ဒေါက်တာမျိုးကြွယ်
မြန်မာနိုင်ငံစိုက်ပျိုးရေးပညာ တက္ကသိုလ်ကောလိပ်အဆင့် သင်ကြားပေးနေမှုမှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် နှစ် (၁၀၀) ပြည့်ပါတော့မည်။ ရာပြည့်အခမ်းအနားကို နိုင်ငံတော်အဆင့် ကျင်းပပြုလုပ်ရန် ပြင်ဆင်လျက်ရှိသည်။
စိုက်ပျိုးရေးတက္ကသိုလ်သည်
မန္တလေးမြို့ မြန်မာ့စိုက်ပျိုးရေးကောလိပ်နှင့် သုတေသနဌာန (Burma Agricultural College and
Research Institute) ဘဝမှစတင်ခဲ့ပြီး စတင်ခဲ့သော မူလအဆောက်အအုံကြီးက
လက်ရှိမန္တလေးတက္ကသိုလ်ဖြစ်နေပါသည်။
သမိုင်းကြောင်းအရ
ပျဉ်းမနားမြို့နယ်ရေဆင်းသို့ ၁၉၇၃ ခုနှစ် စက်တင်ဘာလတွင်
ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (YAU - Yezin Agricultural University) အဖြစ် အမည်ပြောင်းလဲခဲ့ပါသည်။
ရာပြည့်သဘင်မှသည်
မြန်မာနိုင်ငံ၏အနာဂတ် မြန်မာနိုင်ငံစိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များ (Future Agricultural Universities in
Myanmar) ကို ပုံဖော်စိတ်ကူးကြည့်လိုပါသည်။
ယခင်
၁၉၆၂ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံရှိ တက္ကသိုလ်နှစ်ခု (ရန်ကုန်တက္ကသိုလ်နှင့်
မန္တလေးတက္ကသိုလ်) တို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်စနစ် (Autonomous University System) နှင့် မဟာဌာနများ (Faculty) ပါဝင်သော
ဘာသာစုံသင်ကြားပေးသည့် တက္ကသိုလ်များ (Comprehensive Universities) ဖြစ်ကြပါသည်။ အရှေ့တောင်အာရှနိုင်ငံအချို့မှပင် မြန်မာနိုင်ငံသို့
ပညာတော်သင်လာရပါသည်။ စိုက်ပျိုးရေးပညာသင်ကြားမှုသည်လည်း ရန်ကုန်နှင့် မန္တလေး
လက်အောက်ခံမဟာဌာန (Faculty of Agriculture) မှ စတင်ခဲ့ပါသည်။
တိုးချဲ့သင်ကြားပေးနိုင်ခဲ့
ကျွန်တော်တို့
YAU မှာရှိစဉ်
၂၀၁၅-၂၀၁၆ ခုနှစ် ခန့်က စိုက်ပျိုးရေးအင်ဂျင်နီယာ(Agricultural
Engineering) နှင့် မွေးမြူရေးသိပ္ပံ (Animal Science) ဘာသာရပ်တို့ကို ဖွဲ့စည်းပုံတိုးချဲ့၍လည်းကောင်း၊ စိုက်ပျိုးရေးပညာပေး (Agricultural
Extension)၊ အစားအသောက်သိပ္ပံနှင့် နည်းပညာ (Food Science
and Technology)၊ စိုက်ပျိုးရေး ဇီဝနည်းပညာ (Agricultural
Biotechnology)၊ စိုက်ပျိုးရေးအဏုဇီဝဗေဒ (Agricultural Micro-biology)
စသည့် ဌာနအသစ်များဖြင့်လည်းကောင်း ဘာသာရပ်အားလုံးကို ပါမောက္ခအဆင့်အထိ
တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ သို့သော် တစ်နိုင်ငံလုံးတွင် တစ်ကျောင်းတည်းသာရှိသောကျောင်းရှိ
ဤဘာသာရပ်များ၌ အထူးပြုကျောင်းသား ကျောင်းသူဆယ်ဂဏန်းမျှသာ ရှိပါသေးသည်။ အိန္ဒိယနိုင်ငံ
အထောက်အပံ့ဖြင့် အဆင့်မြင့်စိုက်ပျိုးရေးပညာလေ့လာရေးနှင့် သုတေသနဗဟိုဌာန (Advanced
Center for Agricultural Research and Education - ACARE) ကိုလည်း
စတင်ဖွဲ့စည်းကာ ဘာသာရပ်အသစ်များဖြင့် မဟာသိပ္ပံ၊ ပါရဂူဘွဲ့သင်တန်းများ
တိုးချဲ့သင်ကြားပေးနိုင်ခဲ့ပါသည်။ အိန္ဒိယနိုင်ငံတွင်မူ ပြည်နယ်အလိုက် စိုက်ပျိုး၊
မွေးမြူရေးတက္ကသိုလ် (State Agricultural Universities) ပေါင်း
၆၄ ခုနှင့် စိုက်ပျိုးမွေးမြူ ရေးဆိုင်ရာ ပုဂ္ဂလိကတက္ကသိုလ်/ ကောလိပ် များစွာသင်ကြားပေးနေပါသည်။
ဥပမာ - ဘီဟာစိုက်ပျိုးမွေးမြူရေးတက္ကသိုလ် (Bihar Agricultural University)၊ ပန်ဂျပ်စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် (Punjab Agricultural
University) ထိုသို့နိုင်ငံများစွာမှာ လက်ရှိကျင့်သုံးနေသော
စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါး၊ ပုစွန်မွေးမြူရေး (ရေလုပ်ငန်း)၊ သစ်တော၊ အစားအသောက်၊
ပတ်ဝန်းကျင်သိပ္ပံတစ်နေရာတည်းစုပေါင်း၍ ဘာသာရပ်များစွာကို ပညာရှင်များစွာက
ရှုထောင့်မျိုးစုံလေ့လာသည့်ပုံစံ၊ စနစ် (Multi-disciplinary Approach)၊ သင်ရိုးနာရီ များစွာကို ကြိုက်ရာဘာသာရပ်မှတ်ပုံတင် (Cross-enrollment
with Credit System) တွဲဖက်ယူသည့် စနစ်များစွာတို့ကို
အတုယူသင့်ပါသည်။ ဥပမာ - စာရင်းအင်းပညာ (Statistics –
Biometrics/Biostatistics, Econometrics, Technimetrics) ဆိုလျှင်
ကျွမ်းကျင်သော သင်္ချာပညာရှင်၊ စီးပွားရေးတက္ကသိုလ်ရှိ စာရင်းအင်းပညာရှင်များက
ရေဆင်းတက္ကသိုလ်များ၌ပင်ရှိပြီး စာရင်းအင်းပညာမဟာဌာနအဆင့်
သီးသန့်ဘွဲ့ပေးနိုင်ခြင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (Information
and Communication Technology - ICT) ဆိုလျှင်လည်း ကွန်ပျူတာတက္ကသိုလ်ရှိ
ဘာသာရပ်ကျွမ်းကျင်သော ဌာနများကဲ့သို့ရှိပြီး ရေဆင်းနယ်မြေရှိ ကျောင်းသား
ကျောင်းသူများအားလုံး လူကိုယ်တိုင်သွားရောက်သင်ယူနိုင်သည့်အဆင့် စသည့်ပုံစံမျိုးဖြစ်ပါသည်။
အကောင်အထည်ဖော်သင့်
ထို့အပြင်
ဒေသအလိုက်သီးနှံပတ်ဝန်းကျင် (Different Agroecosystem) သဘောတရားအရ တစ်နိုင်ငံလုံးသီးနှံအလိုက်
စိုက်ပျိုးနိုင်သည့်ပုံစံ (ဥပမာ - ရော်ဘာ၊ ဆီအုန်းစိုက်ပျိုးရေး သင့်တော်သောနေရာ၊
ဒေသ၊ မြို့၊ အပူပိုင်း မြေပဲ၊ နှမ်း၊ ပဲမျိုးစုံ စိုက်ပျိုးရာနေရာ၊
ကော်ဖီစိုက်ပျိုးရာနေရာများ) ကို မူတည်၍ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်
တိုင်းဒေသကြီးတစ်ခုချင်းစီအလိုက် နယ်မြေ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဦးစားပေးရာလည်းရောက်အောင်
စွမ်းဆောင်နိုင်သည့် ပုံစံ (ဥပမာ - ပြည်နယ်အချို့ရှိ တက္ကသိုလ်တချို့၌ YAU ၏ ကျောင်းခွဲနယ်မြေ - YAU Campus ၊ စိုက်ပျိုး မွေးမြူရေးမဟာဌာန
သို့မဟုတ် စိုက်ပျိုးမွေးမြူရေးကောလိပ် - Faculty/College of Agriculture စသည်ဖြင့်) အကောင်အထည်ဖော်သင့်ပါသည်။
အိန္ဒိယနှင့် ထိုင်းနိုင်ငံ တက္ကသိုလ်နယ်မြေများမှာ ဤပုံစံအလိုက်ပြုလုပ်ပါသည်။
ပြည်နယ်သင်တန်းသားဦးရေမှာ တစ်နှစ်လျှင်လူဦးရေ ၅၀ စီ (လက်တွေ့တစ်တန်းစာ၊
မိုက်ခရိုစကုပ်(Microscope)
တစ်ဦးချင်း ကြည့်လို့ရသည့်အရေအတွက်၊ ဦးစားပေးရမည်မှာလည်း အမှတ်ကိုမကြည့်ဘဲ ဒေသတွင်း တောင်သူလယ်သမားသားသမီးများ
ဦးစားပေးဆိုပါက) ဘယ်လိုနေမည်နည်း၊ ထိုသို့တိုးချဲ့သင်ကြားပေးပါက YAU ဘွဲ့ရများစွာ
ကျောင်းဆရာ ဆရာမများအဖြစ် အလုပ်အကိုင်ရရှိသွားပါမည်။ နောင်အနာဂတ်ပုံဖော်မည့် စိုက်ပျိုးရေးတက္ကသိုလ်မှ
လူငယ်၊ ဆရာ ဆရာမများအတွက် အကြံဉာဏ်ရှိသလောက် အကောင်အထည်ဖော်ရန်အတွက်
အကြံပြုခြင်းသာဖြစ်ပါသည်။
နောက်တစ်ခုက
နိုင်ငံတကာတွင် လက်တွေ့ကျင့်သုံးလျက်ရှိသော စိုက်ပျိုးမွေးမြူရေးပညာကို
ပုဂ္ဂလိကကဏ္ဍမှ တစ်ဖက်တစ်လမ်းအထောက်အကူပေးရန် (Private Higher Education System in Agriculture) အကောင်အထည်ဖော်ကြည့်ခြင်းပါ။ ဥပမာအားဖြင့် တိုကျိုစိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်
(TUA –Tokyo University of Agriculture/ Tokyo Nodai) သည်
ဂျပန်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကမ္ဘာကျော်ပုဂ္ဂလိက
စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် (World Renowned Private Agriculture
University) တစ်ခုဖြစ်ပါသည်။ အစိုးရတက္ကသိုလ်များ (Public
Universities) ထက် ကျောင်းလခ (တစ်နှစ်အမေရိကန်ဒေါ်လာ ၅၀၀၀ ကျော်)
အလွန်ဈေးကြီးသော်လည်း ပြည်တွင်း ပြည်ပမှ ကျောင်းသား ကျောင်းသူများ များပြားစွာ
တက်ရောက်လျက်ရှိပါကြောင်း ရေးသားလိုက်ရပါသည်။ ။
No comments:
Post a Comment