Thursday, November 7, 2024

ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ကြဉ်းမည့် ခရီးစဉ်

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့တွင် နိုဝင်ဘာလ ၆ ရက်မှ ၇ ရက်အထိ ကျင်းပပြုလုပ်လျက်ရှိသည့် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀) ကြိမ်မြောက် ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား- လာအို- မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတို့သို့ ပါဝင်တက်ရောက်လျက်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် နိုဝင်ဘာ ၅ ရက်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူး H.E. Mr. Wang Ning နှင့် တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး အလေးထားဆောင်ရွက်ရန်၊ စိုက်ပျိုးမွေးမြူရေး၊ ပြန်လည်ပြည့်ဖြိုးမြဲ သစ်တောထွက်သယံဇာတများ အခြေခံသည့် စက်မှုလုပ်ငန်းများတို့တွင် လာရောက်ရင်းနှီးမြှုပ်နှံရန်၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုအပါအဝင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနေ့ မွန်းလွဲပိုင်းတွင်လည်း တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ကူမင်းမြို့တွင် ကျင်းပခဲ့ရာ နိုင်ငံတော်အကြီးအကဲက မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများနှင့်ဆက်စပ်နေသည့် ကဏ္ဍများတွင် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံကြရေးအတွက် ရှင်းလင်းပြောကြားဖိတ်ခေါ်မှုများ ပြုလုပ်ခဲ့သည်။ ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံ၏ အနောက်ပိုင်းတွင် တည်ရှိသော ကုန်းတွင်းပိတ်ပြည်နယ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ပြည်နယ်ဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ပင် တိုင်းရင်းသားလူမျိုးများစွာရှိပြီး နှစ်နိုင်ငံနယ်နိမိတ်မျဉ်း၏ တစ်ဖက်တစ်ချက်တွင် နေထိုင်ကြသည်ကို တွေ့ရသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက ယူနန်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်သည့် ပြည်နယ်တစ်ခုဖြစ်လာစေရန် အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိရာ အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိသည်ကိုလည်း တွေ့ရှိရသည်။

ယူနန်နှင့် မြန်မာတို့သည် ခြံစည်းရိုး၏ တစ်ဖက်တစ်ချက်၊ မြစ်၏ ဟိုဘက်ကမ်းနှင့် သည်ဘက်ကမ်းတို့တွင် ရေမြေတစ်ဆက်တစ်စပ်တည်းတည်ရှိနေပြီး နှစ်နိုင်ငံပြည်သူများ ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန်ကူးလူးဆက်ဆံနေကြသည်မှာ ရာစုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးနှင့် နှစ်နိုင်ငံ၊ နှစ်ဖက်ပြည်သူများ အကျိုးဖြစ်ထွန်းစေမည့် နယ်စပ်ဖြတ်ကျော်စီမံကိန်းကြီးများ စသည်တို့ကို မြန်မာနှင့် ယူနန်တို့အကြား ဆောင်ရွက်နေရခြင်းဖြစ်သည်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရေး၊ အရှိန်အဟုန်တိုးမြှင့်နိုင်ရေးတို့တွင် မြန်မာနိုင်ငံအနေဖြင့် အကန့်အသတ်အချို့ရှိနေရာ အဓိကအချက်မှာ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးပင်ဖြစ်သည်။ ယင်းဒေသများတွင် ရည်မှန်းချက်အကျိုးစီးပွားမတူသည့် လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများစွာရှိနေပြီး နောက်ကွယ်မှ ပြင်ပဝင်ရောက်စွက်ဖက်မှုများရှိနေသည့် နေရာလည်းဖြစ်သည်။ သို့ဖြစ်ရာ တရုတ်-မြန်မာ နှစ်နိုင်ငံအကျိုးစီးပွားအတွက် နယ်စပ်ဒေသများတစ်လျှောက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ပြည်သူ့ သမ္မတနိုင်ငံခရီးစဉ်သည် နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ကြဉ်းနိုင်မည့် ခရီးစဉ်ပင်ဖြစ်ပါကြောင်း။     

No comments:

Post a Comment