ရန်ကုန် နိုဝင်ဘာ ၂၆
ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသား စာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ သည် ၂ဝ၂၃ ခုနှစ်အတွင်း ပထမအကြိမ်ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့် ရန် ရွေးချယ်ခံရသော စာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ ဆုရရှိသူများအား တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။
ဘာသာရပ် -
သုတ(ဝိဇ္ဇာ)
စာရေးသူ -
ပျံချီ
စာအုပ်အမည်
- ပျူနိုင်ငံတော်နှင့်အခြားဆောင်းပါးများ
စာအုပ်အတွက်လိုအပ်တဲ့
သမိုင်းနောက်ခံအချက်အလက်တွေကို အဲဒီဒေသတွေမှာ တာဝန်ထမ်းဆောင်စဉ်က ကိုယ်တိုင်ကွင်းဆင်းလေ့လာတာမျိုး၊
ဒေသခံတွေဆီကနေ မေးမြန်းတာမျိုးအပြင် အခြားလိုအပ်တဲ့အချက်အလက်တွေအတွက် ပညာရှင်တွေရဲ့စာတမ်းတွေ၊
စာအုပ်တွေကနေတစ်ဆင့် လေ့လာစုဆောင်းခဲ့ရပါတယ်။ အဓိကကတော့ ကျွန်တော်တို့ဟာ အတိတ်မှာ ဘယ်လောက်အထိ
ခိုင်မာတဲ့သမိုင်းကြောင်းရှိခဲ့တယ် ဆိုတာကို လူငယ်တွေသိစေချင်တဲ့ စေတနာနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ
စာတွေစရေးတာကနေ အခုလိုသမိုင်းဆောင်းပါးတွေ ရေးသားဖြစ်တာပါ။ မြန်မာလူငယ်တွေဟာ သမိုင်းကို
စိတ်ဝင်စားမှုရှိပေမယ့် သမားရိုးကျ သမိုင်းစာအုပ်တွေ၊ ကျမ်းတွေကို အချိန်ပေးပြီး မဖတ်နိုင်တာကို
သတိထားမိတယ်။
ဒါကြောင့် ဆိုရှယ်မီဒီယာမှာ လူငယ်တွေစိတ်ထဲကိုရောက်အောင်
အဓိကအချက်တွေကိုပဲ တိုတိုနဲ့လိုရင်း ရောက်ပြီး ဒီခေတ်ပုံစံ စကားပြော၊ စကားပြေပုံစံနဲ့ရေးတာကို
ကြိုက်တာတွေ့တော့ အဲဒီလိုပုံစံနဲ့ သမိုင်းနောက်ခံဝတ္ထုတွေ၊ ဆောင်းပါးတွေ၊ အက်ဆေးတွေ
ရေးသားခဲ့တယ်လို့ ပြောလို့ရပါတယ်။
ကျွန်တော်အခုလို
အမျိုးသားစာပေဆုရတဲ့အတွက် တကယ်ကို အံ့လည်းအံ့ဩမိသလို ဝမ်းလည်းဝမ်းသာမိပါတယ်။ ဘာကြောင့်လဲဆိုတော့
ကျွန်တော်က စာအုပ်ထုတ်ဝေတာနည်းသလို ဆိုရှယ်မီဒီယာမှာပဲ စာရေးတာများတာကြောင့်ပါ။ ဒီဆုရတဲ့အတွက်
ကျွန်တော့်ရဲ့ဝါသနာကို မြေတောင်မြှောက်ပေးခဲ့တဲ့ ကျွန်တော့်မိဘတွေကို ဦးဆုံးကျေးဇူးတင်ရမှာပါ။
ပြီးတော့ ကျွန်တော့်ရဲ့ အားနည်း ချက်၊ အားသာချက်တွေကို မှန်မှန်ကန်ကန်အသုံးချနိုင်အောင်
ကြည့်ရှုစောင့်ရှောက်ခဲ့တဲ့ အထက်အကြီးအကဲဆရာသမားတွေကို ကျေးဇူးတင်ပါတယ်။ နောက်ဆုံးကတော့
ဆိုရှယ်မီဒီယာမှာရော၊ ပုံနှိပ်ထုတ်ဝေတဲ့စာအုပ်တွေမှာရော အမြဲအားပေးပြီး ဝေဖန်ပေးတဲ့
ကျွန်တော့် မိတ်ဆွေသူငယ်ချင်းတွေ၊ စာဖတ်ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ သူတို့ရဲ့ အားပေးမှုကြောင့်သာ
ကျွန်တော်စာတွေဆက်ရေးနိုင်တယ်လို့ ပြောမယ်ဆိုမမှားပါဘူး။ လူငယ်တွေက စာမဖတ်ဘူးလို့ ပြောတာ
နည်းနည်းမှားတယ်လို့ ထင်ပါတယ်။ ဒီနေ့ခေတ်မှာ လူငယ်တွေက စာအုပ်ကိုင်ဖတ်တာထက် ဆိုရှယ်မီဒီယာနဲ့
အင်တာနက်ကတစ်ဆင့် သူတို့ သိလိုတာ၊ သိချင်တာတွေကို အမြဲရှာဖွေဖတ်ရှုတတ်ပါတယ်။ ဒါပေမယ့်
စာကို ရွေးချယ်ပြီး ဖတ်ရှုဖို့ကလည်း အရေးကြီးပါတယ်။ ကိုယ့်အတွက်တင်မဟုတ်ဘဲ ကိုယ့်လူမျိုးအတွက်
ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ့်စာတွေ ဖတ်ရှုလေ့လာ သင့်ပါတယ်။
ဘာသာရပ် -
ယဉ်ကျေးမှု
စာရေးသူ -
ဉာဏ်လင်းတင့်
စာအုပ်အမည်
- ပျောက်ကွယ်ခဲ့သော တော်ဝင်ကျွန်းဘုန်းကြီးကျောင်းများ
ကျွန်တော့်အဓိကအသက်မွေးဝမ်းကျောင်းအလုပ်က
ပုံနှိပ်တိုက်နဲ့ စာအုပ်ထုတ်ဝေရေးအလုပ်ပါ။ မဂ္ဂဇင်းနှစ်အုပ်မထုတ်တော့တဲ့အချိန်မှာ ရုံးချိန်အတွင်း အချိန်ပို၊ အချိန်အားလေးတွေ ပိုထွက်လာပါတယ်။
အားတဲ့အချိန်လေးမှာ နှစ်တစ်ရာကျော်ဘုန်းကြီးကျောင်း များစာအုပ်ကိုစရေးဖို့ ပြုစုပါတယ်။
ပြုစုရင်းနဲ့ စာမျက်နှာတွေများပြီး လေ့လာရမယ့်အကြောင်းအရာတွေက ကျယ်ပြန့်လာတော့ ဘုန်းကြီးကျောင်းအကုန်မရေးဘဲနဲ့
တော်ဝင်မျိုးနွယ် ရှင်ဘုရင်၊ မိဖုရားနဲ့ မင်းညီမင်းသားတွေ ဆောက်လုပ်လှူဒါန်းခဲ့တဲ့
ကျောင်းတွေကို ရေးသားပြုစုရင် အချက်အလက်ရှာရ တာလွယ်ပြီး စာမျက်နှာလည်း ပိုနည်းလာမယ်လို့တွေးမိပြီး
ပျောက်ကွယ်ခဲ့သော တော်ဝင်ကျွန်းဘုန်းတော်ကြီးကျောင်းများဆိုတဲ့စာအုပ်ကို ရေးသားပြုစုခဲ့ပါတယ်။
သည်စာအုပ်မှာပါတဲ့ သမိုင်းဆိုင်ရာအချက်အလက်တွေ၊ ဓာတ်ပုံတွေ ရရှိဖို့က တဖြည်းဖြည်းချင်း
စုဆောင်းပြီး ရေးသားပြုစုလာခဲ့ရတာပါ၊ အင်တာနက်ကတစ်ဆင့်ညွှန်တဲ့ ဝက်ဆိုက်ဘ်တွေ၊ အခြားနိုင်ငံတွေက
တက္ကသိုလ်စာကြည့်တိုက်တွေအထိ ဓာတ်ပုံတွေ၊ စာတွေကို အွန်လိုင်းက အချိန်အားရင်အားသလို
ရှာဖွေစုဆောင်းရပါတယ်။
ဘုရင်တွေ၊ တော်ဝင်မျိုးနွယ်တွေ
ကျောင်းဒါယကာ၊ ဒါယိကာမအဖြစ် ခံယူချင်လို့ဆောက်တဲ့ ကျောင်းဆိုတော့ သူတို့အုပ်စိုးစဉ်မှာ
အကောင်းဆုံးဆောက်ခဲ့ကြတာချည်းပဲလို့ သေချာပေါက် ပြောရမှာပါ။ ကျောင်းအတွက် ကျွန်းသစ်လိုပြီဆိုရင်
သစ်တောထဲက သက်တမ်းအရှည်ဆုံး၊ လုံးပတ်အကြီးဆုံး၊ အရှည်ဆုံး အကောင်းဆုံးကျွန်းသစ်တွေ
ခုတ်ယူသုံးစွဲကြတာပါ။ သည်ကျောင်းတွေကို ဆောက်လုပ်မယ့် ဗိသုကာကရော အတော်ဆုံး ဗိသုကာကို
ကြီးကြပ်အပ်ပြီး ဆောက်ခိုင်း ပြီပေါ့။ အကောင်းဆုံး ကျွန်းသစ်တွေနဲ့ အတော်ဆုံးဗိသုကာတွေနဲ့ဆောက်တော့ သည်ကျောင်းတော်ကြီးတွေလှပ၊
ခံ့ညားနေပြီပေါ့။ အဲဒီအချိန် ၁၈၅၅ အမရပူရကို အဖွဲ့ဝင် ၅၀၀ကျော်ပါတဲ့ သံအဖွဲ့ရောက်လာတယ်။ အဲဒီထဲမှာ
ပညာရှင်တွေအများကြီးပါတယ်။ ဓာတ်ပုံ ပညာရှင်က Linnaeus Tripe တရိုက်က အဲဒီကျောင်းတွေကို
အပြင်ကမှတ်တမ်းတင် ဓာတ်ပုံတွေရိုက်ပြီး အိန္ဒိယပြန်ရောက်တော့ သူ့တာဝန်အတိုင်း အစီရင်ခံစာတင်တယ်။
စာအုပ်ထုတ်တယ်။ သူ့စာအုပ်ထဲမှာ ဘုန်းကြီးကျောင်းဓာတ်ပုံ တွေကိုရိုက်ရင်း သူ့လောက်ခမ်းနား
ကြီးကျယ်တဲ့ အနုပညာလက်ရာမြောက်တာတွေကို သည်မြန်မာတွေ ခေတ်မီတဲ့လက်နက်ကိရိယာတွေလည်းမရှိဘဲနဲ့
လုပ်နိုင်ကြတာ ယုံချင်စရာမကောင်းဘူး။ စာထဲမှာပြောပြနေလည်း သည်လောက်လှပတဲ့ အဆောက်အဦကို
ခင်ဗျားတို့လာမကြည့်ဘဲနဲ့ ခံစားလို့ရမှာမဟုတ်ဘူး။ သည်သဘောပါတဲ့စာတွေထည့်ရေးတာ၊ သည်စကားတွေကြောင့်
မြန်မာဘုန်းကြီး ကျောင်းတွေရဲ့ လက်မှုအနုပညာ ဗိသုကာတွေ နိုင်ငံတကာမှာ ကျော်ကြားတယ်လို့
ကျွန်တော်ထင်ပါတယ်ဟု ပြောသည်။
ဘာသာရပ် -
ကလေးစာပေ
စာရေးသူ -
ပုလောစိုးနံ့သာ
စာအုပ်အမည်
- စက္ကူလေယာဉ်ပျံကလေးများ
ကျွန်တော် စက္ကူလေယာဉ်ပျံ
ကလေးကဗျာများစာအုပ်နဲ့ ၂၀၂၃ ခုနှစ် အမျိုးသားစာပေဆု (ကလေးစာပေ) ရရှိ ခဲ့တာဖြစ်ပါတယ်။
တကယ်တော့ စက္ကူလေယာဉ်ပျံ ကလေးကဗျာများစာအုပ်က ၂၀၂၁ ခုနှစ်တုန်းက စာပေဗိမာန်စာမူဆု (ကလေးစာပေ)
ပထမဆုရခဲ့တဲ့ စာမူလေး ပါ။ အခု ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေဆု ထပ်မံရတဲ့အတွက် ကျွန်တော့်အနေနဲ့
အလွန်ပဲဝမ်းသာရပါတယ်။ ကျွန်တော့်မှာ သားသမီးသုံးယောက်ရှိပါတယ်။ သူတို့အတွက် ကလေးကဗျာလေး
တွေရေးရင်းနဲ့ ကလေးကဗျာစပ်ရတာ ပျော်လာတာပါပဲ။ ကျွန်တော်တို့ငယ်ငယ်တုန်းကလည်း ဆရာကြီးမင်းသုဝဏ်၊
ဒေါက်တာမောင်ဖြူး၊ ဆရာကြီးတင်မိုးတို့ရဲ့ ကလေးကဗျာလေးတွေနဲ့ ကြီးပြင်းခဲ့ရပါတယ်။ ကျွန်တော်တို့
လူကြီးဖြစ်လာတော့လည်း မျိုးဆက်သစ်ကလေးတွေကို ဦးနှောက်နဲ့ နှလုံးသားဖွံ့ဖြိုးသန်မာစေဖို့၊
ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံး ယဉ်ကျေး သိမ်မွေ့စေဖို့အတွက် ကဗျာလေးတွေကနေတစ်ဆင့်
ခပ်ပါးပါးလေး အသိပေးချင်တဲ့စိတ်နဲ့ ကလေးကဗျာလေးတွေ ရေးဖြစ်ခဲ့ပါတယ်။ အခုဆုရတဲ့စာအုပ်လေးထဲမှာ
ကလေးတို့အကြိုက် ကလေးကဗျာအပုဒ် ၇၀ ကို ရောင်စုံသရုပ်ဖော်ပုံလေးတွေနဲ့ ဖော်ပြပေးထားပါတယ်။
ကလေးကဗျာမှာ အရေးအကြီးဆုံးဖြစ် တဲ့ စကားလုံး၊ အသံ၊ ကာရန်တို့ကို ကလေးနား၊ ကလေးအသိနဲ့
အံဝင်မှုရှိအောင် အတတ်နိုင်ဆုံး ကြိုးစားရေးစပ်ထားပါတယ်။ ကလေးတွေအတွက် ရည်ရွယ်ရေးစပ်ထားတဲ့
စာအုပ်လေးမို့ အခုလိုမျိုး အမျိုးသားစာပေဆု ချီးမြှင့်ရွေးချယ်ပေးခဲ့ကြတဲ့ တာဝန်ရှိသူတွေကိုရော
ကမ္ဘာပေါ်ရှိ ကလေးတွေ အားလုံးကိုရော ကျေးဇူးတင်ပါတယ်ဟု ပြောသည်။
ဘာသာရပ် -
ဝတ္ထုရှည်
စာရေးသူ -
ကြည်မင်းဝေ
စာအုပ်အမည်
- စစ်သူကြီး မဟာမင်းထင်နော်ရထာ
အခုဆုရရှိတဲ့စာအုပ်က
မဟာမင်းထင်နော်ရထာဝတ္ထုကြီးကို ငယ်ဘဝအိပ်မက်အဖြစ် ရေးသားခဲ့ခြင်းဖြစ်သလို ဘဝမှတ်တိုင်တစ်ခုအနေနဲ့
အခက်အခဲအမျိုးမျိုးကြားက ကြိုးစားပမ်းစားရေးခဲ့ခြင်းဖြစ်ပါတယ်။ ဝတ္ထုရှည်အနေနဲ့ တစ်ပုဒ်တလေမှ
မရေးသားဖူးသလို ရာဇဝင်နောက်ခံဝတ္ထုကြီးဖြစ်လို့ ပိုပြီး ခက်ခဲလှပါတယ်။ ကျွန်တော်မကျွမ်းကျင်ပါဘူး။
ဒီဝတ္ထုထဲက ဇာတ်လိုက်စံနက်ကျော်ကို သဘောကျအားကျလွန်းလို့ ဒီစံနက်ကျော်အကြောင်းကို ကိုယ့်ဘဝ
အမှတ်တရအဖြစ် ကျန်းမာရေးကောင်းတုန်း ရေးနိုင်တုန်း ရေးကိုရေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်သန္နိဋ္ဌာန်နဲ့
ရေးခဲ့တာပါ။
ကုန်းဘောင်ခေတ်
နောက်ဆုံးကာလမှာ သတ္တိဗျတ္တိ၊ ကတိသစ္စာတည်တဲ့ မြန်မာ့သူရဲကောင်း စံနက်ကျော်ဆိုတဲ့ ဘုရင့်တပ်သားတစ်ယောက်ဟာ
အမှန်တကယ်ရှိခဲ့သော်ငြား သူ့ရဲ့မြန်မာပီသတဲ့ သည်းခံမှု၊ သစ္စာရှိမှု၊ အမျိုးကိုချစ်တဲ့
ဇာတိမာန်ထက်သန်မှု၊ ဘာသာတရားကို မြတ်နိုးမှုဆိုတဲ့ စံထားလောက်ဖွယ် လက္ခဏာတွေရှိပါလျက်
ဘာကြောင့် သမိုင်းမတွင်ခဲ့လေသလဲပေါ့။ ငယ်ငယ်က ဖတ်ဖူးတဲ့ ရာဇဝင်စာရေးဆရာကြီးတွေရဲ့စိတ်ကူးယဉ်
အဖြည့်ခံဇာတ်ကောင်ဖြစ်နေလို့လားဆိုပြီး တတ်စွမ်းသမျှ ရှာဖွေဖတ်ရှုမိရင်း အမှန်တကယ်ရှိခဲ့တဲ့
စံထားလောက်ဖွယ် မြန်မာသူရဲကောင်း ဆိုတာသိပြီး တူတူတန်တန် ရာဇဝင်ဝတ္ထုတစ်ပုဒ်ဖြစ်အောင်
နှစ်နှစ်ဆယ် လောက်ကြိုးစားပြီး ရေးခဲ့ရပါတယ်။ အဲဒီအတွက် အကျိုးကျေးဇူးလည်း အများကြီးရခဲ့ပါတယ်။
အထောက်အကူပြုစာအုပ် ပေါင်း ၁၀၀ ကျော် ဖတ်ခဲ့ပါတယ်။ နှုတ်နဲ့ မေးမြန်း အကြံတောင်းခံခဲ့ရတဲ့ဆရာတွေကလည်း
အများအပြားပါပဲ။ ပညာရှင် အစုံပါပဲ။ နာမည်ကြီး ဝတ္ထုရေးဆရာကြီးတွေ၊ ဆောင်းပါးဆရာကြီးတွေ၊
ကဗျာဆရာကြီးတွေ၊ တေးရေးဆရာတွေ၊ ရတုတေးထပ်ကျွမ်းကျင်ဆရာကြီးတွေ၊ နောက်ဆုံးဗေဒင်ပညာရှင်ကြီးတွေအထိ
သေသေချာချာ မေးမြန်းအကြံဉာဏ် ရယူပြီး ရေးသားခဲ့ပါတယ်။
ဝတ္ထုရေးခြင်း
အတတ်ပညာအနေနဲ့ကတော့ ရှေးရာဇဝင်ဝတ္ထုကြီးတွေကို ဖတ်ပြီး နည်းနာယူရေးခဲ့တာပါ။ ဒီဆုရရှိတဲ့အပေါ်
ခံစားချက်ပြောရရင် အထူးအထူးကို ပျော်ရွှင်ပါတယ်။ ကြည်နူးရပါတယ်။ ကြိုးစားခဲ့ရတဲ့ အဖူးအပွင့်လို့
ခံစားမိပါတယ်။ အထူးသဖြင့် ပျော်ရွှင်ရတာက တော့ ကျွန်တော်က အမိမဲ့အဖမဲ့ ဘုန်းကြီး မွေးစားသားအဖြစ်
ဘုန်းကြီးကျောင်းမှာကြီးပြင်းခဲ့တာပါ။ ကျွန်တော့်မွေးစားအဖေ ဦးလေးဘုန်းကြီးက ကျွန်တော့်ကို
ရဟန်းဘဝနဲ့သူတည်ထောင်ခဲ့တဲ့ ဘုန်းကြီးကျောင်း ကြီးကို အမွေဆက်ခံစေချင်ပါတယ်။
နောက်တစ်ချက်က
စာရေးဆရာ သိပ်ဖြစ်စေချင်ခဲ့တာပါ။ ဒါကြောင့် ကျွန်တော့် ဘုန်းဘုန်းကျေးဇူးကို ပထမအချက်နဲ့
ကျေးဇူးမဆပ်နိုင်သော်ငြားလည်း အခုတော့ ဒုတိယအချက်နဲ့ ကျေးဇူးဆပ်နိုင်ပြီလို့တွေးမိပြီး
အထူးပျော်ရွှင်ကျေနပ်မိပါတယ်။
အာကာလင်း၊ ဓာတ်ပုံ-တင်စိုး




No comments:
Post a Comment