Monday, November 25, 2024

စိုက်ပျိုးရေးထွက်ကုန်အစားအစာများ ဘေးဥပဒ်ကင်းရှင်းစေရေးအတွက် ပိုးသတ်ဆေးဓာတ်ကြွင်းများ စစ်ဆေးမှုဆိုင်ရာနည်းပညာသင်တန်းဖွင့်လှစ်


 

ရန်ကုန် နိုဝင်ဘာ ၂၄

စိုက်ပျိုးရေးထွက်ကုန်အစားအစာများ ဘေးဥပဒ်ကင်းရှင်းစေရေးအတွက် ပိုးသတ်ဆေးဓာတ်ကြွင်းများ စစ်ဆေးမှုဆိုင်ရာနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ ISO 9001 နှင့် 17025 လက်မှတ်ရစိုက်ပျိုးရေးထွက်ကုန်များ စစ်ဆေးရေးဓာတ်ခွဲခန်း (APAL) ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒေါက်တာ ချာလီသန်း၊ ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းတာဝန်ခံနှင့် သင်တန်းသား ၂၀ တို့ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များ ပြည်တွင်းရောင်းချမှုနှင့် ပြည်ပတင်ပို့မှုများတွင် အဓိကကြုံတွေ့နေရသော ကြီးမားသောအခက်အခဲမှာ ပိုးသတ်ဆေးဓာတ်ကြွင်း သတ်မှတ်ပမာဏထက် ပါဝင်မှုများပြားနေခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ၌ ပိုးသတ်ဆေးများကို လိုအပ်သည်ထက် များပြားစွာ အသုံးပြုနေကြပြီး အချို့သော အခြေအနေများတွင် သီးနှံများ၌ ကျန်ရှိနေသည့် ပိုးသတ်ဆေးဓာတ်ကြွင်းများသည် စားသုံးသူများအတွက် အန္တရာယ်ဖြစ်စေနိုင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမှ ထုတ်လုပ်သော အစားအသောက်များတွင် ဓာတ်ကြွင်းပါဝင်မှုကို စံချိန်စံညွှန်းနှင့် ကိုက်ညီစေရန် လုပ်ငန်းစဉ်များ တိုးတက်မြှင့်တင်ဆောင်ရွက်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးခြင်းဖြင့် မြန်မာ့စိုက်ပျိုးရေး ထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှုကို လျော့နည်းစေရန် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ သင်တန်းသူ သင်တန်းသားများအနေဖြင့် သင်တန်းက သင်ကြားပို့ချမှုများကို ဂရုတစိုက်လေ့လာမှတ်သားကြကာ မိမိတို့၏လုပ်ငန်းခွင်များ၌ ပြန်လည်အသုံးချပြီး မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များ ပြည်ပတင်ပို့ရာတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်၍ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြပြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက စိုက်ပျိုးရေးထွက်ကုန်များ စစ်ဆေးရေးဓာတ်ခွဲခန်း (APAL) ISO 17025 လက်မှတ်ရရှိခဲ့မှုကို ရှင်းလင်းတင်ပြသည်။

အဆိုပါသင်တန်းသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ စားသုံးသူရေးရာဦးစီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ သင်တန်းသား သင်တန်းသူ ၂၀ တက်ရောက်လျက်ရှိကြကြောင်း၊ သင်တန်းတွင် ပြည်ပတင်ပို့မည့် စိုက်ပျိုးရေးထွက်ကုန် အစားအစာများ ဘေးဥပဒ်ကင်းရှင်းစေရေးအတွက် ပိုးသတ်ဆေးဓာတ်ကြွင်းစစ်ဆေးမှုဆိုင်ရာ နည်းပညာများကို နိုဝင်ဘာ ၂၄ ရက် မှ ၂၈ ရက်အထိ ငါးရက်ကြာ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။             

သတင်းစဉ်

No comments:

Post a Comment