Thursday, November 7, 2024

တန်ဖိုးမြင့်ထုတ်ကုန်ပိုမိုဖြစ်ထွန်းရေး မိတ်ဖက်စီးပွားရေးလုပ်ငန်းမြှင့်တင်

 


တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ထိပ်သီးအစည်းအဝေးနှင့် အခြားထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန်အတွက် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာလ ၅ ရက်နေ့က ကျင်းပပြုလုပ်သည့် တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ယခုထက်မက တိုးမြှင့်သွားလိုကြောင်း ပြောကြားခဲ့သည်။

တရုတ်-မြန်မာနှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုသည် မကြာမီကာလတွင် စိန်ရတုတိုင်ရောက်ရှိတော့မည်ဖြစ်သည်။ အစဉ်အဆက် ချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာစွာတည်ဆောက်ခဲ့သည့် တရုတ်-မြန်မာနှစ်နိုင်ငံသည် ယနေ့အချိန်တွင် နှစ်နိုင်ငံပြည်သူများအကြား ကောင်းမွန်သည့် ဆက်ဆံရေးများကို လက်တွေ့ဖော်ဆောင်ရင်း အပြန်အလှန်ယုံကြည်မှုများ ပိုမိုတိုးတက်ခိုင်မြဲလာသည်ကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုဖြစ်သည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆက်နွှယ်မှုသည် အနာဂတ်အတွက် မဟာဗျူဟာကျသည့် မောင်းနှင်အားများ ဖြစ်လာသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “တရုတ်နိုင်ငံအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် အဆင့်မြင့်နည်းပညာများနှင့် ဇီဝနည်းပညာသုံး စိုက်ပျိုးနည်းစနစ်ကို အောင်မြင်စွာ အသုံးပြုနေသည်ကို လေ့လာတွေ့ရှိရကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် နည်းပညာလွှဲပြောင်းရယူရေး၊ ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးထုတ်ကုန်များ စိုက်ပျိုးထုတ်လုပ်ရေးနှင့် အစားအစာဘေးကင်းလုံခြုံမှုရှိပြီး ဂေဟစနစ်ကို ရေရှည်ထိန်းသိမ်းထားနိုင်သည့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး မိမိတို့၏ မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များနှင့် ယခုထက်ပိုပြီး ပူးပေါင်းဆောင်ရွက်သွားရန် ဖိတ်ခေါ်လိုကြောင်း” ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် သဘာဝကပေးထားသည့် စိုက်ပျိုးမွေးမြူရေး အခြေခံကောင်းများကို အသုံးချပြီး ကမ္ဘာပေါ်တွင် စားရေရိက္ခာအဓိကထုတ်လုပ်နိုင်သည့် နိုင်ငံဖြစ်ရေးကြိုးပမ်းဆောင်ရွက်နေသည်။ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းထုတ်ကုန်များ တိုးတက်မြင့်မားလာစေရန်အတွက် စိုက်ပျိုးနည်းစနစ်များနှင့်အတူ အခြေခံလိုအပ်ချက်ဖြစ်သည့် ဓာတ်မြေဩဇာထုတ်လုပ်ရေး၊ သဘာဝမြေဩဇာထုတ်လုပ်ရေး၊ အပင်အားဆေးနှင့် ပိုးသတ်ဆေးလိုအပ်ချက်များရှိနေသည်။ ယခုအခါ ယင်းကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံရန် ဆက်သွယ်ဆောင်ရွက်နေသည့် အဖွဲ့အစည်းကုမ္ပဏီများရှိနေသည်။

စိုက်ပျိုးရေးတွင် ပိုမိုတိုးတက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် လိုအပ်သည်များကို ကူညီပေးရန် အသင့်ရှိနေသည်။ စက်မှုလယ်ယာကဏ္ဍကို အရှိန်အဟုန်မြှင့်တင်နိုင်မည့် ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ခြွေလှေ့ခြင်း၊ သိုလှောင်ခြင်းတို့အတွက် ခေတ်မီစက်ကိရိယာများ၊ သိုလှောင်ရုံများ ရင်းနှီးမြှုပ်နှံနိုင်ရန် ဖိတ်ခေါ်ထားသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်း ကောင်းစွာဆောင်ရွက်နိုင်သည့် ရာသီဥတုနှင့် မြေအကျယ်အဝန်းရှိသည်။ အရှေ့တောင်အာရှဒေသတွင် လယ်ယာမြေဟက်တာ ၆၅ သန်းကျော်ရှိပြီး လယ်ယာမြေအများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်သည်။ မြေဆီဩဇာကြွယ်ဝကောင်းမွန်ပြီး ဓာတုပစ္စည်းများ သက်ရောက်မှုမရှိသေးသော စိုက်ပျိုးမြေနေရာများစွာသည် ရင်းနှီးမြှုပ်နှံလိုသူများအတွက် အခွင့်အလမ်းကောင်းများဖြစ်သည်။

မွေးမြူရေးလုပ်ငန်းတွင် ခေတ်မီနည်းစနစ်များဖြင့် မွေးမြူပြီး အေးခဲအသားထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်လိုလားသည်။ စိုက်ပျိုးရေးကဏ္ဍကို စက်မှုလယ်ယာအဖြစ် မြှင့်တင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများမှ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်ရည်ရွယ်ထားသည်။ ဈေးကွက်အနေဖြင့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများတွင် လူဦးရေများပြားသည့် နိုင်ငံများတည်ရှိပြီး ကြီးမားလှသည့် စားရေရိက္ခာဈေးကွက်ကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ပြည်ပရင်းနှီးမြှုပ်နှံသူများအနေဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ်ကိုင် ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေရန် နိုင်ငံတော်အစိုးရအနေဖြင့် သီးခြားကူညီထောက်ပံ့မှုများ ပံ့ပိုးပေးလျက်ရှိသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ဓာတ်မြေဩဇာထုတ်လုပ်ခြင်း၊ လျှပ်စစ်သုံးယာဉ်ထုတ်လုပ်ခြင်း၊ ဘိလပ်မြေထုတ်လုပ်ခြင်း၊ သံမဏိထုတ်လုပ်ခြင်း၊ စိုက်ပျိုးမွေးမြူရေး တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်းနှင့် စားသုံးဆီထုတ်လုပ်ခြင်း စသည့်ကဏ္ဍများတွင် မြန်မာနိုင်ငံ၏ မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များ လာရောက်လုပ်ကိုင်ပါက ဦးစားပေးပြီး ဝန်ဆောင်မှုများ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ဖော်ပြပါစီးပွားရေးအခွင့်အလမ်းကောင်းများကို နိုင်ငံတော်အကြီးအကဲ တရုတ်နိုင်ငံသို့ရောက်ရှိစဉ်ပြည်ပမှ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဆောင်ရွက်နိုင်မည့် စီးပွားရေးလုပ်ငန်းရှင်များကို အသိပေးပြောကြားခဲ့ရာ အနာဂတ်ကာလတွင် မြန်မာနိုင်ငံ၌ တန်ဖိုးမြင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်မည့် စီးပွားရေးအခြေအနေကောင်းများ ဖြစ်ထွန်းလာမည်ဟု ယုံကြည်ပါကြောင်း။     

No comments:

Post a Comment