၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်အောင်မြင်မှုရရှိစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ဝန်ကြီးဌာနများအကြားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်စေရန်နှင့် ပြည်သူ တစ်ရပ်လုံးအားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရန်ရည်ရွယ်၍ ဝန်ကြီးဌာနအဆင့်တွင် အားကစားနည်း ခြောက်မျိုး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွင် အားကစားနည်း ၂၃ မျိုးနှင့် မသန်စွမ်းအားကစားနည်း လေးမျိုးတို့ဖြင့် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပသွားမည် ဖြစ်သည်။
အဆိုပါ ပဉ္စမအကြိမ်
အမျိုးသား အားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့မှ
အဖွဲ့ခေါင်းဆောင်များ၊ အသင်းအုပ်ချုပ်သူများ၊ နည်းပြများနှင့်အားကစား သမားများသည် နိုဝင်ဘာ
၂၅ ရက်မှစတင်၍ နေပြည်တော်သို့ ရောက်ရှိနေကြပြီး ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ
လေ့ကျင့်ရေးအားကစားကွင်းများ၊ အားကစားခန်းမများနှင့် အခြေခံပညာကျောင်းများ၌ တက်ကြွလှုပ်ရှားသည့်
အားမာန်များ၊ မလျှော့သောဇွဲလုံ့လ၊ စွဲမြဲသောဝီရိယတို့ဖြင့် လေ့ကျင့်ကြိုးပမ်းလျက်ရှိကြပြီး
ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့်အပေါ် ၎င်းတို့၏ စကားသံများကို ဖော်ပြလိုက်ရပါသည်။
ဒေါ်နှင်းမမဦး
(အုပ်ချုပ်သူ၊ ခရစ်ကက်အသင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်)
ပြည်ထောင်စုနယ်မြေ
နေပြည်တော်ကိုယ်စားပြု ခရစ်ကက်အသင်းအနေနဲ့ အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမား စုစုပေါင်း
၃၉ ဦး ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ အမျိုးသားအားကစား ပွဲတော်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့်
အားကစားသမားတွေကတော့ အရင်နှစ်က တိုင်းဒေသကြီးနဲ့ ပြည်နယ်အားကစားပြိုင်ပွဲတွေမှာ ငွေတံဆိပ်ဆု
ရရှိထားသူတွေ၊ ခရိုင်၊ မြို့နယ်နဲ့ ကျောင်းပေါင်းစုံ ပြိုင်ပွဲတွေကနေ ရွေးချယ်ထားတဲ့သူတွေဖြစ်ပါတယ်။
အားကစားသမားတွေကို ၁၀ လပိုင်းကတည်းက စနစ်တကျကြိုတင် စခန်းသွင်းလေ့ကျင့်သင်ကြားထားတဲ့အတွက်
အခုကျင်းပမယ့်ပွဲတော်ရဲ့ပြိုင်ပွဲမှာ အမျိုးသားအသင်းကို ရွှေတံဆိပ်ရရှိဖို့ မျှော်မှန်းထားပြီး
အမျိုးသမီးအသင်းကိုတော့ ငွေတံဆိပ်ရရှိဖို့ မျှော်မှန်းထားပါတယ်။ အမျိုးသားအားကစားပွဲတော်
ကနေတစ်ဆင့် မျိုးဆက်သစ်လူငယ်တွေအတွက် အခွင့်လမ်းကောင်းတွေရရှိပြီး နိုင်ငံ့အတွက် အားကိုးအားထားပြုရမယ့်
မျိုးဆက်သစ်လူငယ် အားကစားသမားတွေလည်း ပေါ်ထွက်လာမယ်လို့ ယုံကြည်မိပါတယ်။ အခုလိုပွဲတော်ကြီး
ကျင်းပပေးတဲ့အတွက် နိုင်ငံတော်က တာဝန်ရှိသူ အားလုံးကို အားကစားသမားတွေကိုယ်စား အထူးကျေးဇူးတင်ပါတယ်။
မောင်အာကာမိုးမြင့်
(ဗိုဗီနမ်အားကစားသမား၊ နေပြည်တော်)
ကျွန်တော်ဝင်ရောက်ယှဉ်ပြိုင်မယ့်
အားကစားအမျိုးအစားကတော့ ဗိုဗီနမ်တိုက်ခိုက်ရေးပညာ စွမ်းရည်ပြပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ
ဖြစ်ပါတယ်။ နေပြည်တော်ကိုယ်စားပြု ဗိုဗီနမ် အားကစားအဖွဲ့မှာ အားကစားသမား စုစုပေါင်း
၁၂ ဦးနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ စခန်းသွင်းလေ့ကျင့်ခဲ့တာ ၂ လကျော်ရှိပါပြီ။
စတင်စခန်းသွင်းလေ့ကျင့်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်မှုမရှိသေးပါဘူး။ လေ့ကျင့်ချိန်ကြာမြင့်လာတဲ့အခါမှာတော့
ဆရာတွေရဲ့ စနစ်တကျသင်ပြမှုတွေ၊ ပံ့ပိုးမှုတွေ၊ အားပေးမှုတွေကြောင့် အခုဆိုရင် ယုံကြည်မှုအပြည့်ရှိလာပြီး
ဝင်ရောက် ယှဉ်ပြိုင်ဖို့အထိ အဆင်သင့်ဖြစ်နေပါပြီ။ ပြိုင်ပွဲမှာ ဆုတံဆိပ်တွေ ရရှိဖို့အတွက်
အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ အခုပွဲတော်ကြီးမှာ ပြည်ထောင်စုနယ်မြေ
နေပြည်တော်ကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ပြိုင်ပွဲတွေ
စတင်ကျင်းပတဲ့အချိန်မှာ မိဘပြည်သူတွေအနေနဲ့ လာရောက်ကြည့်ရှုအားပေးကြဖို့လည်း ဖိတ်ခေါ်ပါတယ်။
ဦးဝဏ္ဏထွန်း
(ဂျူဒိုအသင်းနည်းပြချုပ်၊ ကချင်ပြည်နယ်)
ပဉ္စမအကြိမ်မြောက်
အမျိုးသားအားကစားပွဲတော် ဂျူဒိုအားကစားပြိုင်ပွဲမှာ ကချင်ပြည်နယ် ကိုယ်စားပြုအနေနဲ့
အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမား စုစုပေါင်း ၂၂ ဦးနဲ့ ဝိတ်တန်းအားလုံးကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာ
ဖြစ်ပါတယ်။ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်နယ်မှူးတွေရဲ့ ထောက်ပံ့မှုကောင်းတွေနဲ့အတူ
အောက်တိုဘာလကနေစ၍ စတင်စခန်းသွင်းလေ့ကျင့်သင်ကြားခဲ့ပြီး ကစားသမားတွေရဲ့ ကြိုးစားမှုတွေကို
မျက်မြင်ကိုယ်တွေ့ဖြစ်တဲ့အတွက် အခုပြိုင်ပွဲမှာ ရွှေကို ရှစ်ခုကနေ ၁၂ ခုအထိ ရရှိမယ်လို့
ယုံကြည်ထားပါတယ်။ အခုလိုပွဲတော်တွေကို စဉ်ဆက်မပြတ် ကျင်းပပေးမယ်ဆိုရင် အားကစားသမားကောင်းတွေ
ပေါ်ထွက်လာမှာဖြစ်တဲ့အပြင် အားကစား သမားဟောင်းတွေကလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးခြင်းမရှိတဲ့
ဒီလိုပွဲတော်ကြီးမှာ သူတို့ရဲ့ အားကစားသမားတွေကို စနစ်တကျလေ့ကျင့်သင်ကြား မွေးထုတ်ပေးနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင်ကျောင်း တွေမှာ ဂျူဒိုအားကစားနည်းကို စနစ်တကျ နှစ်အလိုက်၊ သက်တမ်းအလိုက် ဖွင့်လှစ်သင်ကြားပေးမယ်ဆိုရင်
မျိုးဆက်သစ်ဂျူဒိုအားကစားသမားတွေ ပေါ်ထွက်လာပြီး နိုင်ငံအတွက် ပိုမိုဂုဏ်ဆောင် နိုင်မယ်လို့
မြင်မိပါတယ်။
မောင်ဂျိုဆာဆီ
(ပြေးခုန်ပစ်အားကစားသမား၊ ကချင်ပြည်နယ်)
ကျွန်တော်က ကချင်ပြည်နယ်ပြေးခုန်ပစ်အကယ်ဒမီကနေ
ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်မှာ မီတာ ၅၀၀၀ နဲ့ ၁၀၀၀၀ ပြေးခုန်ပစ်အားကစားပြိုင်ပွဲမှာ
ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့မှာ ကချင်ပြည်နယ်ကိုယ်စားပြုအနေနဲ့
အားကစား သမားအယောက် ၂၀ ပါဝင်ပါတယ်။ အားကစားသမားတွေကို ဩဂုတ်လ ကနေစပြီး နည်းပြတွေရဲ့
စနစ်တကျ သင်ကြားပေးမှုနဲ့အတူစတင်ပြီး စခန်း သွင်းလေ့ကျင့်ခဲ့ပါတယ်။ စခန်းသွင်း လေ့ကျင့်တဲ့ကာလမှာလည်း
ကစားသမားတွေ လိုအပ်မှုမရှိအောင် ဘက်ပေါင်းစုံကနေ ထောက်ပံ့ပေးတဲ့အတွက် ပြည်နယ်ဝန်ကြီးချုပ်နဲ့
တာဝန်ရှိသူအားလုံးကို ကစားသမားတွေကိုယ်စား ကျေးဇူးတင်ပါ တယ်။ ရွှေတံဆိပ်ဆုရရှိပြီး
ကချင်ပြည်နယ်ရဲ့ ဂုဏ်ကိုဆောင်ချင်တဲ့အတွက် ပြိုင်ပွဲမှာ အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်သွားမှာပါ။
အခုလိုနိုင်ငံတော်အဆင့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်မှာ အကယ်ဒမီကစားသမားတစ်ယောက်အနေနဲ့
ပါဝင်ယှဉ်ပြိုင်ခွင့် ရတဲ့အတွက် အတွေ့အကြုံကောင်းတွေရမယ်လို့ ယုံကြည်မိပါတယ်။
ဦးမြင့်သိန်း
(အဖွဲ့ခေါင်းဆောင်၊ ရခိုင်ပြည်နယ်)
ရခိုင်ပြည်နယ်အနေနဲ့
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်မှာ အားကစားနည်း ၁၇ နည်းကို အားကစား သမား စုစုပေါင်း
၃၅၃ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်အဆင့်ပြိုင်ပွဲဝင်တွေကို
ခရိုင်၊ မြို့နယ်ပြိုင်ပွဲတွေ ကျင်းပပြီး အဆင့်ဆင့်ရွေးချယ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်အနေနဲ့
ဝင်ရောက်ယှဉ်ပြိုင်တဲ့ အားကစားနည်းတွေအနက် အတိုက် အခိုက်နည်းတွေဖြစ်တဲ့ သိုင်း၊ ဝူရှူး၊
ကရာတေး၊ ဂျူဒိုပြိုင်ပွဲတွေမှာ ဆုရရှိဖို့မျှော်မှန်းထားပါတယ်။ ၂၀၂၄ ခုနှစ် တိုင်းဒေသကြီးနဲ့
ပြည်နယ် ခရစ်ကက်ပြိုင်ပွဲတွေမှာ အမျိုးသား၊ အမျိုးသမီးဗိုလ်လုပွဲကို ရောက်ရှိပြီး ဆုတွေရရှိခဲ့တဲ့အတွက်
ခရစ်ကက်ကစားနည်းမှာလည်း အဓိကဆုတွေ ရရှိဖို့ မျှော်မှန်းထားပါတယ်။ ဒုတိယအကြိမ်ကျင်းပခဲ့တဲ့
အမျိုးသားအားကစားပွဲတော်မှာ ပြေးခုန်ပစ်အားကစားသမားအနေနဲ့ ပါဝင်ခဲ့ပြီး အခုကျင်းပမယ့်
အမျိုးသားအားကစား ပွဲတော်မှာတော့ ရခိုင်ပြည်နယ်ကိုယ်စားပြု အားကစားအဖွဲ့ အဖွဲ့ခေါင်းဆောင်အနေနဲ့
ပါဝင်ခွင့်ရလို့ ဂုဏ်ယူပီတိဖြစ်မိပါတယ်။
မောင်သန့်ဇင်လင်း
(ဝူရှူးအားကစားသမား၊ ရခိုင်ပြည်နယ်)
နိုင်ငံတော်အဆင့်
ကျင်းပတဲ့ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်မှာ ရခိုင်ပြည်နယ်ကို ကိုယ်စားပြု အားကစားသမားတစ်ယောက်အနေနဲ့
ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ ဝူရှူးအားကစားအဖွဲ့ကို
နေပြည်တော်အားကစား လေ့ကျင့် ရေးစခန်းမှာ ၁၀ လပိုင်းကတည်းက စနစ်တကျ စခန်းသွင်းလေ့ကျင့်ခဲ့တယ်။
လေ့ကျင့်နေတဲ့ ကာလအတွင်းမှာလည်း အားကစားသမားတွေကို ဘက်ပေါင်းစုံ ကနေ လိုအပ်မှုတွေမရှိအောင်
ကူညီ ထောက်ပံ့ပေးတဲ့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။
ကျွန်တော်တို့အဖွဲ့အနေနဲ့ ဆုတွေရရှိဖို့ အဓိကရည်မှန်းပြီး ကြိုးစားလေ့ကျင့်ခဲ့တဲ့အတွက်
ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေပါပြီ။
တွေ့ဆုံမေးမြန်း
ဟိန်းမင်းစိုး၊
ဂျိုင်းလော
ဓာတ်ပုံ - ကျော်စွာဝင်း






No comments:
Post a Comment