယ်။
ကျွန်မရဲ့
ကလေးဝတ္ထုလေးထဲက ဇာတ်ကောင်းတွေရဲ့စိတ်ထား ကို အားကျအတုယူပြီး ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရမယ်ဆိုတဲ့
အသိတရားလေးတွေလည်း ရလာစေချင်တဲ့ စေတနာတွေနဲ့ရေးခဲ့တာ ဖြစ်ပါတယ်။
ကျွန်မရဲ့မိခင်စိတ်နဲ့
ရင်သွေးငယ်ကလေးတွေအတွက် စိတ်ခွန်အားရစေဖို့ ရည်ရွယ်ပြီး ရေးသားထားတဲ့ ဒီကလေးဝတ္ထုလေးကို
အသိအမှတ်ပြုဆုချီးမြှင့်ပေးခဲ့တဲ့အတွက် များစွာကျေးဇူးတင်မိပါတယ်။
မောင်ညိုလဲ့(အညာမြေ)
စာပေဗိမာန်စာမူဆု (လူငယ်စာပေ) ဒုတိယ
ကျွန်တော်ကတော့
မောင်ညိုလဲ့ (အညာမြေ) ဖြစ်ပါတယ်။ “လောကဓံကြုံ မဖြုံစတမ်းပေါ့” စာမူနဲ့ ၂၀၂၃ ခုနှစ်
စာပေဗိမာန် စာမူဆု (လူငယ်စာပေ) ဒုတိယဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
စာပေက
ခေတ်ကြေးမုံဆိုတဲ့ စကားရပ်အတိုင်းအားထုတ်ရေးဖွဲ့လိုက်တဲ့ စာတွေထဲမှာ ခေတ်ပုံရိပ်၊
ဘဝပုံရိပ်တွေပါနေ တတ်တာပါပဲ။ လူငယ်တွေဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်တွေပါ။ စိတ်အင်အား
သန်မာတောင့်တင်းတဲ့ လူငယ်တွေရှိဖို့ လိုပါတယ်။ ကျွန်တော်ဖြတ်သန်းလာခဲ့ရတဲ့
လူငယ်ဘဝထဲကနေကိုယ်တိုင်ကြုံခဲ့ရ၊ ဆုံခဲ့ရတဲ့ ဘဝအတက်အကျတွေ၊ လောကဓံအလှည့်အပြောင်းတွေ၊
ကဲ့ရဲ့အတင်းဆိုမှုတွေစတဲ့ ဘဝပုံရိပ်တွေကို အခြေပြုပြီး ကျွန်တော့်ရဲ့ညီအရွယ်၊
နှမအရွယ် အနာဂတ်ရတနာတွေအတွက် စိတ်ခွန်အား တစ်ခုခုရသွားစေဖို့ ရည်ရွယ်ပြီးရေးခဲ့တာဖြစ်ပါတယ်။
ကိုယ့်ကို
သူများပါးစပ်က ဆုံးဖြတ်ပေးတဲ့ အနုတ်သဘောဆောင်တဲ့ သုံးသပ်ချက်တိုင်းအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုလို
ထမ်းပိုးထားနေစရာ မလိုဘဲဘဝမှာ “အောင်မြင်ရမယ်ဆိုတဲ့ အောင်စိတ်” တစ်ခုကိုထားပြီး တည့်တည့်မတ်မတ်နဲ့
လျှောက်လှမ်းဖို့၊ ဘဝကို လက်မြှောက်ပြီး အရှုံးပေးလိုက်ချင်တဲ့စိတ်တွေ ဖြစ်လာခဲ့ရင်တောင်မှ
အရှုံးပေးလိုက်ဖို့ တန်ရဲ့လား၊ မွေးကတည်းကနေ အခုထိရှင်သန်လာခဲ့ရခြင်းဟာ အရှုံးပေးဖို့အတွက်လား
စတဲ့အတွေးလေးတွေအတွက် တိုက်တွန်းလိုတဲ့စေတနာနဲ့ ကြိုးစားအားထုတ်ခဲ့ခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့
ကြိုးစားအားထုတ်ခဲ့မှုအပေါ် ထိုက်သင့်တဲ့ အသိအမှတ်ပြုချီးမြှင့်မှုတွေအတွက် ကျေးဇူးအများကြီး
တင်ပါတယ်ခင်ဗျာ။
No comments:
Post a Comment